ကမ္ဘာဦး
၂၄ အာဗြဟံက အသက်ကြီးပြီး အိုမင်းလာတယ်။ ယေဟောဝါက သူ့ကို အရာရာမှာ ကောင်းချီးပေးတယ်။+ ၂ အာဗြဟံက ပစ္စည်းဥစ္စာရှိသမျှကို အုပ်ထိန်းရတဲ့ အသက်အကြီးဆုံးကျွန်ကို ခေါ်ပြီး+ “မင်းရဲ့လက်ကို ငါ့ပေါင်အောက်မှာ ထားပါ။* ၃ ငါ့သားကို ဒီခါနန်ပြည်သူတွေနဲ့ မပေးစားပါဘူးလို့ မိုးမြေကိုအုပ်စိုးတဲ့ ဘုရားသခင် ယေဟောဝါကို တိုင်တည်ပြီး သစ္စာဆိုပါ။+ ၄ မင်းက ငါ့နေရင်းပြည်၊ ငါ့ဆွေမျိုးတွေဆီ သွားပြီး+ သားအိဇက်အတွက် မိန်းမ ရှာပေးရမယ်” လို့ပြောတယ်။
၅ ကျွန်ကလည်း “မိန်းကလေးက ဒီပြည်ကို မလိုက်လာချင်ဘူး ဆိုရင်ကော။ သခင့်သားကို သခင်ထွက်လာခဲ့တဲ့ ပြည်ဆီ+ ခေါ်သွားရမှာလား” လို့မေးတယ်။ ၆ အာဗြဟံက “ငါ့သားကို အဲဒီပြည်ကို မခေါ်သွားနဲ့။+ ၇ ကောင်းကင်အုပ်စိုးရှင်ဘုရားသခင် ယေဟောဝါက ငါ့အဖေရဲ့အိမ်သားတွေ၊ ငါ့ဆွေမျိုးတွေရှိတဲ့+ ပြည်ကနေ ငါ့ကိုခေါ်ထုတ်ပြီး ‘မင်းရဲ့မျိုးနွယ်ကို+ ဒီပြည်ပေးမယ်’+ လို့ကျိန်ဆိုပြီးပြောခဲ့တယ်။+ အဲဒီဘုရားက ကောင်းကင်တမန်ကို မင်းရှေ့မှာ စေလွှတ်မယ်။+ ငါ့သားအတွက် မိန်းမကို အဲဒီကနေ မင်းခေါ်လာရမယ်။+ ၈ မိန်းကလေးက မင်းနဲ့အတူ မလိုက်လာချင်ဘူးဆိုရင် ဒီသစ္စာဆိုချက်ကနေ မင်းလွတ်ပြီ။ ဒါပေမဲ့ ငါ့သားကိုတော့ အဲဒီကို မခေါ်သွားနဲ့” လို့ပြောတယ်။ ၉ ကျွန်ကလည်း သခင်အာဗြဟံရဲ့ ပေါင်အောက်မှာ လက်ကိုထားပြီး ဒီကိစ္စနဲ့ပတ်သက်လို့ သစ္စာဆိုတယ်။+
၁၀ အဲဒီနောက် သခင့်ဆီက ကုလားအုတ်ဆယ်ကောင်နဲ့ အကောင်းဆုံး လက်ဆောင်အမျိုးမျိုးကို ယူပြီး မက်ဆိုပိုတေးမီးယားပြည်၊ နာခေါ်မြို့ကို ခရီးထွက်သွားတယ်။ ၁၁ မြို့ပြင်ရေတွင်းနား ရောက်တဲ့အခါ ကုလားအုတ်တွေကို နားခိုင်းလိုက်တယ်။ အဲဒီအချိန်ဟာ အမျိုးသမီးတွေ ရေခပ်ဆင်းတဲ့ ညနေခင်းအချိန်ပဲ။ ၁၂ အဲဒီအခါ ကျွန်က “အာဗြဟံရဲ့ဘုရားသခင် ယေဟောဝါ၊ ဒီနေ့ ကျွန်တော့်ကို အဆင်ပြေအောင် ကူညီပေးပါ။ ကျွန်တော့်သခင် အာဗြဟံကို ခိုင်မြဲတဲ့မေတ္တာပြပါ။ ၁၃ အခု ရေတွင်းနားမှာ ကျွန်တော်ရပ်နေပါတယ်။ မြို့သူတွေ ရေခပ်ဖို့ လာနေကြပါတယ်။ ၁၄ ကျွန်တော်က မိန်းကလေးတစ်ယောက်ကို ‘မင်းရဲ့ရေအိုးထဲက ရေနည်းနည်း တိုက်ပါလား’ ဆိုပြီးပြောပါမယ်။ အဲဒီမိန်းကလေးက ‘သောက်ပါရှင်။ ကုလားအုတ်တွေကိုလည်း ရေတိုက်ပါ့မယ်’ လို့ဖြေရင် သူဟာ ကိုယ်တော့်ကျွန် အိဇက်အတွက် ရွေးချယ်ထားသူ ဖြစ်ပါစေ။ ကိုယ်တော်က ကျွန်တော့်သခင်ကို ခိုင်မြဲတဲ့မေတ္တာပြမှန်း ဒီနည်းနဲ့ ကျွန်တော်သိပါရစေ” လို့ ဆုတောင်းတယ်။
၁၅ အဲဒီလိုဆုတောင်းလို့ မပြီးခင်မှာ ဗေသွေလရဲ့သမီး+ ရေဗက္ကာက ပခုံးပေါ် ရေအိုးတင်ပြီး ထွက်လာတယ်။ ရေဗက္ကာဟာ အာဗြဟံအစ်ကို နာခေါ်နဲ့+ ဇနီးမိလခါရဲ့+ မြေးပဲ။ ၁၆ အဲဒီမိန်းကလေးဟာ သိပ်လှတဲ့ အပျိုစင်လေးပါ။ သူက ရေတွင်းဆီ ဆင်းသွားတယ်။ ရေဖြည့်ပြီးနောက် ပြန်တက်လာတယ်။ ၁၇ ကျွန်လည်း သူ့ဆီပြေးသွားပြီး “ရေအိုးထဲက ရေတစ်ငုံလောက် တိုက်ပါလား” လို့ပြောတယ်။ ၁၈ သူက “သောက်ပါရှင်” လို့ပြောပြီးတော့ ရေအိုးကို အမြန်ချပြီး ရေတိုက်တယ်။ ၁၉ ရေတိုက်ပြီးတဲ့အခါ “ကုလားအုတ်တွေလည်း ရေအဝသောက်နိုင်အောင် ခပ်ပေးပါ့မယ်” လို့ပြောတယ်။ ၂၀ ပြီးတော့ အိုးထဲကရေကို ရေတိုက်ခွက်ထဲ အမြန်ထည့်၊ ရေတွင်းဆီ ခေါက်တုံ့ခေါက်ပြန် သွားပြီး ကုလားအုတ်အားလုံး သောက်ဖို့ ရေခပ်ပေးတယ်။ ၂၁ ကျွန်လည်း စကားတစ်ခွန်းမှ မပြောဘဲ မိန်းကလေးကို အံ့သြတကြီးကြည့်ရင်း သူ့ခရီးစဉ် အောင်မြင်အောင် ယေဟောဝါ ကူညီနေတာများလားဆိုပြီး စဉ်းစားနေတယ်။
၂၂ ကုလားအုတ်တွေ ရေသောက်ပြီးသွားတဲ့အခါ ကျွန်က မိန်းကလေးရဲ့နှာခေါင်းမှာ တပ်ဖို့ ရှယ်ကယ်* တစ်ဝက်လေးတဲ့ ရွှေကွင်းတစ်ကွင်းနဲ့ တစ်ဆယ်ရှယ်ကယ်လေးတဲ့ ရွှေလက်ကောက်နှစ်ကွင်း ထုတ်ပေးပြီး၊ ၂၃ “မင်းက ဘယ်သူ့သမီးလဲကွဲ့။ မင်းအဖေအိမ်မှာ ဒီည အဘတို့ တည်းခိုလို့ရသလား” ဆိုပြီးမေးတယ်။ ၂၄ မိန်းကလေးကလည်း “ကျွန်မဟာ ဗေသွေလရဲ့သမီး၊+ နာခေါ်နဲ့+ မိလခါရဲ့ မြေးပါ။ ၂၅ ကျွန်မတို့ဆီမှာ ကောက်ရိုးတွေ၊ တိရစ္ဆာန်အစာတွေ အများကြီးပဲ။ တည်းခိုစရာနေရာလည်း ရှိပါတယ်” လို့ပြန်ဖြေတယ်။ ၂၆ အဲဒီအခါ ကျွန်က ယေဟောဝါကို ဦးညွှတ်ပျပ်ဝပ်ပြီး၊ ၂၇ “အာဗြဟံရဲ့ဘုရားသခင် ယေဟောဝါကို ချီးမွမ်းကြပါစေ။ ယေဟောဝါက ကျွန်တော့်သခင်ကို ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာစောင့်သိမှု ပြပါပြီ။ ကျွန်တော့်ကို သခင့်ညီအစ်ကိုတွေဆီ ပို့ဆောင်ပေးပါပြီ” လို့ပြောတယ်။
