ကမ္ဘာဦး
၃၂ ယာကုပ်က ခရီးဆက်သွားတော့ ဘုရားသခင့် ကောင်းကင်တမန်တွေနဲ့ ဆုံတယ်။ ၂ သူတို့ကို တွေ့တာနဲ့ “ဒါ ဘုရားသခင့်တပ်စခန်းပဲ” ဆိုပြီး အဲဒီနေရာကို မဟာနိမ်* လို့နာမည်ပေးတယ်။
၃ အဲဒီနောက် ယာကုပ်က ဧဒုံပြည်လို့ခေါ်တဲ့+ စိရပြည်မှာရှိတဲ့+ အစ်ကိုဧသောဆီ တမန်တွေ ကြိုလွှတ်ပြီး၊ ၄ “သခင့်ကျွန်ယာကုပ် ပြောခိုင်းလိုက်တာက ‘လာဗန်ဆီမှာ ကျွန်တော် အကြာကြီးနေပြီး အခုမှ ပြန်လာတာပါ။+ ၅ သိုး၊ နွား၊ မြည်း၊ ကျွန်တွေ ရခဲ့ပါပြီ။+ သခင့်မျက်နှာသာရဖို့ အခုလို ကြိုပြီး သတင်းပို့ထားတာပါ’” လို့ ပြောခိုင်းတယ်။
၆ တမန်တွေလည်း ယာကုပ်ဆီ ပြန်လာပြီး “သခင့်အစ်ကို ဧသောနဲ့ တွေ့ခဲ့ပါတယ်။ သခင့်ကိုတွေ့ဖို့ လူ ၄၀၀ နဲ့အတူ လာနေပါတယ်”+ လို့ပြောပြတယ်။ ၇ ယာကုပ်က တအားကြောက်ပြီး စိုးရိမ်သွားတယ်။+ ဒါကြောင့် သူ့လူတွေ၊ သိုးနွားတွေ၊ ကုလားအုတ်တွေကို နှစ်စုခွဲလိုက်တယ်။ ၈ “တစ်စုကို ဧသောတိုက်ခဲ့ရင် နောက်တစ်စုတော့ လွတ်ကောင်းပါရဲ့” ဆိုပြီး တွေးမိလို့ပဲ။
၉ အဲဒီနောက် ယာကုပ်က “အဘိုးအာဗြဟံရဲ့ ဘုရား၊ အဖေအိဇက်ရဲ့ ဘုရား၊ ‘မင်းရဲ့တိုင်းပြည်နဲ့ ဆွေမျိုးတွေဆီ ပြန်ပါ။ မင်းကို ငါကောင်းချီးပေးမယ်’ လို့ပြောခဲ့တဲ့ဘုရား ယေဟောဝါ၊+ ၁၀ ကိုယ်တော်ပြခဲ့တဲ့ ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတွေကို+ ကျွန်တော် မခံစားထိုက်ပါဘူး။ ဂျော်ဒန်မြစ်ကို တောင်ဝှေးတစ်ချောင်းနဲ့ပဲ ဖြတ်ကူးခဲ့တာ။ အခုတော့ ကျွန်တော့်မှာ အုပ်စုနှစ်စု ရှိနေပါပြီ။+ ၁၁ အစ်ကိုဧသောရဲ့လက်ကနေ ကယ်တင်ပေးပါလို့ ဆုတောင်းပါတယ်။+ ကျွန်တော့်ကိုရော သားမယားတွေကိုပါ သူတိုက်ခိုက်မှာ စိုးလို့ပါ။+ ၁၂ ကိုယ်တော်က ‘မင်းကို ငါကောင်းချီးပေးမယ်။ မင်းရဲ့မျိုးနွယ်ကို ပင်လယ်သဲပွင့်တွေလို မရေတွက်နိုင်အောင် များပြားစေမယ်’+ လို့ပြောခဲ့ပါပြီ” ဆိုပြီး ဆုတောင်းတယ်။
၁၃ အဲဒီနောက် ယာကုပ်က အဲဒီမှာ ညအိပ်တယ်။ အစ်ကိုဧသောကို လက်ဆောင်တွေပေးဖို့+ သူ့တိရစ္ဆာန်တွေထဲက၊ ၁၄ ဆိတ်မ ၂၀၀၊ ဆိတ်ထီး ၂၀၊ သိုးမ ၂၀၀၊ သိုးထီး ၂၀၊ ၁၅ သားပေါက်ရှိတဲ့ ကုလားအုတ်မ ၃၀၊ နွားမ ၄၀၊ နွားထီး ၁၀၊ မြည်းမ ၂၀၊ မြည်းထီး ၁၀ ကောင်ကို ဖယ်ထားတယ်။+
