၁ ဘုရင်များ
၁၄ အဲဒီအချိန်မှာ ယေရောဗောင်ရဲ့ သားအဘိယ ဖျားနေတယ်။ ၂ ဒါနဲ့ ယေရောဗောင်က သူ့မိဖုရားကို “ယေရောဗောင်ရဲ့ မိဖုရားမှန်း မသိအောင် ရုပ်ဖျက်ပြီး ပရောဖက်အဟိယ နေထိုင်တဲ့ ရှိလောမြို့ကို သွားပါ။ သူက ငါ့ကို ဒီလူမျိုးရဲ့ ဘုရင်ဖြစ်လာမယ်လို့ ပြောခဲ့တယ်။+ ၃ မုန့်ဆယ်လုံး၊ မုန့်ပြားတချို့၊ ပျားရည်တစ်ဘူး ယူသွားလိုက်။ ဒီသားလေး ဘယ်လိုဖြစ်မလဲဆိုတာ သူပြောပြလိမ့်မယ်” ဆိုပြီးပြောတယ်။
၄ မိဖုရားလည်း ယေရောဗောင် ပြောတဲ့အတိုင်းပဲ ရှိလောမြို့ကို+ သွားပြီး အဟိယရဲ့အိမ်ကို ရောက်လာတယ်။ အဟိယဟာ အသက်ကြီးနေပြီ။ ရှေ့ကို စိုက်ကြည့်နေပေမဲ့ မျက်စိမမြင်တော့ဘူး။
၅ ဒါပေမဲ့ ယေဟောဝါက အဟိယကို “ယေရောဗောင်ရဲ့ မိဖုရားက ဖျားနေတဲ့သားတော်နဲ့ ပတ်သက်ပြီး မေးမြန်းဖို့ လာနေပြီ။ ငါပြောခိုင်းတဲ့အတိုင်း သူ့ကို ပြောလိုက်ပါ။ သူ ရုပ်ဖျက်ပြီး ရောက်လာလိမ့်မယ်” လို့ ကြိုပြောထားတယ်။
၆ တံခါးဝကို ရောက်လာတဲ့ မိဖုရားရဲ့ခြေသံကို ကြားတာနဲ့ အဟိယက “ယေရောဗောင်ရဲ့ မိဖုရား၊ ဝင်ခဲ့ပါ။ ဘာလို့ ရုပ်ဖျက်ထားတာလဲ။ မင်းကို သတင်းဆိုးပြောပြဖို့ ငါ့ကို ဘုရားသခင် တာဝန်ပေးထားတယ်။ ၇ ယေရောဗောင်ကို ပြန်ပြောလိုက်။ ‘အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါပြောတာက “မင်းကို ငါ့လူမျိုးအစ္စရေးရဲ့ ခေါင်းဆောင်အဖြစ် ပြည်သူပြည်သားတွေထဲကနေ ငါချီးမြှောက်ခဲ့တယ်။+ ၈ ဒါဝိဒ်အမျိုးဆီကနေ နိုင်ငံကို ရုပ်သိမ်းပြီး မင်းကိုပေးခဲ့တယ်။+ ဒါပေမဲ့ မင်းက ငါ့ကျွန်ဒါဝိဒ်လို မဟုတ်ဘူး။ သူဟာ ငါ့ပညတ်ချက်တွေကို လိုက်နာပြီး ငါ့အမြင်မှာ မှန်ရာကိုပဲ လုပ်တယ်။ ငါ့နောက်ကို စိတ်နှလုံးအကြွင်းမဲ့ လိုက်တယ်။+ ၉ မင်းလုပ်ရပ်က အရင်လူတွေထက်တောင် ပိုဆိုးတယ်။ မင်းက တခြားဘုရားတွေလုပ်ပြီး ဝတ်ပြုတယ်။ ရုပ်တုတွေ သွန်းလုပ်ပြီး ငါ့ကို အမျက်ထွက်အောင်လုပ်တယ်။+ ငါ့ကို ကျောခိုင်းသွားတယ်။+ ၁၀ ဒါကြောင့် ယေရောဗောင်အမျိုးပေါ်မှာ ငါ ဘေးဆိုးကျရောက်စေမယ်။ အစ္စရေးပြည်က ခိုကိုးရာမဲ့သူ၊ နိမ့်ကျသူအပါအဝင် ယေရောဗောင်အမျိုးထဲက ယောက်ျားအားလုံးကို ငါပယ်ရှင်းမယ်။+ မစင်တွေကို ရှင်းလင်းသလို ယေရောဗောင်အမျိုးကို လုံးဝမကျန်တော့အောင် ငါရှင်းထုတ်မယ်။ ၁၁ ယေရောဗောင်အမျိုးထဲက ဘယ်သူမဆို မြို့ထဲမှာသေရင် ခွေးတွေစားလိမ့်မယ်။ မြို့ပြင်မှာသေရင် ငှက်တွေစားလိမ့်မယ်။ ဒါဟာ ယေဟောဝါဘုရားရဲ့ အမိန့်ပဲ။”’
