ယေရမိ
၂၂ ယေဟောဝါ ပြောတာက “ယုဒဘုရင်ရဲ့ နန်းတော်ကို ဆင်းသွားပြီး ဒီသတင်းစကားကို ပြောလိုက်ပါ။ ၂ မင်း ပြောရမှာကတော့ ‘ဒါဝိဒ်ရဲ့ ရာဇပလ္လင်ပေါ် နန်းထိုင်တဲ့ ယုဒဘုရင်၊ ယေဟောဝါရဲ့စကားကို နားထောင်ပါ။ ဒီမြို့တံခါးတွေကနေ ဝင်ထွက်တဲ့ မင်းမှုထမ်းတွေနဲ့ လူတွေလည်း နားထောင်ပါ။ ၃ ယေဟောဝါ ပြောတာက “တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကို စောင့်ထိန်းကြ။ လုယက်ခံရသူကို လိမ်လည်လှည့်စားသူရဲ့ လက်ကနေ ကယ်တင်ကြ။ တိုင်းတစ်ပါးသားတွေကို အနိုင်မကျင့်ကြနဲ့။ မိဘမဲ့ကလေးတွေ၊ မုဆိုးမတွေကို ဒုက္ခမပေးကြနဲ့။+ ဒီနေရာမှာ အပြစ်မဲ့သူကို မသတ်ကြနဲ့။+ ၄ ဒီစကားတွေကို ဂရုတစိုက် လိုက်နာမယ်ဆိုရင် ဒါဝိဒ်ရဲ့ ရာဇပလ္လင်ပေါ် နန်းထိုင်တဲ့ ဘုရင်တွေ၊+ မင်းမှုထမ်းတွေ၊ ပြည်သူပြည်သားတွေက မြင်းရထားနဲ့ မြင်းတွေကို စီးပြီး ဒီနန်းတော်တံခါးတွေကနေ ဝင်ထွက်ရလိမ့်မယ်။”’+
၅ “‘ဒီစကားတွေကို မင်းတို့ မနာခံဘူးဆိုရင်တော့ ဒီနန်းတော် ပျက်စီးသွားမယ်လို့ ငါ့ကိုယ်ငါ တိုင်တည်ပြီး ကျိန်ဆိုတယ်။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၆ “ယုဒဘုရင်ရဲ့ နန်းတော်နဲ့ပတ်သက်ပြီး ယေဟောဝါ ပြောတာက ‘မင်းဟာ ငါ့အတွက် ဂိလဒ်ပြည်လို၊
လက်ဘနွန်တောင်ထိပ်လို ဖြစ်ပေမဲ့ တောကန္တာရဖြစ်သွားအောင် ငါလုပ်မယ်။
လူတွေနေထိုင်တဲ့ မြို့တစ်မြို့မှ ရှိမှာမဟုတ်ဘူး။+
၇ မင်းကိုတိုက်ဖို့
လက်နက်ကိုယ်စီကိုင်ထားတဲ့ ဖျက်ဆီးသူတွေကို ငါခန့်အပ်မယ်။+
သူတို့က မင်းရဲ့အကောင်းဆုံး သစ်ကတိုးပင်တွေကို ခုတ်လှဲပြီး မီးထဲပစ်ချလိမ့်မယ်။+
၈ “‘လူမျိုးအတော်များများ အနားကဖြတ်သွားပြီး “ဒီမြို့ကြီးကို ယေဟောဝါဘုရား ဘာလို့ ဒီလိုလုပ်တာပါလိမ့်” ဆိုပြီး အချင်းချင်း ပြောကြလိမ့်မယ်။+ ၉ “သူတို့က သူတို့ဘုရားသခင် ယေဟောဝါရဲ့ ပဋိညာဉ်ကို စွန့်ပစ်ပြီး တခြားဘုရားတွေကို ဦးချဝတ်ပြုကြတာကိုး” ဆိုပြီး ပြောကြလိမ့်မယ်။’+
၁၀ လူသေအတွက် မငိုကြွေးနဲ့။
ဝမ်းမနည်းနဲ့။
