ယောဘ
၇ “ကမ္ဘာပေါ်က သေမျိုးဖြစ်တဲ့လူသားတွေရဲ့ ဘဝဟာ ခက်ခဲ ပင်ပန်းလိုက်တာ။
သူအသက်ရှင်ရတဲ့ နေ့ရက်တွေဟာ စာရင်းငှားတစ်ယောက်ရဲ့ နေ့ရက်တွေလိုပါပဲ။+
၂ ကျွန်တစ်ယောက်လို အရိပ်ကို တောင့်တနေရတယ်။
စာရင်းငှားတစ်ယောက်လို လုပ်ခကို မျှော်နေရတယ်။+
၃ ကျုပ်ပိုင်ဆိုင်လိုက်ရတာက အကျိုးမရှိတဲ့ လတွေပါပဲ။
ကျုပ်ရလိုက်တာက ဒုက္ခညတွေပါပဲ။+
၄ ‘ဘယ်အချိန်ကျမှ နိုးထရမှာလဲ’ လို့ ညည်းတွားပြီး အိပ်နေရတယ်။+
ညတာရှည်လွန်းလို့ မိုးသောက်ချိန်အထိ လူးလှိမ့်နေရတယ်။
၅ ကျုပ်ရဲ့ကိုယ်ပေါ်မှာ လောက်တွေ တွယ်ပြီး ရွှံ့ခဲတွေ ကပ်နေတယ်။+
အရေပြားပေါ်မှာလည်း ပြည်တွေ ယိုစီးပြီး အနာဖေးတွေ ဗရပွနဲ့။+
၆ ကျုပ်ရဲ့နေ့ရက်တွေဟာ ကုန်မြန်လိုက်တာ။ ရက်ကန်းသမရဲ့ လွန်းထက်တောင် မြန်သေးတယ်။+
ဘာမျှော်လင့်ချက်မှ မရှိဘဲ ကုန်ဆုံးသွားတယ်။+
၇ အို ဘုရားသခင်၊ ကျွန်တော့်အသက်ဟာ လေလိုပဲ၊+
ပျော်ရွှင်မှုကို ကျွန်တော် မြင်ရတော့မှာ မဟုတ်ဘူးဆိုတာ သတိရပေးပါဦး။
၈ အခု ကျွန်တော့်ကိုမြင်ရပေမယ့် နောက်ဆို မြင်ရတော့မှာ မဟုတ်ဘူး။
ကျွန်တော့်ကို ရှာတဲ့အခါ တွေ့တော့မှာ မဟုတ်ဘူး။+
၉ လွင့်မျောပျောက်ကွယ်သွားတဲ့ တိမ်တွေလိုပဲ
သင်္ချိုင်းထဲ ဆင်းသွားသူကလည်း ပြန်မလာတော့ဘူး။+
၁၀ သူ့အိမ်ကို ပြန်မလာတော့ဘူး။
သူ့နေရပ်မှာရှိတဲ့ လူတွေကလည်း သူ့ကို မေ့သွားကြလိမ့်မယ်။+
၁၁ ဒါကြောင့် ကျွန်တော် နှုတ်ဆိတ်မနေတော့ဘူး။
စိတ်ပျက်ပျက်နဲ့ ပြောတော့မယ်။
ခါးသီးနာကြည်းစိတ်နဲ့ ညည်းလိုက်တော့မယ်။+
၁၂ ကျွန်တော့်ကို စောင့်ကြပ်ထားရအောင် ကျွန်တော်ဟာ ပင်လယ်ကြီး မို့လို့လား။
ပင်လယ်သတ္တဝါကြီး မို့လို့လား။
၁၃ ‘အိပ်ရာထဲမှာနေရင် သက်သာသွားမှာပါ၊
အိပ်ရာပေါ်လှဲလိုက်ရင် သောကကင်းဝေးသွားမှာပါ’ လို့ပြောနေတုန်းမှာပဲ၊
၁၄ ကိုယ်တော်က ကျွန်တော့်ကို အိပ်မက်ဆိုးတွေနဲ့ ခြောက်လှန့်ပြီး
စိတ်အာရုံတွေနဲ့ ထိတ်လန့်စေတယ်။
၁၅ ဒါကြောင့် ကျွန်တော် အသက်ရှူကျပ်ပြီးတော့သာ သေလိုက်ချင်တယ်။
ဒီခန္ဓာကိုယ်နဲ့ အသက်ရှင်နေရတာထက် သေသာသေလိုက်ချင်တော့တယ်။+
၁၆ အသက်ရှင်ရတာကို ရွံမုန်းလှပြီ။+ ဆက်အသက် မရှင်ချင်တော့ဘူး။
ကျွန်တော့်နေ့ရက်တွေဟာ ပင့်သက်တစ်ရှိုက်စာပဲ ဖြစ်နေလို့ ကျွန်တော့်ကို ပစ်ထားလိုက်ပါတော့။+
၁၇ သေမျိုးဖြစ်တဲ့လူက ဘယ်သူမို့လို့ ကိုယ်တော် ဂရုစိုက်နေရတာလဲ။
ဘယ်သူမို့လို့ အာရုံစိုက်နေရတာလဲ။+
၁၈ သူ့ကို ဘာလို့ မနက်တိုင်း စစ်ဆေးနေတာလဲ။
ဘာလို့ တစ်ချိန်လုံး စမ်းသပ်နေတာလဲ။+
၁၉ ကျွန်တော့်ကို အကြည့် မလွှဲနိုင်ဘူးလား။
တံတွေးမျိုချိန် တစ်ခဏလေးတောင် အလွတ်မပေးနိုင်ဘူးလား။+
၂၀ ကျွန်တော် အပြစ်လုပ်ခဲ့ရင်တောင် လူသားတွေကို စောင့်ကြည့်တဲ့အရှင် ကိုယ်တော့်ကို ထိခိုက်မှာ မို့လို့လား။+
ကျွန်တော့်ကို ဘာလို့ ပစ်မှတ်ထားရတာလဲ။
ကျွန်တော်ဟာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေလို့လား။
၂၁ ကျွန်တော့်အပြစ်ကို ဘာလို့ မဖြေလွှတ်တာလဲ။
ကျွန်တော့်အမှားကို ဘာလို့ ခွင့်မလွှတ်တာလဲ။
မကြာခင် မြေမှုန့်ထဲမှာ ကျွန်တော် အိပ်ရတော့မယ်။+
ကိုယ်တော်ရှာရင်တောင် တွေ့တော့မှာ မဟုတ်ဘူး။”