၁၂ “အခု နန်းတော်ကို ပြန်ပါ။ မြို့ထဲကို မင်းခြေချတာနဲ့ မင်းရဲ့ကလေး သေလိမ့်မယ်။ ၁၃ အစ္စရေးတွေက ငိုကြွေးမြည်တမ်းပြီး သူ့ကိုသင်္ဂြိုဟ်ကြလိမ့်မယ်။ ယေရောဗောင်အမျိုးထဲက သူ့ဆီမှာပဲ ကောင်းကွက်တစ်ခုကို အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါတွေ့တယ်။ ဒါကြောင့် ယေရောဗောင်ရဲ့ မိသားစုထဲမှာ သူတစ်ယောက်ပဲ သင်္ချိုင်းဂူမှာ သင်္ဂြိုဟ်ခံရလိမ့်မယ်။ ၁၄ ယေဟောဝါဘုရားက ယေရောဗောင်ရဲ့အမျိုးကို ရှင်းပစ်မယ့် အစ္စရေးဘုရင်တစ်ပါးကို မိမိအတွက် အချိန်တန်တဲ့အခါ ပေါ်ထွန်းစေမယ်။+ အခုချက်ချင်းတောင် ပေါ်ထွန်းစေနိုင်တယ်။ ၁၅ ယေဟောဝါဘုရား ဒဏ်ခတ်မှာမို့လို့ အစ္စရေးတွေဟာ ရေထဲမှာ လှုပ်ယမ်းနေတဲ့ကျူပင်လို ဖြစ်သွားလိမ့်မယ်။ သူတို့က ယေဟောဝါဘုရား အမျက်ထွက်အောင် ကိုးကွယ်ရာသစ်တိုင်တွေ* လုပ်ခဲ့တယ်။+ ဒါကြောင့် ကိုယ်တော်က ဘိုးဘေးတွေကိုပေးခဲ့တဲ့ သာယာလှပတဲ့ပြည်ကနေ အစ္စရေးတွေကို နုတ်ပစ်ပြီး+ မြစ်ကြီး* တစ်ဖက်မှာ တကွဲတပြားဖြစ်စေမယ်။+ ၁၆ ကိုယ်တိုင် အပြစ်ကျူးလွန်ရုံမက အစ္စရေးတွေကိုလည်း အပြစ်ကျူးလွန်စေတဲ့ ယေရောဗောင်ရဲ့ အပြစ်ကြောင့် အစ္စရေးတွေကို ကိုယ်တော် စွန့်ပစ်လိမ့်မယ်”+ ဆိုပြီးပြောတယ်။
၁၇ ဒါနဲ့ ယေရောဗောင်ရဲ့ မိဖုရားက ထပြန်သွားပြီး တိရဇာမြို့ကို ရောက်လာတယ်။ နန်းတော်ထဲဝင်တာနဲ့ သားလေးလည်း သေသွားတယ်။ ၁၈ ဒါကြောင့် သားလေးကို သင်္ဂြိုဟ်ပြီး အစ္စရေးအားလုံး ငိုကြွေးမြည်တမ်းကြတယ်။ ဘုရားရဲ့ကျွန် ပရောဖက် အဟိယကတစ်ဆင့် ယေဟောဝါ ပြောခဲ့တဲ့အတိုင်း ဖြစ်လာတယ်။
၁၉ ယေရောဗောင်ရဲ့ ကျန်တဲ့သမိုင်းကြောင်းတွေ၊ စစ်ဆင်နွှဲပုံတွေ၊+ အုပ်ချုပ်ပုံတွေကို အစ္စရေးဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။ ၂၀ ယေရောဗောင်က ၂၂ နှစ် နန်းစံပြီးနောက် ကွယ်လွန်သွားတယ်။+ သားတော်နာဒပ်က ထီးနန်းဆက်ခံတယ်။+