၂၈ ရေဗက္ကာလည်း အမေ့အိမ်ကို ပြေးသွားပြီး အကြောင်းစုံ ပြောပြတယ်။ ၂၉ ရေဗက္ကာမှာ လာဗန်ဆိုတဲ့+ အစ်ကိုတစ်ယောက် ရှိတယ်။ လာဗန်က မြို့ပြင်ရေတွင်းနားမှာရှိတဲ့လူဆီ ပြေးသွားတယ်။ ၃၀ နှမရေဗက္ကာလက်ထဲက ရွှေနှာကွင်းနဲ့ လက်ကောက်ကို မြင်တဲ့အပြင် အဲဒီလူပြောတဲ့စကားတွေကိုလည်း ရေဗက္ကာဆီကနေ ကြားတယ်။ ဒါကြောင့် ရေတွင်းဘေးက ကုလားအုတ်တွေအနား ရပ်နေတဲ့လူကို သွားတွေ့တယ်။ ၃၁ သူ့ကိုတွေ့တာနဲ့ “ခင်ဗျားဟာ ယေဟောဝါရဲ့ကောင်းချီး ခံစားရသူပဲ။ လာပါ။ ဒီမှာ ရပ်မနေပါနဲ့။ ကျွန်တော့်အိမ်ကို အသင့်ပြင်ထားပါတယ်။ ကုလားအုတ်တွေအတွက်လည်း နေရာရှိပါတယ်” လို့ပြောတယ်။ ၃၂ သူလည်း အိမ်ကို လိုက်လာတယ်။ လာဗန်က ကုလားအုတ်တွေကို ကကြိုးတန်ဆာတွေ ဖြုတ်ပေးပြီး ကောက်ရိုးနဲ့အစာတွေ ကျွေးတယ်။ သူနဲ့ သူ့လူတွေ ခြေဆေးဖို့လည်း ရေပေးတယ်။ ၃၃ စားစရာတွေ လာချပေးတဲ့အခါ သူက “ပြောစရာရှိတာ ပြောပြီးမှပဲ စားပါ့မယ်” ဆိုတော့ လာဗန်က “ကောင်းပြီ၊ ပြောပါ” လို့ပြောတယ်။
၃၄ အဲဒီအခါ သူပြောတာက “ကျွန်တော်ဟာ အာဗြဟံရဲ့ကျွန်ပါ။+ ၃၅ ယေဟောဝါဘုရားက ကျွန်တော့်သခင်ကို ကောင်းချီးအများကြီးပေးတဲ့အတွက် သိုးနွား၊ ရွှေ၊ ငွေ၊ ကျွန်၊ ကုလားအုတ်နဲ့ မြည်းတွေ ရှိလာပြီး တော်တော့်ကို ချမ်းသာနေပြီ။+ ၃၆ သခင့်ဇနီး စာရာကလည်း အသက်ကြီးမှ သားတစ်ယောက် မွေးပါတယ်။+ သခင်က သားကို သူ့မှာရှိသမျှ ပေးပါလိမ့်မယ်။+ ၃၇ သခင်က ကျွန်တော့်ကို ‘ငါ့သားကို ဒီခါနန်ပြည်သူတွေနဲ့ မပေးစားရဘူး။+ ၃၈ ငါ့အဖေရဲ့အိမ်သားတွေ၊ ဆွေမျိုးတွေဆီသွားပြီး+ ငါ့သားအတွက် မိန်းမရှာပေးရမယ်’+ လို့သစ္စာဆိုခိုင်းပါတယ်။ ၃၉ ‘မိန်းကလေးက မလိုက်လာချင်ဘူးဆိုရင်ကော’+ လို့ ကျွန်တော်မေးတော့၊ ၄၀ သခင်က ‘ယေဟောဝါဘုရားရဲ့ လမ်းစဉ်အတိုင်း ငါလျှောက်လှမ်းတဲ့အတွက်+ ဘုရားက ကောင်းကင်တမန် စေလွှတ်ပြီး+ မင်းရဲ့ခရီးစဉ်ကို အောင်မြင်အောင် ကူညီပေးမှာ သေချာတယ်။ ငါ့အဖေရဲ့အိမ်သားတွေ၊ ဆွေမျိုးတွေဆီကနေ+ မိန်းကလေးတစ်ယောက်ကို ငါ့သားအတွက် မင်းခေါ်လာရမယ်။ ၄၁ ငါ့အိမ်သားတွေဆီ သွားလို့မှ သူတို့က မိန်းကလေးကို မပေးလိုက်ဘူးဆိုရင်တော့ ဒီသစ္စာဆိုချက်ကနေ မင်းလွတ်ပြီ’+ လို့ပြောပါတယ်။
