ယောဟန်
၁၂ ပသခါပွဲမတိုင်ခင် ခြောက်ရက်အလိုမှာ ယေရှုက လာဇရုနေထိုင်တဲ့ ဗေသနိရွာကို ရောက်လာတယ်။+ သူ့ကို သေရာကနေ အသက်ပြန်ရှင်လာအောင် ယေရှုလုပ်ပေးခဲ့တာ။ ၂ အဲဒီရွာမှာ ယေရှုအတွက် ညစာတည်ခင်းတဲ့အခါ မာသက ဧည့်ဝတ်ပြုနေတယ်။+ လာဇရုကတော့ ယေရှုနဲ့အတူ စားသောက်နေတယ်။ ၃ အဲဒီအချိန်မှာ မာရိက တန်ဖိုးကြီး နာဒု* ဆီမွှေးစစ်စစ် တစ်ပေါင်* ယူလာပြီး ယေရှုရဲ့ခြေကို လိမ်းပေးတယ်။ အဲဒီနောက် သူ့ဆံပင်နဲ့ သုတ်ပေးလိုက်တော့ တစ်အိမ်လုံး ဆီမွှေးရနံ့ သင်းပျံ့သွားတယ်။+ ၄ ယေရှုကို သစ္စာဖောက်မယ့်တပည့် ယုဒရှကာရုတ်က၊+ ၅ “အဲဒီဆီမွှေးကို ဒေနာရိ* ၃၀၀ နဲ့ရောင်းပြီး ဆင်းရဲသားတွေကို ဘာလို့မပေးတာလဲ” ဆိုပြီး အပြစ်တင်တယ်။ ၆ တကယ်တော့ ဆင်းရဲသားတွေအကျိုးအတွက် သူ အဲဒီလိုပြောနေတာ မဟုတ်ဘူး။ ငွေသေတ္တာကိုင်ရသူဆိုတော့ ထည့်ဝင်တဲ့ငွေတွေကို သူ ခိုးယူနေကျဖြစ်လို့ပဲ။ ၇ ယေရှုက “သူ့ကို ထားလိုက်ပါ။ ကျွန်တော့်ကို သင်္ဂြိုဟ်မယ့်နေ့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ထုံးစံအတိုင်း သူလုပ်နေတာ။+ ၈ ဆင်းရဲသားတွေဟာ ခင်ဗျားနဲ့အတူ အမြဲရှိနေမှာပဲ။+ ကျွန်တော်ကတော့ အမြဲရှိနေမှာ မဟုတ်ဘူး”+ လို့ပြောတယ်။
၉ အဲဒီမှာ ယေရှုရောက်နေတဲ့သတင်းကို ကြားတော့ ဂျူးတွေ အုပ်လိုက်ကြီး ရောက်လာတယ်။ ယေရှုကိုရော သေရာက အသက်ပြန်ရှင်လာအောင် သူလုပ်ပေးခဲ့တဲ့ လာဇရုကိုပါ တွေ့ချင်လို့ ရောက်လာကြတာ။+ ၁၀ ပုရောဟိတ်ကြီးတွေက လာဇရုကို သတ်ပစ်ဖို့ လျှို့ဝှက်ကြံစည်နေကြတယ်။ ၁၁ လာဇရုကြောင့် ဂျူးအများကြီး အဲဒီကိုရောက်လာပြီး ယေရှုကို ယုံကြည်လာကြလို့ပဲ။+
၁၂ နောက်တစ်နေ့မှာ ပွဲတော်ကိုရောက်လာတဲ့ လူတွေက ဂျေရုဆလင်မြို့ကို ယေရှု လာနေပြီဆိုတဲ့သတင်းကို ကြားတဲ့အခါ၊ ၁၃ စွန်ပလွံခက်တွေ ကိုင်ပြီး ကြိုဆိုဖို့ ထွက်လာကြတယ်။ “ဘုရားသခင်၊ သူ့ကို ကယ်တင်ပါ။ ယေဟောဝါရဲ့* နာမည်နဲ့ ရောက်လာသူ ကောင်းချီးခံစားရပါစေ။+ အစ္စရေးတို့ရဲ့ဘုရင်+ ကောင်းချီးခံစားရပါစေ” ဆိုပြီး ကြွေးကြော်ကြတယ်။ ၁၄ ယေရှုက မြည်းကလေးကိုတွေ့တော့ စီးလာတယ်။+ ကျမ်းစာထဲမှာ၊ ၁၅ “ဇိအုန်သမီးပျို၊ မကြောက်ပါနဲ့။ မင်းရဲ့ဘုရင်က မြည်းကလေးစီးပြီး လာနေတယ်”+ ဆိုပြီး ရေးထားတဲ့အတိုင်းပါပဲ။ ၁၆ ဒီအကြောင်းတွေကို တပည့်တွေ အစတုန်းက နားမလည်ဘူး။ ဒါပေမဲ့ အဲဒီစကားတွေက ယေရှုကိုရည်ရွယ်ပြီး ရေးထားမှန်း၊ အဲဒီအတိုင်း သူတို့လုပ်ပေးမိမှန်း ယေရှု ဘုန်းထင်ရှားချိန်ကျမှ+ သဘောပေါက်သွားကြတယ်။+
၁၇ လာဇရုကို သင်္ချိုင်းဂူကနေ ထွက်လာပါလို့ ခေါ်ပြီး+ သေရာကနေ အသက်ပြန်ရှင်လာအောင် လုပ်ပေးချိန်မှာ အတူရှိခဲ့တဲ့ လူတွေက ယေရှုအကြောင်း သက်သေခံထားတယ်။+ ၁၈ ယေရှုလုပ်ပြခဲ့တဲ့ အဲဒီအံ့ဖွယ်အမှုအကြောင်း ကြားသိထားတဲ့အတွက် လူတွေအများကြီး သူ့ကို ထွက်ကြိုကြတယ်။ ၁၉ ဖာရိရှဲတွေက “တွေ့တယ်မဟုတ်လား။ ကျုပ်တို့ကြံစည်သမျှ တစ်ခုမှ မအောင်မြင်ဘူး။ တစ်လောကလုံး သူ့နောက် ပါသွားပြီ”+ လို့ အချင်းချင်း ပြောကြတယ်။
၂၀ ပွဲတော်ချိန်အတွင်း လာဝတ်ပြုသူတွေထဲမှာ ဂရိလူမျိုးတချို့ ပါတယ်။ ၂၁ သူတို့က ဂါလိလဲပြည်၊ ဗက်ဇဲဒမြို့သား ဖိလိပ္ပုဆီ+ လာပြီး “ဆရာ၊ ကျွန်တော်တို့ ယေရှုနဲ့ တွေ့ချင်တယ်” လို့တောင်းဆိုကြတယ်။ ၂၂ ဒါနဲ့ ဖိလိပ္ပုက အန္ဒြေကို သွားပြောပြတယ်။ အဲဒီနောက် သူတို့နှစ်ယောက် ယေရှုဆီသွားပြီး အကျိုးအကြောင်း ပြောပြတယ်။
၂၃ ယေရှုက “လူသား ဘုန်းထင်ရှားမယ့်အချိန် ရောက်လာပြီ။+ ၂၄ ကျွန်တော် မှန်တာကိုပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ဂျုံမျိုးစေ့က မြေပေါ်ကျပြီး မပျက်ရင် မျိုးစေ့တစ်စေ့ပဲ ဖြစ်နေမှာပေါ့။ ပျက်သွားရင်တော့+ အသီးအများကြီး သီးတတ်တယ်။ ၂၅ ကိုယ့်အသက်ကို တွယ်တာနေရင် အသက်ဆုံးရှုံးတတ်တယ်။ ဒီလောကမှာ ကိုယ့်အသက်ကို မုန်းရင်တော့+ ထာဝရအသက်ရဖို့ ကိုယ့်အသက်ကို စောင့်ရှောက်ရာရောက်လိမ့်မယ်။+ ၂၆ ကျွန်တော့်ရဲ့အစေခံ ဖြစ်ချင်တဲ့သူဟာ ကျွန်တော့်နောက်ကို လိုက်ရမယ်။ ကျွန်တော်ရှိတဲ့နေရာမှာ သူရှိရမယ်။+ ကျွန်တော့်ရဲ့အစေခံ ဖြစ်ချင်တဲ့သူကို အဖဘုရား ဂုဏ်တင်လိမ့်မယ်။ ၂၇ အခု ကျွန်တော် စိတ်ဒုက္ခရောက်နေတယ်။+ ဘယ်လို ပြောရမလဲ။ အဖ၊ ဒီအချိန်ကနေ လွတ်မြောက်အောင် ကယ်တင်ပေးပါ။+ ဒါပေမဲ့ ဒီအချိန်အတွက်ပဲ ကျွန်တော် ရောက်လာတာပါ။ ၂၈ အဖ၊ အဖရဲ့နာမည်ကို ဘုန်းထင်ရှားစေပါ” လို့ပြောတော့ “ငါ ဘုန်းထင်ရှားစေခဲ့ပြီ။ နောက်တစ်ကြိမ် ဘုန်းထင်ရှားစေဦးမယ်”+ ဆိုတဲ့အသံ ကောင်းကင်ကနေ ထွက်ပေါ်လာတယ်။+
၂၉ အဲဒီမှာရပ်နေတဲ့ လူတွေက ဒီအသံကိုကြားတဲ့အခါ မိုးခြိမ်းသံပဲလို့ ပြောကြတယ်။ တချို့ကျတော့ “သူ့ကို ကောင်းကင်တမန် စကားပြောတာ” လို့ပြောကြတယ်။ ၃၀ ယေရှုက “ဒီအသံထွက်ပေါ်လာတာ ကျွန်တော့်အတွက် မဟုတ်ဘူး။ ခင်ဗျားတို့အတွက်ပါ။ ၃၁ ဘုရားသခင်က ဒီလောကကို တရားစီရင်နေပြီ။ ဒီလောကရဲ့မင်းကို+ နှင်ထုတ်ပစ်လိမ့်မယ်။+ ၃၂ ကျွန်တော်ကတော့ မြေပေါ်ကနေ မြှောက်ထားခံရတဲ့အခါ+ လူအမျိုးမျိုးကို ကျွန်တော့်ဆီ ဆွဲဆောင်မယ်” လို့ပြောတယ်။ ၃၃ အဲဒီလိုပြောတာက ဘယ်လိုသေခြင်းမျိုးနဲ့ သေရမယ်ဆိုတာ အရိပ်ပြနေတာပဲ။+ ၃၄ အဲဒီအခါ လူတွေက “ခရစ်တော်ဟာ ထာဝစဉ်တည်တယ်လို့+ ပညတ်ကျမ်းအရ ကျွန်တော်တို့သိထားတယ်။ ဒါဆိုရင် လူသားဟာ မြှောက်ထားခံရမယ်လို့ ခင်ဗျား ဘာကြောင့်ပြောတာလဲ။+ အဲဒီလူသားဟာ ဘယ်သူလဲ” လို့ မေးတယ်။ ၃၅ ဒါကြောင့် ယေရှုက “အလင်းဟာ ခင်ဗျားတို့နဲ့အတူ ခဏပဲ ရှိတော့မှာဖြစ်လို့ အမှောင်မလွှမ်းရလေအောင် အလင်းရှိတုန်းမှာ သွားလာကြပါ။ အမှောင်ထဲမှာ သွားလာရင် ကိုယ်ဘယ်ကို ဦးတည်နေမှန်း မသိဘူး။+ ၃၆ ဒါကြောင့် အလင်းရှိနေတုန်း အလင်းရဲ့သားတွေဖြစ်ဖို့ အလင်းကို ယုံကြည်သက်ဝင်ကြပါ”+ လို့ပြောတယ်။
ယေရှုက အဲဒီလိုပြောပြီး ရှောင်ထွက်သွားတယ်။ ၃၇ သူတို့ရှေ့မှာ ယေရှု အံ့ဖွယ်အမှုတွေ အများကြီး လုပ်ပြပေမဲ့ မယုံကြည်ကြဘူး။ ၃၈ ဒါကြောင့် “ယေဟောဝါ၊* ကျွန်တော်တို့ပြောတဲ့ သတင်းကို ဘယ်သူယုံလို့လဲ။+ ယေဟောဝါရဲ့* လက်ရုံးတော် ဘယ်သူ့ကို ထင်ရှားပြခဲ့ပြီလဲ”+ ဆိုပြီး ပရောဖက်ဟေရှာယ ပြောခဲ့တဲ့ စကားအတိုင်း ဖြစ်လာတယ်။ ၃၉ သူတို့ မယုံကြည်တဲ့ အကြောင်းရင်းကို ဟေရှာယက၊ ၄၀ “သူတို့မျက်စိ မမြင်တာ၊ ခေါင်းမာတာကို ငါခွင့်ပြုလိုက်တယ်။ ဒါကြောင့် သူတို့ မမြင်ဘူး၊ ဆိုလိုရင်းကို နားမလည်ဘူး။ ငါ့ဆီ ပြန်မလှည့်လာတော့ သူတို့ပြန်ကောင်းလာအောင် ကုသပေးလို့မရဘူး”+ လို့လည်း ရေးခဲ့တယ်။ ၄၁ အဲဒီလိုရေးပြီး ခရစ်တော်အကြောင်း ပြောခဲ့တာက ခရစ်တော်ရဲ့ဘုန်းအသရေကို သူ မြင်ခဲ့ရလို့ပဲ။+ ၄၂ အဲဒီအခါ မင်းအရာရှိ အတော်များများ ယုံကြည်သက်ဝင်လာပေမဲ့+ ဖာရိရှဲတွေကိုကြောက်လို့ ယေရှုကို အသိအမှတ် မပြုကြဘူး။ တရားဇရပ်ကနေ နှင်ထုတ်ခံရမှာကို စိုးရိမ်ကြတယ်။+ ၄၃ သူတို့က ဘုရားသခင့်မျက်နှာသာရဖို့ထက် လူတွေရဲ့ မျက်နှာသာရဖို့ ပိုလိုလားကြတယ်။+
၄၄ ယေရှုက “ကျွန်တော့်ကို ယုံကြည်တဲ့သူဟာ ကျွန်တော့်ကိုသာမက ကျွန်တော့်ကိုစေလွှတ်တဲ့အရှင်ကိုလည်း ယုံကြည်တယ်။+ ၄၅ ကျွန်တော့်ကို မြင်တဲ့သူဟာ ကျွန်တော့်ကိုစေလွှတ်တဲ့အရှင်ကိုလည်း မြင်တယ်။+ ၄၆ ကျွန်တော့်ကို ယုံကြည်တဲ့သူတိုင်း အမှောင်ထဲမှာ မရှိရလေအောင်+ ဒီလောကဆီ အလင်းအဖြစ် ကျွန်တော်ရောက်လာပြီ။+ ၄၇ ကျွန်တော့်စကားတွေကို ကြားလျက်နဲ့ မလိုက်နာတဲ့သူကို ကျွန်တော် ပြစ်ဒဏ်မစီရင်ဘူး။ ကျွန်တော်က လောကကို ပြစ်ဒဏ်စီရင်ဖို့ လာတာမဟုတ်ဘူး။ လောကကိုကယ်တင်ဖို့ လာတာ။+ ၄၈ ကျွန်တော့်ကို အလေးမထားတဲ့သူ၊ ကျွန်တော့်စကားတွေကို လက်မခံတဲ့သူကို ပြစ်ဒဏ်စီရင်မယ့်အရာ ရှိတယ်။ နောက်ဆုံးသောနေ့မှာ သူ့ကို ပြစ်ဒဏ်စီရင်မယ့်အရာဟာ ကျွန်တော်ပြောခဲ့တဲ့ စကားတွေပဲ။ ၄၉ ကျွန်တော်က ကိုယ့်သဘောနဲ့ကိုယ် ပြောတာမဟုတ်ဘူး။ စေလွှတ်လိုက်တဲ့ အဖဘုရားက ကျွန်တော် ဘာတွေပြောရမယ်၊ ဘာတွေသင်ပေးရမယ်ဆိုတာကို မိန့်မှာထားတယ်။+ ၅၀ အဖဘုရားရဲ့ မိန့်မှာချက်တွေဟာ ထာဝရအသက်ရစေမယ်ဆိုတာ ကျွန်တော်သိတယ်။+ ကျွန်တော် ပြောသမျှစကားတွေဟာ အဖဘုရား မိန့်မှာထားတာတွေချည်းပဲ”+ လို့ပြောတယ်။