တောလည်ရာ
၃၅ ယေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး မောဘလွင်ပြင်မှာ+ ယေဟောဝါက မောရှေကို မိန့်မှာတယ်– ၂ “အစ္စရေးတွေကို ဒီလိုညွှန်ကြားပါ။ ကိုယ်ရမယ့် အမွေမြေထဲကနေ+ လေဝိအမျိုးသားတွေ နေထိုင်ဖို့ မြို့တွေ၊ မြို့ပတ်လည်က စားကျက်မြေတွေ ပေးရမယ်။+ ၃ မြို့တွေက သူတို့နေထိုင်ဖို့၊ စားကျက်မြေတွေက သိုးနွားတိရစ္ဆာန်တွေ၊ လိုအပ်တဲ့ပစ္စည်းတွေထားဖို့ ဖြစ်တယ်။ ၄ လေဝိအမျိုးသားတွေကို ပေးရမယ့် စားကျက်မြေဟာ မြို့ပတ်လည်မှာ မြို့ရိုးကနေ အတောင် ၁,၀၀၀ အထိ ကျယ်ရမယ်။ ၅ အရှေ့ဘက်မှာ အတောင် ၂,၀၀၀၊ တောင်ဘက်မှာ အတောင် ၂,၀၀၀၊ အနောက်ဘက်မှာ အတောင် ၂,၀၀၀၊ မြောက်ဘက်မှာ အတောင် ၂,၀၀၀ ရှိရမယ်။ ဒါဟာ မြို့တွေရဲ့စားကျက်မြေပဲ။ မြို့က အလယ်ဗဟိုမှာ ရှိရမယ်။
၆ “လေဝိအမျိုးသားတွေကို ပေးရမယ့် မြို့တွေကတော့ လူသတ်မိသူ ထွက်ပြေးနိုင်ဖို့+ ခိုလှုံရာမြို့ ၆ မြို့အပြင်+ နောက်ထပ် ၄၂ မြို့ရှိတယ်။ ၇ စားကျက်မြေအပါအဝင် စုစုပေါင်း ၄၈ မြို့ကို ပေးရမယ်။+ ၈ အစ္စရေးအနွယ်တွေက အုပ်စုကြီးရင် ကြီးသလို၊ ငယ်ရင် ငယ်သလို+ ကိုယ်ပိုင်တဲ့မြို့တွေထဲကနေ+ ပေးရမယ်။ အနွယ်တိုင်းက ကိုယ်ရမယ့် အမွေမြေအပေါ် မူတည်ပြီး လေဝိအမျိုးသားတွေကို မြို့တွေပေးရမယ်။”
၉ ယေဟောဝါက မောရှေကို မှာတယ်– ၁၀ “အစ္စရေးတွေကို ပြောပါ။ ‘မင်းတို့က ဂျော်ဒန်မြစ်ကို ဖြတ်ကူးပြီး ခါနန်ပြည်ထဲ ဝင်ရတော့မယ်။+ ၁၁ သွားလာရလွယ်ကူတဲ့ မြို့တွေကို ခိုလှုံရာမြို့တွေအဖြစ် ရွေးချယ်ပါ။ မတော်တဆ လူသတ်မိသူက အဲဒီကို ထွက်ပြေးရမယ်။+ ၁၂ လူသတ်မိသူက လူထုရှေ့ စစ်ဆေးခံရချိန်မတိုင်ခင် သွေးကြွေးဆပ်မယ့်သူရဲ့+ လက်ချက်နဲ့ မသေရအောင် အဲဒီမြို့တွေမှာ သွားခိုလှုံရမယ်။+ ၁၃ ခိုလှုံရာမြို့ ၆ မြို့က အဲဒီရည်ရွယ်ချက်အတွက်ပဲ။ ၁၄ ဂျော်ဒန်မြစ်ရဲ့ ဒီဘက်မှာ+ ၃ မြို့၊ ခါနန်ပြည်ဘက်မှာ+ ၃ မြို့ ရှိရမယ်။ ၁၅ ဒီမြို့ ၆ မြို့ဟာ အစ္စရေးတွေဖြစ်စေ၊ အမြဲ ဒါမှမဟုတ် ခေတ္တလာနေထိုင်တဲ့ တိုင်းတစ်ပါးသားဖြစ်စေ+ မတော်တဆ လူသတ်မိသူတိုင်း ထွက်ပြေးရမယ့် ခိုလှုံရာမြို့တွေပဲ။+
၁၆ “‘လူတစ်ယောက်ကို သံထည်တစ်ခုခုနဲ့ရိုက်လို့ သေသွားရင် လူသတ်မှုပဲ။ လူသတ်သမားကို သေဒဏ်ပေးရမယ်။+ ၁၇ ကျောက်တုံးနဲ့ပေါက်လို့ သေသွားရင် လူသတ်မှုပဲ။ လူသတ်သမားကို သေဒဏ်ပေးရမယ်။ ၁၈ သစ်သားထည်တစ်ခုခုနဲ့ ရိုက်လို့ သေသွားရင် လူသတ်မှုပဲ။ လူသတ်သမားကို သေဒဏ်ပေးရမယ်။
