ဒံယေလ
၁၀ ပါးရှားဘုရင် ဆိုင်းရပ်+ နန်းစံသုံးနှစ်မှာ ဗေလတရှာဇာလို့ခေါ်တဲ့ ဒံယေလက ဗျာဒိတ်တော်ရတယ်။+ အဲဒီဗျာဒိတ်စကားဟာ မှန်ကန်တယ်။ ဆိုင်ပြိုင်တိုက်ခိုက်မှုကြီးအကြောင်းပဲ။ ဒံယေလက အဲဒီဗျာဒိတ်စကားကို နားလည်တယ်။ သိနားလည်နိုင်စွမ်းရတဲ့အတွက် မြင်ခဲ့ရတာတွေကို နားလည်တယ်။
၂ အဲဒီအချိန်တုန်းက ငါဒံယေလဟာ သုံးပတ်လုံးလုံး ညည်းတွားငိုကြွေးနေတယ်။+ ၃ အဲဒီသုံးပတ်လုံးလုံး အရသာရှိတာတွေ၊ အသားတွေကို မစားဘူး။ စပျစ်ဝိုင် မသောက်ဘူး။ ကိုယ်ကိုလည်း ဆီမလိမ်းဘူး။ ၄ ပထမလ၊ ၂၄ ရက်နေ့မှာ တိုက်ဂရစ်* မြစ်ကြီး+ ကမ်းဘေးကို ငါရောက်နေတယ်။ ၅ ငါကြည့်လိုက်တဲ့အခါ ချည်ထည်ဝတ်ထားတဲ့ လူတစ်ယောက်ကို မြင်တယ်။+ ဥဖတ်မြို့ထွက်ရွှေနဲ့ လုပ်ထားတဲ့ ခါးပတ်ကို သူပတ်ထားတယ်။ ၆ သူ့ကိုယ်ခန္ဓာဟာ ပြောင်ခေါင်းစိမ်းနဲ့ တူတယ်။+ မျက်နှာဟာ လျှပ်စီးလို လက်နေတယ်။ မျက်လုံးဟာ မီးရှူးနဲ့ တူတယ်။ ခြေလက်တွေဟာ ပြောင်လက်နေတဲ့ ကြေးနီရောင် ထနေတယ်။+ စကားသံဟာ လူအုပ်ကြီးရဲ့ စကားသံလိုပဲ။ ၇ ငါဒံယေလတစ်ယောက်ပဲ အဲဒီစိတ်အာရုံကို မြင်တယ်။ ငါနဲ့အတူ ရှိနေသူတွေကတော့ မမြင်ရဘူး။+ ဒါပေမဲ့ သူတို့ အကြီးအကျယ် ထိတ်လန့်ပြီး ပြေးပုန်းကြတယ်။
၈ ငါတစ်ယောက်တည်း ကျန်ရစ်ခဲ့တယ်။ အဲဒီစိတ်အာရုံကြီးကို မြင်တဲ့အခါ ငါ့မှာ ခွန်အားမရှိတော့ဘူး။ ဣန္ဒြေပျက်သွားပြီး လုံးဝအားပြတ်နေတယ်။+ ၉ အဲဒီနောက် သူ့စကားသံကို ငါကြားလိုက်ရတယ်။ သူစကားပြောနေတုန်း ငါဟာ မြေပေါ် မျက်နှာအပ်ပြီး အိပ်မောကျသွားတယ်။+ ၁၀ အဲဒီအခါ သူ လက်နဲ့ပုတ်ပြီး+ လှုပ်နှိုးတဲ့အတွက် ငါလည်း လေးဖက်ထောက်လိုက်တယ်။ ၁၁ သူက
“သိပ်တန်ဖိုးထားရတဲ့သူ*+ ဒံယေလ၊ ကျုပ်ပြောမယ့် စကားတွေကို အာရုံစိုက်ပါ။ ကိုယ့်နေရာမှာ ပြန်ရပ်ပါ။ ဘုရားသခင် စေလွှတ်လိုက်လို့ ကျုပ်ရောက်လာတာ” လို့ပြောတယ်။
သူအဲဒီလိုပြောတော့ ငါလည်း ကတုန်ကယင်နဲ့ ထရပ်လိုက်တယ်။
