ယောရှု
၃ ယောရှုက မနက်စောစော ထပြီး အစ္စရေးတွေနဲ့အတူ ရှိတိမ်အရပ်ကနေ ထွက်ခွာလာတယ်။+ ဂျော်ဒန်မြစ်ကို ရောက်လာတဲ့အခါ မဖြတ်ကူးသေးဘဲ မြစ်နားမှာ ညအိပ်ကြတယ်။
၂ သုံးရက်ကြာပြီးနောက် လက်ထောက်ခေါင်းဆောင်တွေက+ စခန်းတစ်လျှောက် သွားပြီး၊ ၃ “ယေဟောဝါဘုရားရဲ့ ပဋိညာဉ်သေတ္တာကို လေဝိအနွယ် ပုရောဟိတ်တွေ ထမ်းတာကိုတွေ့တာနဲ့+ ကိုယ့်နေရာကနေ ထွက်ခွာပြီး သူတို့နောက်ကို လိုက်ရမယ်။ ၄ ကပ်မလိုက်ကြနဲ့။ အတောင် ၂,၀၀၀* လောက် ခွာပြီး လိုက်ကြပါ။ ဒါဆိုရင် တစ်ခါမှ မသွားဖူးတဲ့လမ်းကို ဘယ်လိုသွားရမယ်ဆိုတာ သိနိုင်မယ်” ဆိုပြီး လူတွေကို မှာတယ်။
၅ ယောရှုက “မနက်ဖြန်ကျရင် ယေဟောဝါက ခင်ဗျားတို့အလယ်မှာ အံ့ဖွယ်အမှုတွေ လုပ်မှာဖြစ်လို့+ ကိုယ်ကို သန့်ရှင်းစေကြပါ”+ ဆိုပြီး လူတွေကို ပြောတယ်။
၆ ပြီးတော့ ယောရှုက ပုရောဟိတ်တွေကို “ပဋိညာဉ်သေတ္တာ ထမ်းပြီး+ ရှေ့က သွားကြပါ” လို့ပြောတော့ သူတို့လည်း ပဋိညာဉ်သေတ္တာ ထမ်းပြီး ရှေ့က သွားကြတယ်။
၇ ယေဟောဝါက ယောရှုကို “ဒီနေ့ကစပြီး အစ္စရေးတွေရှေ့မှာ မင်းကို ငါချီးမြှောက်မယ်။+ ငါဟာ မောရှေနဲ့အတူ ရှိခဲ့သလို မင်းနဲ့လည်း အတူရှိမယ်ဆိုတာ သူတို့ သိကြလိမ့်မယ်။+ ၈ ပဋိညာဉ်သေတ္တာ ထမ်းတဲ့ ပုရောဟိတ်တွေကို ‘ဂျော်ဒန်မြစ်ရေစပ်နား ရောက်တာနဲ့ ရပ်နေကြပါ’+ ဆိုပြီး ပြောပါ” လို့မှာကြားတယ်။
၉ ယောရှုကလည်း အစ္စရေးတွေကို “ဒီနားလာပြီး ယေဟောဝါဘုရားရဲ့ စကားတွေကို နားထောင်ကြပါ။ ၁၀ အသက်ရှင်တဲ့ ဘုရားသခင်ဟာ ခင်ဗျားတို့အလယ်မှာ ရှိတယ်၊+ ခင်ဗျားတို့ရှေ့ကနေ ခါနန်၊ ဟိတ္တိ၊ ဟိဝိ၊ ဖေရဇိ၊ ဂိရဂါရှိ၊ အာမောရိ၊ ယေဗုသိလူမျိုးတွေကို ကျိန်းသေ မောင်းထုတ်မယ်ဆိုတာ ဒီနည်းနဲ့ ခင်ဗျားတို့ သိရလိမ့်မယ်။+ ၁၁ ကြည့်လိုက်ပါ။ မြေတစ်ပြင်လုံးကို ပိုင်စိုးတဲ့သခင်ရဲ့ ပဋိညာဉ်သေတ္တာက ဂျော်ဒန်မြစ်ကို ရှေ့ကနေ ဖြတ်ကူးနေပြီ။ ၁၂ အခု၊ အစ္စရေးတစ်နွယ်မှာ တစ်ယောက်စီ၊ လူ ၁၂ ယောက်ကို ရွေးလိုက်ပါ။+ ၁၃ မြေတစ်ပြင်လုံးကို ပိုင်စိုးတဲ့သခင် ယေဟောဝါရဲ့ သေတ္တာတော်ကို ထမ်းတဲ့ ပုရောဟိတ်တွေက ဂျော်ဒန်မြစ်ရေထဲ ခြေချလိုက်တာနဲ့ မြစ်ညာကနေ စီးဆင်းလာတဲ့ရေတွေ တာရိုးနဲ့ပိတ်လိုက်သလို ရပ်တန့်သွားမယ်”+ လို့ပြောတယ်။
၁၄ ဂျော်ဒန်မြစ်ကို မဖြတ်ကူးခင် စခန်းချတဲ့နေရာကနေ လူတွေ ထွက်ခွာလာချိန်မှာ ပဋိညာဉ်သေတ္တာထမ်းတဲ့ ပုရောဟိတ်တွေက+ ရှေ့ကနေ သွားကြတယ်။ ၁၅ ပဋိညာဉ်သေတ္တာထမ်းတဲ့ ပုရောဟိတ်တွေက ဂျော်ဒန်မြစ်နား ရောက်လာပြီး ရေစပ်မှာ ခြေချလိုက်တာနဲ့၊ (အခုလိုရိတ်သိမ်းချိန်မှာ ဂျော်ဒန်မြစ်ရေ လျှံနေတတ်တယ်။)+ ၁၆ မြစ်ညာကနေ စီးဆင်းလာတဲ့ ရေတွေ တန့်သွားတယ်။ အလှမ်းဝေးတဲ့ ဇာရတန်အရပ်နားက အာဒံမြို့မှာ တာရိုးနဲ့ပိတ်လိုက်သလို ရေတွေ တန့်သွားတယ်။ အရာဗာအိုင်လို့ခေါ်တဲ့ ဆားငန်အိုင်ဘက် စီးဆင်းတဲ့ ရေလည်း ခန်းသွားတယ်။ မြစ်ရေ တန့်သွားတဲ့အတွက် လူတွေက တစ်ဖက်ကမ်းမှာရှိတဲ့ ယေရိခေါမြို့ဆီ ဖြတ်ကူးကြတယ်။ ၁၇ ခြောက်သွေ့တဲ့ မြစ်ကြမ်းပြင်ပေါ် လူတွေ ဖြတ်သွားချိန်မှာ+ ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို ထမ်းတဲ့ ပုရောဟိတ်တွေက ဂျော်ဒန်မြစ်အလယ်၊ ခြောက်သွေ့တဲ့ မြစ်ကြမ်းပြင်မှာ ငြိမ်ငြိမ်လေး ရပ်နေကြတယ်။+ မြစ်တစ်ဖက်ကမ်းကို အစ္စရေးတစ်မျိုးလုံး ဖြတ်ကူးပြီးချိန်အထိ ရပ်နေကြတယ်။