၁၉ “‘သွေးကြွေး ဆပ်မယ့်သူက လူသတ်သမားကို တွေ့ရင် ကိုယ်တိုင်သတ်ရမယ်။ ၂၀ မုန်းတီးစိတ်ကြောင့် တွန်းချလိုက်လို့ ဒါမှမဟုတ် မလိုတမာစိတ်ကြောင့် တစ်ခုခုနဲ့ ပစ်ပေါက်လိုက်လို့ သေသွားတယ်ဆိုရင်၊+ ၂၁ မုန်းတီးစိတ်ကြောင့် လက်နဲ့ရိုက်လို့ သေသွားတယ်ဆိုရင် သတ်တဲ့သူကို သေဒဏ်ပေးရမယ်။ သူဟာ လူသတ်သမားပဲ။ သွေးကြွေးဆပ်မယ့်သူက လူသတ်သမားကို တွေ့ရင် သတ်ရမယ်။
၂၂ “‘မုန်းတီးစိတ်ကြောင့် မဟုတ်ဘဲ မတော်တဆတွန်းမိလို့၊ မလိုတမာစိတ်ကြောင့်မဟုတ်ဘဲ တစ်ခုခုနဲ့ပစ်မိလို့၊+ ၂၃ ရန်ငြိုးမရှိ၊ ထိခိုက်စေချင်တဲ့စိတ်လည်း မရှိဘဲ မမြင်တဲ့အတွက် ကျောက်တုံးပစ်ချမိလို့ လူသေသွားတယ်ဆိုရင်၊ ၂၄ လူတွေက သတ်တဲ့သူနဲ့ သွေးကြွေးဆပ်မယ့်သူကို အဲဒီပညတ်တွေအတိုင်း ဆုံးဖြတ်ပေးရမယ်။+ ၂၅ လူသတ်မိသူကို သွေးကြွေးဆပ်မယ့်သူရဲ့ လက်ကနေကယ်ပြီး သူထွက်ပြေးခိုလှုံခဲ့တဲ့ ခိုလှုံရာမြို့ဆီ ပြန်ပို့ပေးရမယ်။ သူက သန့်ရှင်းတဲ့ဆီနဲ့+ ဘိသိက်ပေးခံရတဲ့ ပုရောဟိတ်မင်း သေဆုံးချိန်အထိ အဲဒီမြို့မှာ နေထိုင်ရမယ်။
၂၆ “‘လူသတ်မိသူက ခိုလှုံရာမြို့ရဲ့နယ်နိမိတ် အပြင်ဘက်ကို ထွက်တဲ့အတွက်၊ ၂၇ သွေးကြွေးဆပ်မယ့်သူက လူသတ်မိသူကို နယ်နိမိတ်အပြင်ဘက်မှာ တွေ့ပြီး သတ်လိုက်တယ်ဆိုရင် သူ့မှာအပြစ်မရှိဘူး။ ၂၈ လူသတ်မိသူက ပုရောဟိတ်မင်း သေဆုံးချိန်အထိ ခိုလှုံရာမြို့ထဲမှာပဲ နေရမယ်။ ပုရောဟိတ်မင်း သေပြီးရင်တော့ ကိုယ့်နေရပ်ကို ပြန်နိုင်တယ်။+ ၂၉ ဒါဟာ မင်းတို့ နေထိုင်တဲ့ဒေသတိုင်းမှာ လူမျိုးအစဉ်အဆက် လိုက်နာရမယ့် ဥပဒေတွေပဲ။
၃၀ “‘သက်သေတွေရဲ့ ထွက်ဆိုချက်ရှိရင်+ လူသတ်တဲ့သူကို လူသတ်မှုနဲ့ သေဒဏ်စီရင်ရမယ်။+ သက်သေထွက်ဆိုသူ တစ်ယောက်ပဲ ရှိရင်တော့ သူ့ကို သေဒဏ်မစီရင်ရဘူး။ ၃၁ သေဒဏ်ခံထိုက်တဲ့ လူသတ်သမားရဲ့ အသက်အတွက် ရွေးဖိုးပေးရင် မယူရဘူး။ သူ့ကို သေဒဏ်စီရင်ရမယ်။+ ၃၂ ခိုလှုံရာမြို့မှာ လာခိုတဲ့သူက ပုရောဟိတ်မင်း မသေခင် ကိုယ့်နေရပ်ပြန်ချင်လို့ ရွေးဖိုးပေးရင်လည်း မယူရဘူး။
၃၃ “‘ကိုယ်နေထိုင်တဲ့ တိုင်းပြည်ကို လူသတ်မှုကြောင့် မညစ်ညူးစေနဲ့။+ တိုင်းပြည်မှာ သွေးစွန်းရင် လူသတ်သူကို ပြန်ကွပ်မျက်လိုက်တာကလွဲလို့ တခြားနည်းနဲ့ အပြစ်ဖြေလို့ မရနိုင်ဘူး။+ ၃၄ မင်းတို့နေထိုင်တဲ့ပြည်၊ ငါစံမြန်းတဲ့ပြည်ကို မညစ်ညူးစေနဲ့။ ငါယေဟောဝါဟာ အစ္စရေးတွေအလယ်မှာ စံမြန်းနေလို့ပဲ။’”+