၁၆ သူ့ကျွန်တွေကို တိရစ္ဆာန်တစ်အုပ်စီ အပ်ပြီး “တစ်အုပ်နဲ့တစ်အုပ်ခြားပြီး ငါ့ရှေ့က ကူးသွားနှင့်ကြ” လို့ပြောတယ်။ ၁၇ ရှေ့ဆုံးကသွားတဲ့ ကျွန်ကို “ငါ့အစ်ကိုဧသောနဲ့ တွေ့လို့ ‘မင်းရဲ့သခင် ဘယ်သူလဲ။ ဘယ်သွားမလို့လဲ။ ဒါတွေက ဘယ်သူ့တိရစ္ဆာန်တွေလဲ’ လို့မေးခဲ့ရင်၊ ၁၈ ‘သခင့်ကျွန်ယာကုပ်ရဲ့ တိရစ္ဆာန်တွေပါ။ သခင်ဧသောအတွက် ပို့လိုက်တဲ့ လက်ဆောင်တွေပါ။+ သူ အနောက်မှာ လာနေပါတယ်’ ဆိုပြီးပြောရမယ်” လို့မှာတယ်။ ၁၉ ဒုတိယကျွန်၊ တတိယကျွန်၊ တိရစ္ဆာန်အုပ်တွေကို မောင်းတဲ့သူအားလုံးကိုလည်း “ဧသောကိုတွေ့ရင် အဲဒီအတိုင်း ပြောပါ။ ၂၀ ‘သခင့်ကျွန်ယာကုပ်က အနောက်မှာ လာနေပါတယ်’ လို့ပြောပါ” ဆိုပြီးမှာတယ်။ ‘လက်ဆောင်ကြိုတင်ပို့ပေးထားတဲ့အတွက် သူစိတ်ပြေပြီး+ ငါ့ကိုတွေ့တဲ့အခါ ကြည်ကြည်ဖြူဖြူ လက်ခံမှာပါ’ ဆိုပြီးတွေးမိလို့ပဲ။ ၂၁ ဒါကြောင့် လက်ဆောင်တွေကို တစ်ဖက်ကမ်း အရင်ပို့ပြီး သူကတော့ အဲဒီည စခန်းမှာ နေခဲ့တယ်။
၂၂ ညရောက်တော့ မယားနှစ်ယောက်၊+ ကျွန်မနှစ်ယောက်၊+ သားငယ် ၁၁ ယောက်ကို ခေါ်ပြီး ယာဗုတ်ချောင်းရဲ့+ ရေတိမ်ပိုင်းကနေ ကူးဖြတ်ကြတယ်။ ၂၃ သူတို့နဲ့အတူ ရှိသမျှအားလုံးကို ချောင်းတစ်ဖက်ပို့လိုက်တယ်။
၂၄ နောက်ဆုံး၊ ယာကုပ်တစ်ယောက်တည်း ကျန်ရစ်တဲ့အခါ လူတစ်ယောက် ရောက်လာပြီး မိုးလင်းခါနီးအထိ သူနဲ့ နပန်းလုံးတယ်။+ ၂၅ နပန်းလုံးရင်း အဲဒီလူက မနိုင်တော့မှန်း သိတဲ့အခါ ယာကုပ်ရဲ့ပေါင်ဆစ်ရိုးကို ပုတ်လိုက်တယ်။ ယာကုပ်ရဲ့ပေါင်ဆစ် လွဲသွားတယ်။+ ၂၆ သူက “ကျုပ်ကို လွှတ်ပါ။ မိုးလင်းတော့မယ်” လို့ပြောတော့ ယာကုပ်က “ကောင်းချီးမပေးမချင်း မလွှတ်ဘူး” လို့ပြန်ပြောတယ်။+ ၂၇ ဒါနဲ့ “ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ” လို့ သူမေးတော့ “ယာကုပ်ပါ” ဆိုပြီးဖြေတယ်။ ၂၈ သူက “လူတွေနဲ့ရော ဘုရားသခင်နဲ့ပါ ယှဉ်ပြိုင်ပြီး+ အနိုင်ရတဲ့အတွက် ခင်ဗျားကို အစ္စရေး*+ လို့ခေါ်ရမယ်။ ယာကုပ်လို့ မခေါ်ရတော့ဘူး” ဆိုပြီးပြောတယ်။ ၂၉ ယာကုပ်ကလည်း “ခင်ဗျားနာမည်ကော” လို့မေးတဲ့အခါ သူက “ကျုပ်နာမည်ကို ဘာလို့မေးတာလဲ”+ လို့ပြောပြီး ယာကုပ်ကို ကောင်းချီးပေးတယ်။ ၃၀ ဒါကြောင့် ယာကုပ်က “ဘုရားသခင်နဲ့ မျက်နှာချင်းဆိုင် တွေ့တာတောင် ငါအသက်ရှင်နေတုန်းပါလား” ဆိုပြီး+ အဲဒီအရပ်ကို ပေနေလ*+ လို့နာမည်ပေးတယ်။
၃၁ ပေနွေလ* အရပ်ကနေ ယာကုပ်ထွက်လာတော့ နေမြင့်နေပြီ။ သူက ပေါင်ဆစ်ရိုးလွဲထားလို့ ထော့နဲ့ထော့နဲ့ ဖြစ်နေတယ်။+ ၃၂ အဲဒီလူက ယာကုပ်ရဲ့ပေါင်ဆစ်ရိုးကို ပုတ်လိုက်တဲ့အတွက် အစ္စရေးလူမျိုးတွေဟာ ပေါင်ဆစ်ရိုးပေါ်က အရွတ်ကို ဒီနေ့ထိ စားလေ့မရှိဘူး။