၄၂ “ဒီနေ့ ကျွန်တော် ရေတွင်းကို ရောက်တဲ့အခါ ‘အာဗြဟံရဲ့ဘုရား ယေဟောဝါ၊ ကျွန်တော့်ခရီးစဉ်ကို အောင်မြင်အောင် ကူညီပေးပါ။ ၄၃ အခု ရေတွင်းနားမှာ ကျွန်တော်ရပ်နေတုန်း ရေလာခပ်တဲ့ မိန်းကလေးတစ်ယောက်ကို+ “မင်းရဲ့ရေအိုးထဲက ရေနည်းနည်း တိုက်ပါလား” လို့ပြောမယ်။ ၄၄ အဲဒီမိန်းကလေးက “သောက်ပါရှင်။ ကုလားအုတ်တွေကိုလည်း ရေခပ်တိုက်ပါ့မယ်” လို့ ပြန်ဖြေရင် သူဟာ သခင့်သားအတွက် ယေဟောဝါ ရွေးချယ်ထားသူ ဖြစ်ပါစေ’ လို့ ကျွန်တော် ဆုတောင်းတယ်။+
၄၅ “စိတ်ထဲမှာ အဲဒီလိုဆုတောင်းလို့ မပြီးခင် ရေဗက္ကာက ပခုံးပေါ် ရေအိုးတင်ပြီး ထွက်လာတယ်။ ရေတွင်းကို ရေဆင်းခပ်တဲ့အခါ ကျွန်တော်က “ရေနည်းနည်း တိုက်ပါလား” လို့ပြောတယ်။+ ၄၆ သူက ပခုံးပေါ်ကရေအိုးကို အမြန်ချပြီး “သောက်ပါရှင်၊ ကုလားအုတ်တွေကိုလည်း ရေတိုက်ပါ့မယ်” လို့ပြောတယ်။ ကျွန်တော် ရေသောက်ပြီးတဲ့အခါ သူက ကုလားအုတ်တွေကိုလည်း ရေတိုက်တယ်။+ ၄၇ “မင်းက ဘယ်သူ့သမီးလဲ” လို့ ကျွန်တော်မေးတော့ “ဗေသွေလရဲ့သမီး၊ နာခေါ်နဲ့မိလခါရဲ့ မြေးပါ” လို့ သူဖြေတယ်။ ကျွန်တော်လည်း သူ့ နှာခေါင်းမှာ ရွှေကွင်း၊ လက်မှာ လက်ကောက်တွေ ဆင်ပေးလိုက်တယ်။+ ၄၈ ပြီးတော့ အာဗြဟံရဲ့ဘုရား ယေဟောဝါကို+ ဦးညွှတ်ပျပ်ဝပ်တယ်။ သခင့်သားအတွက် သခင့်အစ်ကိုရဲ့သမီးဆီ ဆိုက်ဆိုက်မြိုက်မြိုက် ပို့ဆောင်ပေးတဲ့အရှင် ယေဟောဝါကို ချီးမွမ်းတယ်။ ၄၉ အခု ခင်ဗျားတို့က ကျွန်တော့်သခင်ကို ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာစောင့်သိမှု ပြမယ်၊ မပြဘူးဆိုတာ ပြောကြပါ။ ဒါမှ ကျွန်တော် ဘာဆက်လုပ်ရမယ်ဆိုတာ သိနိုင်မှာပါ။”+
၅၀ အဲဒီအခါ လာဗန်နဲ့ ဗေသွေလက “ဒါကို ယေဟောဝါ စီစဉ်တာဆိုတော့ ကျွန်တော်တို့မှာ အကောင်းအဆိုး ပြောပိုင်ခွင့် မရှိပါဘူး။ ၅၁ ဒီမှာ ရေဗက္ကာရှိတာပဲ။ သူ့ကိုခေါ်သွားပါ။ ယေဟောဝါပြောတဲ့အတိုင်း ခင်ဗျားသခင်ရဲ့ သားအတွက် ဇနီးဖြစ်လာပါစေ” လို့ပြန်ပြောတယ်။ ၅၂ သူတို့စကားကို ကြားတာနဲ့ အာဗြဟံရဲ့ကျွန်က ယေဟောဝါရှေ့ ပျပ်ဝပ်လိုက်တယ်။ ၅၃ ပြီးတော့ ရွှေထည်ငွေထည်၊ အဝတ်အထည်တွေထုတ်ပြီး ရေဗက္ကာကိုပေးတယ်။ ရေဗက္ကာရဲ့ အစ်ကိုနဲ့ အမေကိုလည်း အဖိုးတန်လက်ဆောင်တွေ ပေးတယ်။ ၅၄ ပြီးမှ သူနဲ့သူ့လူတွေ စားသောက်ပြီး အဲဒီမှာ ညအိပ်ကြတယ်။
