၂ ရှမွေလ
၁၈ ဒါဝိဒ်က သူ့လူတွေကို ရေတွက်ပြီး လူတစ်ထောင်အုပ်၊ တစ်ရာအုပ်တွေ ခန့်ထားတယ်။+ ၂ လူသုံးစုခွဲပြီး တစ်စုကို ယွာဘလက်အောက်မှာ၊+ နောက်တစ်စုကို ဇေရုယာရဲ့သား၊+ ယွာဘရဲ့အစ်ကို အဘိရှဲလက်အောက်မှာ၊+ နောက်တစ်စုကို ဂါသမြို့သား အိတဲလက်အောက်မှာ+ ထားလိုက်တယ်။ ပြီးတော့ “ငါကိုယ်တိုင် မင်းတို့နဲ့အတူ ချီတက်မယ်” လို့ပြောတဲ့အခါ၊ ၃ လူတွေက “မင်းကြီး မလိုက်ပါနဲ့။+ ကျွန်တော်တို့ ထွက်ပြေးတာပဲဖြစ်ဖြစ်၊ တစ်ဝက်လောက် သေတာပဲဖြစ်ဖြစ် သူတို့ အရေးလုပ်မှာ မဟုတ်ဘူး။ မင်းကြီးဟာ ကျွန်တော်တို့လူ ၁၀,၀၀၀ ထက် ပိုမြတ်ပါတယ်။+ ဒါကြောင့် မြို့ထဲမှာပဲ နေရစ်ပြီး ကျွန်တော်တို့ကို ကူညီပေးရင် ပိုကောင်းပါလိမ့်မယ်” လို့ပြောကြတယ်။ ၄ ဒါနဲ့ ဒါဝိဒ်မင်းက “မင်းတို့ ကောင်းမယ်ထင်တဲ့အတိုင်း ငါလုပ်မယ်” လို့ပြောပြီး မြို့တံခါးနားမှာ ကျန်နေရစ်တယ်။ စစ်သည်တွေက တစ်ရာတပ်၊ တစ်ထောင်တပ်အလိုက် ထွက်သွားကြတယ်။ ၅ အဲဒီအခါ ဒါဝိဒ်က “ငါ့မျက်နှာကို ထောက်ပြီး ငါ့သား အဗရှလုံကို သက်ညှာကြပါ”+ လို့ ယွာဘ၊ အဘိရှဲနဲ့ အိတဲကို မှာလိုက်တယ်။ ဗိုလ်ချုပ်တွေကို အဲဒီလိုမှာလိုက်တာ လူအားလုံး ကြားတယ်။
၆ ဒါဝိဒ်ရဲ့လူတွေက အစ္စရေးတွေနဲ့ တိုက်ဖို့ စစ်မြေပြင်ကို ထွက်လာတယ်။ ဧဖရိမ်တောမှာ တိုက်ပွဲဖြစ်တော့၊+ ၇ ဒါဝိဒ်ရဲ့လူတွေလက်ချက်နဲ့ အစ္စရေးတွေ+ အရေးနိမ့်သွားတယ်။+ အဲဒီနေ့မှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီး လူ ၂၀,၀၀၀ ကျဆုံးတယ်။ ၈ တိုက်ပွဲက အဲဒီဒေသတစ်ခုလုံးကို ကူးသွားတယ်။ အဲဒီနေ့မှာ ဓားကြောင့်သေတဲ့သူထက် တောထဲမှာ အန္တရာယ်ကြုံလို့ သေတဲ့သူ ပိုများနေတယ်။
၉ နောက်ဆုံးမှာ အဗရှလုံက ဒါဝိဒ်ရဲ့လူတွေနဲ့ ပက်ပင်းတိုးတော့ လားကို စီးပြီး ထွက်ပြေးတယ်။ လားက အုပ်ဆိုင်းနေတဲ့ သစ်ပင်ကြီးအောက်ကို ပြေးဝင်သွားတဲ့အတွက် အဗရှလုံရဲ့ဆံပင်က သစ်ကိုင်းနဲ့ငြိပြီး လေထဲမှာ တွဲလောင်းဖြစ်နေတယ်။ လားကတော့ ရှေ့ကိုဆက်ပြေးတယ်။ ၁၀ လူတစ်ယောက်က သူအဲဒီလိုဖြစ်နေတာကို မြင်တဲ့အခါ “သစ်ပင်ကြီးမှာ အဗရှလုံ တွဲလောင်းဖြစ်နေတာ တွေ့ခဲ့တယ်” လို့ သတင်းလာပေးတယ်။ ၁၁ ယွာဘက+ “တွေ့ရင်လည်း အဲဒီနေရာမှာပဲ တစ်ခါတည်း သတ်ပစ်လိုက်ပါလား။ မင်းအတွက် ဆုလာဘ်အဖြစ် ငွေစတစ်ဆယ်နဲ့ ခါးစည်းကြိုးကို ပေးမှာပေါ့” ဆိုတော့၊ ၁၂ အဲဒီလူက “ကျွန်တော် ငွေစ ၁,၀၀၀ ရမယ်ဆိုရင်တောင် ဘုရင့်သားတော်ကို