၂ ကောရိန္သု
၇ ထို့ကြောင့် ချစ်ရသောသူတို့၊ ငါတို့သည် ထိုကတိတော်များကို ရရှိထားသည်ဖြစ်၍ ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေသောအရာ ရှိသမျှတို့နှင့် ကိုယ်ကိုကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းလျက် ရှိနေကြစို့။
၂ သင်တို့၏စိတ်နှလုံးတွင် ငါတို့ကို နေရာပေးကြလော့။ ငါတို့သည် မည်သူ့ကိုမျှ မပြစ်မှား၊ မည်သူ့ကိုမျှ မဖျက်ဆီး၊ မည်သူ့ထံမှ အခွင့်အရေး မယူကြ။ ၃ သင်တို့ကို အပြစ်တင်ရန် ဤသို့ဆိုခြင်းမဟုတ်။ အကြောင်းမူကား ယခင်က ငါဆိုသည့်အတိုင်း သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ငါတို့စိတ်နှလုံးတွင် သင်တို့ရှိကြ၏။ ၄ ငါသည် သင်တို့ကို အလွန်လွတ်လပ်စွာ ပြောဆို၏။ သင်တို့အတွက် ငါအလွန် ဂုဏ်ယူဝါကြွား၏။ နှစ်သိမ့်ခြင်းနှင့်လည်း ပြည့်စုံ၏။ ငါတို့သည် ဖိစီးမှု အမျိုးမျိုးခံရသော်လည်း အလွန်ဝမ်းမြောက်ကြ၏။
၅ ငါတို့သည် မက်ဆီဒိုးနီးယားပြည်သို့ ရောက်သောအခါ၌ပင် သက်သာရာ မရကြ။ နည်းအမျိုးမျိုးဖြင့် ဖိစီးမှုဝေဒနာ ခံကြရ၏။ အပြင်မှတိုက်ခိုက်ခြင်း၊ အတွင်း၌ စိုးရိမ်ကြောင့်ကြခြင်းရှိ၏။ ၆ သို့သော်လည်း စိတ်ညှိုးငယ်သူတို့ကို နှစ်သိမ့်ပေးတော်မူသော ဘုရားသခင်သည် တိတု ရောက်လာသောအားဖြင့် ငါတို့ကို နှစ်သိမ့်ပေးတော်မူ၏။ ၇ သို့ဖြစ်၍ သူရောက်လာသည့်အတွက်သာမက သင်တို့ကြောင့် သူရရှိသော နှစ်သိမ့်မှု၊ သင်တို့၏ နောင်တရလိုစိတ် ပြင်းပြခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ ငါ့အတွက် သင်တို့ ပူပန်ပေးခြင်း အကြောင်းတို့ကို တစ်ဖန် ကြားသိရသဖြင့် သာ၍ဝမ်းမြောက်၏။
၈ ထို့ကြောင့် ငါ၏စာဖြင့်သင်တို့ကို ဝမ်းနည်းစေလျှင်ပင် ငါသည် စိတ်မကောင်းမဖြစ်။ ထိုစာသည် သင်တို့ကို ခဏသာ ဝမ်းနည်းစေကြောင်း ငါသိမြင်၏။ ငါသည် အစပိုင်းတွင် စိတ်မကောင်း ဖြစ်ခဲ့လျှင်ပင်၊ ၉ ယခု ငါဝမ်းမြောက်၏။ သင်တို့ ဝမ်းနည်းရသောကြောင့် မဟုတ်ဘဲ သင်တို့၏ဝမ်းနည်းခြင်းက သင်တို့ကို နောင်တရစေသောကြောင့်ဖြစ်၏။ အကြောင်းမူကား ငါတို့ကြောင့် သင်တို့ နစ်နာမှုမရှိဘဲ ဘုရားသခင်၏အလိုတော်နှင့်အညီ သင်တို့ ဝမ်းနည်းကြ၏။ ၁၀ အကြောင်းမူကား ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းရစေသော နောင်တကို ဖြစ်ပေါ်စေသဖြင့် စိတ်မကောင်း မဖြစ်သင့်။ လောကနှင့်ဆိုင်သော ဝမ်းနည်းခြင်းမူကား သေခြင်းကို ဖြစ်စေတတ်၏။ ၁၁ အကြောင်းမူကား သင်တို့သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ ထိုသို့ဝမ်းနည်းခြင်းကြောင့် သင်တို့ကို လုံ့လဝီရိယရှိစေ၏။ အပြစ်ကင်းကြောင်း ထုချေပြောဆိုခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ပြင်းပြခြင်း၊ ဇွဲရှိခြင်း၊ အမှားပြုပြင်ခြင်းတို့ကို ဖြစ်စေ၏။ ဤကိစ္စတွင် သင်တို့သည် စင်ကြယ်သူများဖြစ်ကြောင်း နည်းအမျိုးမျိုးဖြင့် တင်ပြခဲ့ကြပြီ။ ၁၂ ငါသည် သင်တို့ထံ စာရေးခဲ့သော်လည်း ပြစ်မှားသူအတွက်လည်းကောင်း၊ ပြစ်မှားခံရသူအတွက်လည်းကောင်း ရေးခြင်းမဟုတ်။ ဘုရားသခင့်ရှေ့တော်တွင် သင်တို့သည် ငါတို့၏စကားကို နားထောင်လိုစိတ် ပြင်းပြကြောင်း ထင်ရှားစေရန် ရေးခြင်းဖြစ်၏။ ၁၃ ထို့ကြောင့် ငါတို့သည် နှစ်သိမ့်မှု ရကြပြီ။
ထိုနှစ်သိမ့်မှုအပြင် တိတု ဝမ်းမြောက်ဝမ်းသာရှိသည့်အတွက်လည်း အလွန်အားရ ပျော်ရွှင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့ရှိသမျှသည် သူ၏ စိတ်ကို လန်းဆန်းစေခဲ့ကြပြီ။ ၁၄ အကြောင်းမူကား ငါသည် သင်တို့အကြောင်းကို သူ့ရှေ့တွင် ဝါကြွားပြောဆိုခဲ့လျှင် ရှက်စရာမဟုတ်။ ငါတို့သည် အရာရာကို သင်တို့အား အမှန်အတိုင်း ပြောဆိုသည့်နည်းတူ တိတု ရှေ့တွင် ငါဝါကြွားသောစကားသည်လည်း အမှန်ဖြစ်ကြောင်း ထင်ရှား၏။ ၁၅ ထို့ပြင် သူသည် သင်တို့ကို သာ၍ ချစ်ခင်စုံမက်လာ၏။ သင်တို့ရှိသမျှ၏ နာခံမှုကိုလည်းကောင်း၊ သင်တို့သည် သူ့ကို အလွန်လေးစားစွာ လက်ခံခဲ့ကြောင်းကိုလည်းကောင်း သူသတိရလျက်ရှိ၏။ ၁၆ ငါသည် သင်တို့ကြောင့် နည်းအမျိုးမျိုးဖြင့် အားပေးခံရ၍ ဝမ်းမြောက်ပါ၏။