၁ ရာဇဝင်ချုပ်
၂၈ ဒါဝိဒ်က မျိုးနွယ်စုခေါင်းဆောင်တွေ၊ မင်းမှုထမ်းတပ်ဖွဲ့တွေရဲ့ တပ်မှူးတွေ၊+ လူတစ်ထောင်အုပ်တွေ၊ လူတစ်ရာအုပ်တွေ၊+ ဘုရင်နဲ့ သားတော်တွေရဲ့+ ဥစ္စာဘဏ္ဍာနဲ့ တိရစ္ဆာန်တွေကို ကြီးကြပ်ရသူတွေစတဲ့+ အစ္စရေးမှူးမတ်တွေအပြင် နန်းတွင်းအရာရှိတွေ၊ ခွန်အားကြီးပြီး လုပ်ရည်ကိုင်ရည်ရှိသူတွေကို+ ဂျေရုဆလင်မြို့မှာ စုရုံးလိုက်တယ်။ ၂ အဲဒီနောက် ဒါဝိဒ်မင်းက သူတို့အားလုံးရှေ့မှာ ရပ်ပြီး
“ငါ့ညီအစ်ကိုတို့၊ ငါ့လူမျိုးတို့၊ နားထောင်ကြပါ။ ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို ထားမယ့်နေရာ၊ ဘုရားသခင်ရဲ့ ခြေတင်ခုံဖြစ်တဲ့ အိမ်တော်ကို+ တည်ဆောက်ဖို့ ငါဆန္ဒပြင်းပြခဲ့တယ်။ အဲဒီလိုတည်ဆောက်ဖို့ ပြင်ဆင်ခဲ့တယ်။+ ၃ ဒါပေမဲ့ စစ်မှန်တဲ့ဘုရားသခင်က ‘မင်းဟာ လူတွေကိုသတ်ခဲ့တဲ့ စစ်သည်ဖြစ်နေလို့+ ငါ့နာမည်အတွက် အိမ်တော်ကို မင်းမဆောက်ရဘူး’+ ဆိုပြီး ငါ့ကို မိန့်မှာထားတယ်။ ၄ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါက ငါ့အဖေရဲ့ အမျိုးတွေထဲကနေ ငါ့ကိုရွေးချယ်ပြီး အစ္စရေးတွေကို ထာဝစဉ်အုပ်ချုပ်ဖို့ မင်းမြှောက်ခဲ့တယ်။+ ကိုယ်တော်က ယုဒကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့တယ်။+ ယုဒအနွယ်ထဲမှာ ငါ့အဖေရဲ့အမျိုးကို ရွေးချယ်ခဲ့တယ်။+ ငါ့အဖေရဲ့သားတွေထဲမှာ ငါ့ကို နှစ်သက်တဲ့အတွက် အစ္စရေးဘုရင်အဖြစ် မင်းမြှောက်ခဲ့တယ်။+ ၅ ပြီးတော့ ယေဟောဝါဘုရားက ငါ့ကို သားတွေအများကြီး ပေးသနားတယ်။+ အဲဒီသားတွေထဲကနေ သားတော် ရှောလမုန်ကို+ ရွေးချယ်ပြီး အစ္စရေးတွေကို အုပ်ချုပ်ဖို့ ယေဟောဝါရဲ့ ရာဇပလ္လင်ပေါ်မှာ နန်းထိုင်စေခဲ့တယ်။+