၂၁ အဲဒီအတောအတွင်း ယုဒပြည်ရဲ့ ဘုရင်ကတော့ ရှောလမုန်ရဲ့သား ရောဗောင်ပဲ။ သူနန်းတက်ချိန်မှာ အသက် ၄၁ နှစ်ရှိပြီ။ နာမတော်တည်စေဖို့+ အစ္စရေးအနွယ်အားလုံးရဲ့ မြို့တွေထဲကနေ ယေဟောဝါရွေးချယ်ထားတဲ့ ဂျေရုဆလင်မြို့မှာ+ သူ ၁၇ နှစ် စိုးစံခဲ့တယ်။ မယ်တော်က အမ္မုန်အမျိုးသမီး နေမလို့ခေါ်တယ်။+ ၂၂ ယုဒအမျိုးဟာ ယေဟောဝါရှေ့မှာ မကောင်းမှုကို ဆက်လုပ်ပြီး+ ဘိုးဘေးတွေထက် ပိုအပြစ်ကျူးလွန်တယ်။+ ဒီနည်းနဲ့ အမျက်တော်ထွက်အောင် လုပ်ခဲ့ကြတယ်။ ၂၃ သူတို့က တောင်ကုန်းတွေပေါ်မှာ၊+ စိမ်းလန်းတဲ့အပင်တွေအောက်မှာ+ အထွတ်အမြတ်နေရာတွေ၊ ကိုးကွယ်ရာကျောက်တိုင်တွေ၊ ကိုးကွယ်ရာသစ်တိုင်တွေ*+ ဆက်ပြီးဆောက်လုပ်ကြတယ်။ ၂၄ တိုင်းပြည်မှာ ဗိမာန်ပြည့်တန်ဆာ* လုပ်နေတဲ့ ယောက်ျားတွေလည်း ရှိတယ်။+ အစ္စရေးတွေရှေ့ကနေ ယေဟောဝါနှင်ထုတ်ခဲ့တဲ့ လူမျိုးတွေရဲ့ ရွံမုန်းစရာအကျင့်တွေအတိုင်း လုပ်ကြတယ်။
၂၅ ရောဗောင်မင်းနန်းစံ ငါးနှစ်မြောက်မှာ အီဂျစ်ဘုရင် ရှိရှက်က+ ဂျေရုဆလင်မြို့ကို ချီတက်တိုက်ခိုက်တယ်။+ ၂၆ သူက ယေဟောဝါရဲ့ အိမ်တော်ဘဏ္ဍာတွေ၊ နန်းတော်ဘဏ္ဍာတွေ၊ ရှောလမုန်လုပ်ခဲ့တဲ့ ရွှေဒိုင်းလွှားတွေ အပါအဝင် ရှိသမျှကို သိမ်းယူသွားတယ်။+ ၂၇ ဒါကြောင့် ရောဗောင်မင်းက ရွှေဒိုင်းလွှားအစား ကြေးနီဒိုင်းလွှားတွေ လုပ်ပြီး နန်းတော်တံခါးစောင့်တွေကို* ကြီးကြပ်တဲ့သူတွေဆီ အပ်လိုက်တယ်။ ၂၈ ယေဟောဝါရဲ့ အိမ်တော်ကို ရောဗောင်မင်းလာတဲ့အခါတိုင်း တံခါးစောင့်တွေက အဲဒီဒိုင်းလွှားတွေကို ကိုင်ဆောင်ထားကြတယ်။ ပြီးရင် အဲဒါတွေကို တံခါးစောင့်အခန်းမှာ ပြန်ထားတယ်။
၂၉ ရောဗောင်ရဲ့ ကျန်တဲ့သမိုင်းကြောင်းတွေ၊ လုပ်ဆောင်ခဲ့တာတွေကို ယုဒဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။+ ၃၀ ရောဗောင်နဲ့ ယေရောဗောင်တို့ဟာ အမြဲစစ်တိုက်ခဲ့ကြတယ်။+ ၃၁ နောက်ပိုင်းမှာ ရောဗောင် ကွယ်လွန်သွားတဲ့အတွက် ဒါဝိဒ်မြို့မှာ ဘိုးဘေးတွေနဲ့အတူ သင်္ဂြိုဟ်လိုက်ကြတယ်။+ မယ်တော်က အမ္မုန်အမျိုးသမီး နေမဖြစ်တယ်။+ သားတော်အဘိယံက+ ထီးနန်းဆက်ခံတယ်။