မာကု
၃ ယေရှုက နောက်တစ်ကြိမ် တရားဇရပ်ထဲ ဝင်လာတဲ့အခါ အဲဒီမှာ လက်တစ်ဖက်သေနေသူ ရှိနေတယ်။+ ၂ ဖာရိရှဲတွေက ယေရှုကို အပြစ်ရှာချင်တာနဲ့ ဥပုသ်နေ့မှာ အဲဒီလူကို ကုပေးမလားဆိုတာ မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်။ ၃ အဲဒီအခါ ယေရှုက လက်တစ်ဖက်သေနေသူကို “ထပြီး ဒီအလယ်မှာ လာရပ်ပါ” လို့ပြောလိုက်တယ်။ ၄ ပြီးတော့ “ဥပုသ်နေ့မှာ ဘာလုပ်သင့်သလဲ။ ကောင်းမှုလား၊ မကောင်းမှုလား။ လူ့အသက် ကယ်တာလား၊ လူ့အသက် သတ်တာလား” လို့မေးတော့+ ဘာမှပြန်မဖြေကြဘူး။ ၅ သူတို့မှာ အကြင်နာတရား မရှိတဲ့အတွက် ယေရှု စိတ်ထိခိုက်သွားတယ်။+ ပတ်လည်မှာရှိတဲ့ လူတွေကို စိတ်ဆိုးဆိုးနဲ့ကြည့်ပြီး လက်တစ်ဖက်သေနေသူကို “လက်ဆန့်လိုက်ပါ” လို့ပြောတယ်။ အဲဒီလူလည်း လက်ဆန့်လိုက်တဲ့အခါ အကောင်းပကတိ ပြန်ဖြစ်သွားတယ်။ ၆ အဲဒီအခါ ဖာရိရှဲတွေ ထွက်သွားပြီး ယေရှုကိုသတ်ဖို့ ဟေရုဒ်နောက်လိုက်တွေနဲ့+ ချက်ချင်းတိုင်ပင်ကြတယ်။
၇ ယေရှုက တပည့်တွေနဲ့အတူ အိုင်ဘက်ကို ထွက်သွားတယ်။ ဂါလိလဲပြည်နဲ့ ယုဒပြည်က လူအတော်များများ နောက်ကနေ လိုက်လာတယ်။+ ၈ ဂျေရုဆလင်မြို့၊ အိဒုမဲပြည်နဲ့ ဂျော်ဒန်မြစ် တစ်ဖက်ကမ်းမှာရှိတဲ့ လူတွေ၊ တိုင်ရာနဲ့ ဆိုင်ဒုန်မြို့ပတ်ဝန်းကျင်က လူတွေလည်း ယေရှု လုပ်ဆောင်ခဲ့သမျှကို ကြားတဲ့အခါ အုပ်လိုက်ကြီး ရောက်လာတယ်။ ၉ ဒါနဲ့ ယေရှုက လူအုပ်တွန်းတိုက်တာ မခံရအောင် တပည့်တွေကို လှေငယ်တစ်စင်း အသင့်ပြင်ထားခိုင်းတယ်။ ၁၀ လူတွေကို ကုသပေးခဲ့တဲ့အတွက် ရောဂါဝေဒနာ ခံစားနေရသူတွေက ယေရှုကိုတို့ထိဖို့ အလုအယက် တိုးဝှေ့နေလို့ပဲ။+ ၁၁ နတ်ဆိုးတွေတောင်+ ယေရှုကိုမြင်တဲ့အခါ ရှေ့မှာဦးညွှတ်ပြီး “ခင်ဗျားဟာ ဘုရားသခင်ရဲ့သားပဲ” လို့အော်ကြတယ်။+ ၁၂ ဒါပေမဲ့ ယေရှုက သူ့အကြောင်းကို လုံးဝ မပေါက်ကြားစေဖို့ အထပ်ထပ်မှာတယ်။+
၁၃ ယေရှုက တောင်ပေါ်ကို တက်သွားတယ်။ အဲဒီနောက် တပည့်တချို့ကို ခေါ်လိုက်တဲ့အခါ+ သူတို့ရောက်လာတယ်။+ ၁၄ တပည့် ၁၂ ယောက်ပါတဲ့ အုပ်စုတစ်စုဖွဲ့ပြီး တမန်တော်တွေလို့ နာမည်ပေးလိုက်တယ်။ သူတို့ဟာ ယေရှုသွားလေရာ လိုက်ပါရမယ့်သူတွေပဲ။ နောက်တော့ ယေရှုက ဟောပြောဖို့ သူတို့ကို စေလွှတ်တဲ့အပြင်၊ ၁၅ နတ်ဆိုးတွေကို နှင်ထုတ်နိုင်တဲ့ တန်ခိုးလည်း ပေးတယ်။+