၆ “ဘုရားသခင်က ‘မင်းရဲ့သား ရှောလမုန်ဟာ ငါ့အိမ်တော်နဲ့ အိမ်တော်ဝင်းတွေကို တည်ဆောက်မယ့်သူပဲ။ သူ့ကို ငါ့သားအဖြစ် ရွေးချယ်လိုက်ပြီ။ ငါကလည်း သူ့ဖခင်ဖြစ်လာမယ်။+ ၇ သူသာ အခုလိုပဲ ငါ့ရဲ့ပညတ်ချက်တွေ၊ တရားစီရင်ချက်တွေကို စွဲစွဲမြဲမြဲ လိုက်နာမယ်ဆိုရင်+ သူ့ထီးနန်းကို ထာဝစဉ် တည်မြဲစေမယ်’+ လို့လည်း ပြောသေးတယ်။ ၈ ဒါကြောင့် ယေဟောဝါရဲ့ လူမျိုးတော် အစ္စရေးတွေရှေ့မှာ၊ ဘုရားသခင်ရှေ့မှာ ငါပြောမယ်– ယေဟောဝါဘုရားရဲ့ ပညတ်ချက်တွေကို ရှာဖွေလေ့လာပြီး ဂရုတစိုက် လိုက်နာကြပါ။ ဒါဆိုရင် မင်းတို့က သာယာလှပတဲ့ပြည်ကို+ အပိုင်ရမယ့်အပြင် သားမြေးတွေကိုလည်း တည်မြဲတဲ့အမွေအဖြစ် လက်ဆင့်ကမ်းနိုင်မယ်။
၉ “ငါ့သား ရှောလမုန်၊ ခမည်းတော်ကိုးကွယ်တဲ့ ဘုရားသခင်ကို သိကျွမ်းအောင် လုပ်ပါ။ ဘုရားကို ရွှင်လန်းတဲ့စိတ်နဲ့ စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုပါ။+ ယေဟောဝါဘုရားက လူအားလုံးရဲ့ စိတ်နှလုံးကို စစ်ဆေးပြီး+ တွေးတောကြံစည်သမျှကို သိမြင်တယ်။+ ဘုရားကို ရှာဖွေမယ်ဆိုရင် အတွေ့ခံမယ်။+ ဘုရားကို စွန့်ခွာမယ်ဆိုရင်တော့ ဘုရားကလည်း မင်းကို ထာဝစဉ် ပစ်ပယ်မယ်။+ ၁၀ သန့်ရှင်းရာဌာနတော်အဖြစ် အိမ်တော်ကို တည်ဆောက်ဖို့ မင်းကို ယေဟောဝါဘုရား ရွေးချယ်လိုက်ပြီဆိုတာ မှတ်ထားပါ။ ဒါကြောင့် သတ္တိရှိရှိနဲ့ စလုပ်ဆောင်ပေတော့” လို့မှာတယ်။
၁၁ အဲဒီနောက် ဒါဝိဒ်က သားတော် ရှောလမုန်ကို မုခ်ဦးနဲ့+ အခန်းတွေ၊ သိုလှောင်ခန်းတွေ၊ အိမ်မိုးအထက်ခန်းတွေ၊ အတွင်းခန်းတွေအပြင် ပဋိညာဉ်သေတ္တာအဖုံး*+ နဲ့ပတ်သက်တဲ့ ဗိသုကာပုံစံကို ပေးတယ်။+ ၁၂ ယေဟောဝါရဲ့ အိမ်တော်တံတိုင်းတွေ၊+ ပတ်လည် စားသောက်ခန်းတွေ၊ ဘုရားသခင့်အိမ်တော် ဘဏ္ဍာတိုက်တွေ၊ ဆက်ကပ်ပစ္စည်းတွေထားရာ ဘဏ္ဍာတိုက်တွေနဲ့ပတ်သက်ပြီး+ စွမ်းအားတော်ကတစ်ဆင့် ရတဲ့ ဗိသုကာပုံစံကိုလည်း ပေးတယ်။ ၁၃ ဒါ့အပြင် ပုရောဟိတ်အုပ်စုတွေ၊+ လေဝိအမျိုးသားအုပ်စုတွေ၊ ယေဟောဝါရဲ့အိမ်တော် လုပ်ငန်းတာဝန်တွေ၊ ယေဟောဝါရဲ့ အိမ်တော်လုပ်ငန်းမှာသုံးမယ့် ပစ္စည်းတွေနဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေကိုလည်း ပေးတယ်။ ၁၄ လုပ်ငန်းအမျိုးမျိုးမှာ သုံးမယ့် ရွှေထည်တွေအတွက် ရွှေအလေးချိန်၊ လုပ်ငန်းအမျိုးမျိုးမှာ သုံးမယ့် ငွေထည်တွေအတွက် ငွေအလေးချိန်၊ ၁၅ ရွှေဆီမီးတိုင်တွေနဲ့+ မီးခွက် အမျိုးမျိုးအတွက် ရွှေအလေးချိန်၊ ငွေဆီမီးတိုင်တွေနဲ့ မီးခွက် အမျိုးမျိုးအတွက် ငွေအလေးချိန်၊ ၁၆ အဆင့်ဆင့်တင်ထားတဲ့မုန့်*+ ထားမယ့် စားပွဲတစ်ခုစီအတွက် ရွှေအလေးချိန်၊ ငွေစားပွဲတွေအတွက် ငွေအလေးချိန်၊ ၁၇ ရွှေစင်နဲ့လုပ်တဲ့ ခက်ရင်းခွတွေ၊ ဇလုံတွေ၊ ရေတကောင်းတွေ၊ ရွှေဖလားငယ်တစ်ခုစီအတွက်+ ရွှေအလေးချိန်၊ ငွေဖလားငယ်တစ်ခုစီအတွက် ငွေအလေးချိန်တို့ကို သတ်မှတ်ပေးတယ်။ ၁၈ နံ့သာပေါင်းပလ္လင်အတွက်+ ရွှေစင်အလေးချိန်၊ ရထားတော်နဲ့+ တင်စားတဲ့ တစ်နည်းအားဖြင့် ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို အတောင်ဖြန့်မိုးထားတဲ့ ရွှေခေရုဗိမ်ရုပ်တွေအတွက်+ ရွှေစင်အလေးချိန်ကိုလည်း သတ်မှတ်ပေးတယ်။ ၁၉ ဒါဝိဒ်က “ငါ့အပေါ်မှာ ယေဟောဝါဘုရားရဲ့ လက်တော် သက်ရောက်တယ်။ ဒီဗိသုကာပုံစံမှာပါတဲ့ အသေးစိတ်အချက်အလက်တွေကို+ ရေးသားနိုင်ဖို့ ငါ့ကို ဘုရားက ထိုးထွင်းဉာဏ်ပေးတယ်”+ လို့ပြောတယ်။
၂၀ ပြီးတော့ ဒါဝိဒ်က သားတော်ရှောလမုန်ကို “ရဲစွမ်းသတ္တိရှိရှိနဲ့ လုပ်ငန်းစပေတော့။ ငါကိုးကွယ်တဲ့ဘုရား ယေဟောဝါက မင်းနဲ့အတူ ရှိတဲ့အတွက် မကြောက်နဲ့။+ ဘုရားသခင်က မင်းကို ပစ်ထားမှာ မဟုတ်ဘူး။+ စွန့်ခွာမှာ မဟုတ်ဘူး။ ယေဟောဝါရဲ့ အိမ်တော်လုပ်ငန်းအားလုံး ပြီးစီးသွားတဲ့အထိ မင်းကို ကူညီမယ်။ ၂၁ အခု ဘုရားသခင့်အိမ်တော် လုပ်ငန်းတွေအတွက် ပုရောဟိတ်အုပ်စုတွေနဲ့+ လေဝိအမျိုးသားအုပ်စုတွေ+ ရှိတယ်။ အလုပ်အမျိုးမျိုး လုပ်ဆောင်နိုင်ပြီး စေတနာစိတ်ရှိတဲ့ အတတ်ပညာရှင်တွေ မင်းဆီမှာရှိတယ်။+ မှူးမတ်တွေနဲ့+ လူအားလုံးကလည်း မင်းညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ကြလိမ့်မယ်” လို့မှာကြားတယ်။