ထိခိုက်အောင် မလုပ်ပါဘူး။ မင်းကြီးက ‘ငါ့သား အဗရှလုံကို ကာကွယ်စောင့်ရှောက်ကြပါ’ ဆိုပြီး အရှင့်ကိုရော အဘိရှဲနဲ့ အိတဲကိုပါ မိန့်မှာလိုက်တာ ကျွန်တော်တို့ ကြားပါတယ်။+ ၁၃ အဲဒီအမိန့်ကို မနာခံဘဲ သတ်လိုက်မယ်ဆိုရင် ဒီသတင်းကို မင်းကြီးကြားမှာ သေချာတယ်။ အရှင်ကလည်း ကျွန်တော့်ကို ကာကွယ်ပေးမှာ မဟုတ်ဘူး” လို့ဖြေတယ်။ ၁၄ ဒါနဲ့ ယွာဘက “ငါ မင်းနဲ့ ထပ်ပြီး အချိန်မဖြုန်းတော့ဘူး” ဆိုပြီး လှံတိုသုံးစင်းကို ယူလိုက်တယ်။ ပြီးတော့ သစ်ပင်မှာ အသက်ရှင်လျက် တွဲလောင်းဖြစ်နေတဲ့ အဗရှလုံရဲ့ရင်ကို ထုတ်ချင်းပေါက်အောင် ပစ်လိုက်တယ်။ ၁၅ ယွာဘရဲ့လက်နက်ကိုင် ဆယ်ယောက်လည်း ရောက်လာပြီး အဗရှလုံကို အသေသတ်ကြတယ်။+ ၁၆ အဲဒီနောက် ယွာဘ တံပိုးမှုတ်လိုက်တဲ့အခါ လူတွေက အစ္စရေးတွေကို ဆက်မလိုက်တော့ဘဲ ပြန်လာကြတယ်။ ယွာဘလည်း ဆက်မလိုက်နဲ့တော့ဆိုပြီး အမိန့်ပေးတယ်။ ၁၇ ပြီးတော့ အဗရှလုံရဲ့အလောင်းကို တောထဲက တွင်းကြီးထဲပစ်ချပြီး အဲဒီပေါ်မှာ ကျောက်ပုံကြီး ပုံထားလိုက်တယ်။+ အစ္စရေးအားလုံးကတော့ ကိုယ့်အိမ်ကိုယ့်ရာဆီ ထွက်ပြေးကြတယ်။
၁၈ အဗရှလုံ အသက်ရှင်တုန်းက “ငါ့နာမည် မပျောက်ပျက်အောင် ထိန်းသိမ်းမယ့်သား ငါ့မှာ မရှိဘူး”+ ဆိုပြီး ဘုရင့်ချိုင့်ဝှမ်းမှာ+ ကျောက်တိုင် စိုက်ထူထားတယ်။ အဲဒီကျောက်တိုင်ကို သူ့နာမည်နဲ့ မှည့်ခေါ်တဲ့အတွက် ဒီနေ့အထိ အဗရှလုံကျောက်တိုင်လို့ ခေါ်ကြတုန်းပဲ။
၁၉ ဇာဒုတ်ရဲ့သား အဟိမတ်က+ “ယေဟောဝါဘုရားက မင်းကြီးကို ရန်သူတွေလက်ကနေ ကယ်လွှတ်ပြီး တရားမျှတစွာ စီရင်ပေးလိုက်ပြီဆိုတော့+ ကျွန်တော် ပြေးသွားပြီး မင်းကြီးကို သတင်းပေးပါရစေ” လို့ ပြောတယ်။ ၂၀ ဒါပေမဲ့ ယွာဘက “ဒီနေ့တော့ သတင်းသွားမပေးနဲ့။ နောက်နေ့ကျမှ သတင်းပေးပါ။ သားတော်သေဆုံးတဲ့အတွက် ဒီနေ့တော့ မသွားနဲ့”+ လို့ပြောတယ်။ ၂၁ အဲဒီနောက် ယွာဘက ကုရှလူတစ်ယောက်ကို+ “မင်းမြင်ခဲ့တာတွေ မင်းကြီးဆီ သွားပြောပြပါ” ဆိုတော့ ကုရှလူလည်း ယွာဘကို ဦးညွှတ်ပြီး ပြေးသွားတယ်။ ၂၂ အဲဒီအခါ ဇာဒုတ်ရဲ့သား အဟိမတ်က “ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်လည်း ကုရှလူနောက်ကနေ ပြေးသွားပါရစေ” လို့ ထပ်ပြီးခွင့်တောင်းတယ်။ ဒါပေမဲ့ ယွာဘက “ငါ့သား၊ ပြောစရာသတင်းလည်း မရှိဘဲနဲ့ ဘာလို့ပြေးသွားမှာလဲ” ဆိုပြီးပြောတယ်။ ၂၃ ဒါပေမဲ့ အဟိမတ်က “ဘာပဲဖြစ်ဖြစ်၊ ကျွန်တော် ပြေးသွားပါရစေ” လို့ထပ်ပြီး ခွင့်တောင်းတဲ့အခါ ယွာဘက “ဒါဆိုလည်း ပြေး” ဆိုပြီး ခွင့်ပြုလိုက်တယ်။ အဟိမတ်လည်း ဂျော်ဒန်မြစ်ဝှမ်းဒေသ လမ်းအတိုင်း ပြေးသွားတော့ ကုရှလူကို ကျော်သွားတယ်။
၂၄ အဲဒီအချိန်မှာ ဒါဝိဒ်မင်းက မြို့အပြင်တံခါးနဲ့ အတွင်းတံခါးကြားမှာ ထိုင်နေတယ်။+ ကင်းစောင့်က+ မြို့တံခါးအမိုးပေါ် တက်ပြီး လှမ်းကြည့်လိုက်တဲ့အခါ လူတစ်ယောက် ပြေးလာတာ တွေ့တယ်။ ၂၅ ဒါနဲ့ မင်းကြီးဆီ အော်ပြီးသတင်းပို့တော့ မင်းကြီးက “တစ်ယောက်တည်းဆိုရင် သတင်းပါမှာပဲ” လို့ပြောတယ်။ အဲဒီလူက တဖြည်းဖြည်း အနားရောက်လာတယ်။ ၂၆ ကင်းစောင့်က နောက်တစ်ယောက် ပြေးလာတာကို တွေ့တော့ တံခါးမှူးကို “နောက်တစ်ယောက် ပြေးလာပြန်ပြီ” လို့ပြောတယ်။ မင်းကြီးက “သူ့မှာလည်း သတင်းပါလိမ့်မယ်” လို့ပြောတယ်။ ၂၇ ကင်းစောင့်က “ပထမလူ ပြေးတဲ့ပုံက ဇာဒုတ်ရဲ့သား အဟိမတ်နဲ့ တူတယ်”+ လို့ပြောတဲ့အခါ မင်းကြီးက “သူဟာ လူကောင်းပဲ၊ သတင်းကောင်း ပါလာတာဖြစ်မယ်” လို့ပြောတယ်။ ၂၈ အဟိမတ်က “သတင်းကောင်း ပါလာပါတယ်” လို့ အော်ပြောပြီး မင်းကြီးရှေ့မှာ ဦးတိုက်ခစားတယ်။ ပြီးတော့ “ပုန်ကန်သူတွေကို ရှုံးနိမ့်စေတဲ့ မင်းကြီးရဲ့ဘုရားသခင် ယေဟောဝါကို ချီးမွမ်းကြပါစေ”+ လို့ဆက်ပြောတယ်။
၂၉ ဒါဝိဒ်မင်းက “ငါ့သား အဗရှလုံကော အခြေအနေကောင်းရဲ့လား” လို့မေးတဲ့အခါ အဟိမတ်က “ကုရှလူနဲ့ ကျွန်တော့်ကို ယွာဘ လွှတ်လိုက်တဲ့အချိန်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတာ။ ဘာဖြစ်မှန်းတော့ မသိပါဘူး”+ လို့လျှောက်တင်တယ်။ ၃၀ ဒါနဲ့ မင်းကြီးက “ဘေးနားမှာရပ်နေ” လို့ပြောတော့ သူလည်း ဘေးကိုရွှေ့ပြီး ရပ်နေတယ်။
၃၁ အဲဒီနောက် ကုရှလူ ရောက်လာပြီး+ “မင်းကြီးအတွက် သတင်းပါလာတယ်။ ဒီနေ့ ယေဟောဝါဘုရားက ပုန်ကန်သူတွေလက်ကနေ မင်းကြီးကို ကယ်လွှတ်ပြီး တရားမျှတစွာ စီရင်ပေးလိုက်ပါပြီ”+ လို့လျှောက်တင်တယ်။ ၃၂ မင်းကြီးက “ငါ့သား အဗရှလုံကော အခြေအနေကောင်းရဲ့လား” လို့မေးတဲ့အခါ ကုရှလူက “မင်းကြီးရဲ့ရန်သူတွေ၊ မင်းကြီးကို ပုန်ကန်သူတွေဟာ အဲဒီသားတော်လို ဖြစ်သွားပါစေ”+ လို့လျှောက်တင်တယ်။
၃၃ အဲဒီအခါ ဒါဝိဒ်မင်းလည်း စိတ်ထိခိုက်လွန်းလို့ မြို့တံခါးပေါ်က အထက်ခန်းကို တက်သွားပြီး ငိုတော့တယ်။ တက်သွားရင်းနဲ့ “ငါ့သား အဗရှလုံ။ ငါ့သား၊ ငါ့သား အဗရှလုံ။ မင်းအစား ငါသေသွားရင် အကောင်းသား။ ငါ့သား အဗရှလုံ၊ သားရယ်”+ လို့ပြောနေတော့တယ်။