၁၆ အဲဒီအုပ်စုအဝင် တပည့် ၁၂ ယောက်ကတော့+ ပေတရုလို့ ယေရှုနာမည်ပေးတဲ့ ရှိမုန်၊+ ၁၇ ဇေဗေဒဲရဲ့သား ယာကုပ်နဲ့ သူ့ညီယောဟန် (“မိုးကြိုးသားတွေ” လို့အဓိပ္ပာယ်ရှိတဲ့ ဗောနေရဂက်ဆိုပြီးတော့လည်း ယေရှု နာမည်ပေးတယ်)၊+ ၁၈ အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲရဲ့သား ယာကုပ်၊ သဒ္ဒဲ၊ စိတ်ထက်သန်သူ ရှိမုန်၊ ၁၉ နောက်ပိုင်းမှာ ယေရှုကို သစ္စာဖောက်သွားတဲ့ ယုဒရှကာရုတ် တို့ဖြစ်တယ်။
အဲဒီနောက် ယေရှုက အိမ်တစ်အိမ်ကို ဝင်သွားတယ်။ ၂၀ ဒီတစ်ကြိမ်မှာလည်း လူအုပ် စုဝေးလာတဲ့အတွက် ယေရှုနဲ့တပည့်တွေ အစာစားချိန်တောင် မရှိဘူး။ ၂၁ ဒီအကြောင်းကို ကြားတဲ့အခါ ယေရှုရဲ့ဆွေမျိုးတွေက “သူ စိတ်ဖောက်ပြန်သွားပြီ” ဆိုပြီး+ ဖမ်းခေါ်ဖို့ လာကြတယ်။ ၂၂ ဂျေရုဆလင်မြို့ကနေ ဆင်းလာတဲ့ ကျမ်းတတ်တွေကလည်း “သူ့ကို ဗေလဇေဗုလ* ဝင်ပူးနေတာ။ နတ်ဆိုးမင်းရဲ့ အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်နေတာ” လို့ပြောကြတယ်။+ ၂၃ ဒါကြောင့် ယေရှုက သူတို့ကို ခေါ်ပြီး ပုံဥပမာတွေနဲ့ ပြောတယ်– “စာတန်က ဘယ်လိုလုပ်ပြီး စာတန်ကို နှင်ထုတ်နိုင်မလဲ။ ၂၄ နိုင်ငံတစ်ခုမှာ လူတွေ စိတ်ဝမ်းကွဲနေရင် အဲဒီနိုင်ငံ တည်မြဲနိုင်မှာ မဟုတ်ဘူး။+ ၂၅ မိသားစုတစ်ခုဟာ စိတ်ဝမ်းကွဲနေရင် အဲဒီမိသားစု တည်မြဲနိုင်မှာ မဟုတ်ဘူး။ ၂၆ အဲဒီလိုပဲ၊ စာတန်က စာတန်ကို ဆန့်ကျင်ပြီး စိတ်ဝမ်းကွဲနေရင် တည်မြဲနိုင်မှာ မဟုတ်ဘူး။ သူဇာတ်သိမ်းသွားမှာပဲ။ ၂၇ ခွန်အားကြီးသူကို အရင်မချည်နှောင်ဘဲ သူ့အိမ်ထဲဝင်ပြီး ပစ္စည်းဥစ္စာတွေ ခိုးလို့မရနိုင်ဘူး။ သူ့ကိုချည်နှောင်ပြီးမှပဲ အိမ်ထဲ ဝင်လုလို့ရမှာပေါ့။ ၂၈ ကျွန်တော် မှန်တာကိုပြောမယ်။ လူတွေရဲ့ အပြစ်မှန်သမျှ၊ စော်ကားပြောဆိုတာမှန်သမျှ ခွင့်လွှတ်ခံရလိမ့်မယ်။ ၂၉ သန့်ရှင်းသော စွမ်းအားတော်ကို စော်ကားပြောဆိုရင်တော့ ဘယ်တော့မှ ခွင့်လွှတ်ခံရမှာ မဟုတ်ဘူး။+ ထာဝရ အပြစ်ရှိတယ်။”+ ၃၀ ယေရှု ဒီလိုပြောတာက “သူ့ကို ဗေလဇေဗုလ ဝင်ပူးနေတာ” လို့ လူတွေစွပ်စွဲကြလို့ပဲ။+
၃၁ အဲဒီအခါ ယေရှုရဲ့ မိခင်နဲ့ညီတွေ+ ရောက်လာတယ်။ အပြင်မှာ ရပ်စောင့်ပြီး ယေရှုကို လူလွှတ်ခေါ်ခိုင်းတယ်။+ ၃၂ ယေရှုပတ်လည်မှာ လူတွေ ဝိုင်းအုံနေတဲ့အတွက် “ဆရာ့အမေနဲ့ ညီတွေ တွေ့ချင်လို့ အပြင်မှာ စောင့်နေပါတယ်” လို့ပြောကြတဲ့အခါ၊+ ၃၃ ယေရှုက “ကျွန်တော့်အမေနဲ့ ညီတွေဆိုတာ ဘယ်သူတွေလဲ” လို့ပြောတယ်။ ၃၄ ပြီးတော့ ပတ်လည်မှာထိုင်နေသူတွေကို ကြည့်ရင်း “သူတို့ဟာ ကျွန်တော့်အမေ၊ ကျွန်တော့်ညီအစ်ကိုတွေပဲ။+ ၃၅ ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်တဲ့သူတိုင်းဟာ ကျွန်တော့်အမေ၊ ကျွန်တော့် ညီအစ်ကိုမောင်နှမတွေပဲ”+ လို့ဖြေတယ်။