၁၂ သူ ဆက်ပြောတာက– “ဒံယေလ၊ မကြောက်ပါနဲ့။+ ဘုရားသခင်ရှေ့မှာ စိတ်နှိမ့်ချပြီး သိနားလည်နိုင်စွမ်းရှိဖို့ ခင်ဗျား စိတ်ဆုံးဖြတ်လိုက်တဲ့ ပထမနေ့ကတည်းက ခင်ဗျားပြောတာတွေကို ဘုရားသခင် ကြားတယ်။ ခင်ဗျားရဲ့ စကားတွေကြောင့် ကျုပ်ရောက်လာတာ။+ ၁၃ ဒါပေမဲ့ ပါးရှားပြည်စောင့်နတ်မင်းက+ ကျုပ်ကို ၂၁ ရက်လုံး တားဆီးထားလို့ ထိပ်သီးမင်းသား မိက္ခေလက*+ ကျုပ်ကို လာကူညီတယ်။ ဒီအတောအတွင်း ပါးရှားပြည်စောင့်မင်းတွေဆီမှာ ကျုပ် သောင်တင်နေခဲ့တာ။ ၁၄ ဒီစိတ်အာရုံဟာ နောင်အနာဂတ်နဲ့ သက်ဆိုင်တဲ့အတွက်+ အဆုံးပိုင်းကာလမှာ ခင်ဗျားရဲ့ လူတွေကြုံရမယ့်အရာကို နားလည်အောင် ရှင်းပြဖို့ ကျုပ်ရောက်လာတာ။”+
၁၅ သူ အဲဒီလိုပြောနေတုန်း ငါဟာ မြေပေါ် မျက်နှာအပ်ပြီး ဆွံ့အသွားတယ်။ ၁၆ အဲဒီအခါ လူသဏ္ဌာန်ရှိသူတစ်ယောက်က ငါ့နှုတ်ခမ်းကို တို့တဲ့အတွက်+ ငါ စကားပြန်ပြောနိုင်လာတယ်။ ငါ့ရှေ့မှာရပ်နေသူကို “သခင်၊ ကျွန်တော် ဒီစိတ်အာရုံကြောင့် ဖိမ့်ဖိမ့်တုန်ပြီး ခွန်အားမရှိတော့ဘူး။+ ၁၇ သခင့်ကို ဘယ်လိုလုပ် စကားပြောနိုင်မှာလဲ။+ ကျွန်တော့်မှာ ခွန်အားမှမရှိတာ။ အသက်တောင် မနည်းရှူနေရတာ”+ လို့ပြောတယ်။
၁၈ အဲဒီအခါ လူသဏ္ဌာန်ရှိသူက ငါ့ကို ထပ်တို့ပြီး အားပေးပြန်တယ်။+ ၁၉ ပြီးတော့ သူက “သိပ်တန်ဖိုးထားရတဲ့သူ၊+ မကြောက်ပါနဲ့။+ ကောင်းသွားမှာပါ။+ အားမာန်တင်းပါဦး။ အားမာန်တွေ တင်းလိုက်ပါဦး” လို့ပြောတယ်။ အဲဒီလိုပြောတဲ့အတွက် ငါလည်း အားရှိလာပြီး “သခင်၊ ပြောပါ။ သခင့်ကြောင့် ကျွန်တော် အားရှိသွားပြီ” လို့ ပြောလိုက်တယ်။
၂၀ အဲဒီအခါ သူက “ကျုပ် ဘာဖြစ်လို့ ရောက်လာတယ်ဆိုတာ သိသလား။ အခု ပါးရှားပြည်စောင့်နတ်မင်းကို တိုက်ဖို့ ပြန်သွားရမယ်။+ ကျုပ်ထွက်သွားတဲ့အခါ ဂရိပြည်စောင့်နတ်မင်း ရောက်လာလိမ့်မယ်။ ၂၁ ဒါပေမဲ့ အမှန်တရားကျမ်းစောင်တွေမှာ ရေးထားတဲ့အရာတွေကို ကျုပ်ပြောပြမှာပါ။ ဒီကိစ္စတွေမှာ မင်းသား+ မိက္ခေလကလွဲလို့+ ကျုပ်ကို ကူညီပေးတဲ့သူ တစ်ယောက်မှ မရှိဘူး။