မနက်လင်းတော့ သူက “သခင့်ဆီ ပြန်ပါရစေ” လို့ခွင့်တောင်းတယ်။
၅၅ အစ်ကိုနဲ့အမေက “မိန်းကလေးကို ကျွန်တော်တို့နဲ့အတူ ဆယ်ရက်လောက် နေခိုင်းပါဦး။ ပြီးမှ သွားကြပေါ့” လို့ပြောတယ်။ ၅၆ ဒါပေမဲ့ ကျွန်က “မတားပါနဲ့။ ယေဟောဝါရဲ့ အကူအညီကြောင့် ကျွန်တော့်ခရီးစဉ် အောင်မြင်သွားပြီဆိုတော့ သခင့်ဆီ ပြန်ပါရစေ” လို့ပြောတယ်။ ၅၇ ဒီတော့ သူတို့က “ရေဗက္ကာကို မေးကြည့်ရအောင်” ဆိုပြီး၊ ၅၈ “ဒီလူနဲ့ လိုက်သွားမလား” လို့မေးတော့ “ကျွန်မ လိုက်ချင်တယ်” ဆိုပြီး ရေဗက္ကာဖြေတယ်။
၅၉ သူတို့လည်း ရေဗက္ကာနဲ့+ သူ့အထိန်းကို+ အာဗြဟံရဲ့ကျွန်နဲ့အတူ လွှတ်လိုက်ကြတယ်။ ၆၀ ပြီးတော့ ရေဗက္ကာကို “ငါတို့ရဲ့နှမဟာ လူသန်းပေါင်းများစွာရဲ့ မိခင်ဖြစ်လာပါစေ။ မင်းရဲ့မျိုးနွယ်ဟာ မလိုမုန်းထားသူတွေရဲ့ မြို့တံခါးကို သိမ်းပိုက်နိုင်ပါစေ”+ လို့ဆုမွန်ကောင်း တောင်းပေးတယ်။ ၆၁ အဲဒီနောက် ရေဗက္ကာနဲ့ သူ့အခြွေအရံတွေဟာ ကုလားအုတ်တွေပေါ် တက်ထိုင်ပြီး ကျွန်နောက်ကို လိုက်သွားကြတယ်။ ကျွန်လည်း ရေဗက္ကာကိုခေါ်ပြီး ပြန်သွားတယ်။
၆၂ နေဂပ်အရပ်မှာ+ နေထိုင်တဲ့ အိဇက်ဟာ ဗေရလဟဲရောကို+ သွားတဲ့လမ်းကနေ အပြန်၊ ၆၃ ညနေစောင်းအချိန်မှာ တွေးတောဆင်ခြင်ဖို့ လယ်ပြင်မှာ လမ်းလျှောက်ထွက်နေတယ်။+ သူလှမ်းကြည့်လိုက်တော့ ကုလားအုတ်တွေလာနေတာ တွေ့လိုက်ရတယ်။ ၆၄ ရေဗက္ကာလည်း အိဇက်ကို တွေ့တာနဲ့ ကုလားအုတ်ပေါ်ကနေ ဆင်းပြီး၊ ၆၅ “ကျွန်မတို့ကို ကြိုဆိုဖို့ လယ်ပြင်မှာ လာနေတာ ဘယ်သူများလဲ” လို့ မေးတဲ့အခါ ကျွန်က “သခင်လေးပါ” လို့ဖြေတယ်။ ရေဗက္ကာလည်း ပဝါကိုယူပြီး ခေါင်းဖုံးလိုက်တယ်။ ၆၆ ကျွန်က အိဇက်ကို အကြောင်းစုံ ပြန်ပြောပြတယ်။ ၆၇ အိဇက်လည်း ရေဗက္ကာကို သူ့အမေစာရာရဲ့ တဲဆီ ခေါ်သွားတယ်။+ ဒီလိုနဲ့ ရေဗက္ကာဟာ သူ့ဇနီးဖြစ်လာတယ်။ ရေဗက္ကာကို သိပ်ချစ်သွားတဲ့အတွက်+ အမေသေဆုံးလို့ ဝမ်းနည်းနေတာတွေ ဖြေသာလာတယ်။+