ထွက်သွားတဲ့သူအတွက်ပဲ အကြီးအကျယ် ငိုကြွေးပါ။
မွေးရပ်မြေကို သူပြန်လာရတော့မှာ မဟုတ်ဘူး။
၁၁ “ခမည်းတော်ယောရှိနေရာကို+ ဆက်ခံတဲ့ ယုဒဘုရင် ရှလုံ*+ ဒီနေရာကနေ ထွက်သွားရပြီ။ သူနဲ့ပတ်သက်ပြီး ယေဟောဝါ ပြောတာက ‘သူ ဒီကို ပြန်လာရတော့မှာ မဟုတ်ဘူး။ ၁၂ ပြည်နှင်ခံရတဲ့နေရာမှာပဲ သေဆုံးရလိမ့်မယ်။ ဒီပြည်ကို မြင်ခွင့်ရတော့မှာ မဟုတ်ဘူး။’+
၁၃ ကိုယ့်အိမ်ကို မသမာနည်းနဲ့ တည်ဆောက်တဲ့သူ၊
အထက်ခန်းတွေကို မတရားနည်းနဲ့ တည်ဆောက်တဲ့သူ၊
ကိုယ့်အမျိုးသားချင်းကို အလကားခိုင်းစေပြီး လုပ်အားခ မပေးတဲ့သူဟာ အဖြစ်ဆိုး ကြုံရလိမ့်မယ်။+
၁၄ သူက ‘ငါနေဖို့ ကျယ်ဝန်းတဲ့ အထက်ခန်းတွေပါတဲ့ စံအိမ်ကြီးတစ်လုံး ဆောက်မယ်။
ပြတင်းပေါက်တွေ ဖောက်မယ်။
သစ်ကတိုးသားနဲ့ မှန်ကူကွက်ဖော်ပြီး ရဲရဲနီတဲ့ဆေးရောင် သုတ်မယ်’ လို့ပြောနေတယ်။
၁၅ မင်းက သူများထက်သာအောင် သစ်ကတိုးသားကိုသုံးပြီး ဆောက်နေလို့ကော ဆက်ပြီးစိုးစံရမှာ မို့လို့လား။
မင်းရဲ့ခမည်းတော်လည်း စားခဲ့၊ သောက်ခဲ့တာပဲ။
ဒါပေမဲ့ သူက တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကို စောင့်ထိန်းတဲ့အတွက်+ ကောင်းစားခဲ့တယ်။
၁၆ သူဟာ ဒုက္ခရောက်နေသူနဲ့ နွမ်းပါးသူရဲ့အမှုကို ခုခံကာကွယ်ပေးတဲ့အတွက် ကောင်းစားခဲ့တယ်။
‘ငါ့ကိုသိကျွမ်းလို့ သူ အဲဒီလိုလုပ်ခဲ့တာ မဟုတ်လား။’ ဒါဟာ ယေဟောဝါ ပြောတဲ့စကားပဲ။
၁၇ ‘မင်းကတော့ မသမာနည်းနဲ့ စီးပွားရှာဖို့၊
အပြစ်မဲ့သူကို သတ်ဖို့၊ လိမ်လည်လှည့်စားဖို့၊
ခြိမ်းခြောက်ပြီး ငွေညှစ်ဖို့ပဲ ချောင်းနေတယ်။ အဲဒီလိုလုပ်ဖို့ပဲ စိတ်ကူးနေတယ်။’
၁၈ “ဒါကြောင့် ယောရှိရဲ့သား ယုဒဘုရင် ယောယကိမ်နဲ့ပတ်သက်ပြီး+ ယေဟောဝါပြောတာက ‘လူတွေက “အစ်ကိုရယ်၊ အစ်မရယ် ဖြစ်မှဖြစ်ရလေ” ဆိုပြီး ညည်းတွားငိုကြွေးတတ်ကြတယ်။
သူသေဆုံးတဲ့အခါမှာတော့ “သခင်ကြီးရယ်၊ အရှင်မင်းကြီးရယ် ဖြစ်မှဖြစ်ရလေ” ဆိုပြီး ငိုကြွေးကြမှာ မဟုတ်ဘူး။
၁၉ မြည်းကို သင်္ဂြိုဟ်သလို သူ့ကို သင်္ဂြိုဟ်ကြလိမ့်မယ်။+
ဂျေရုဆလင်မြို့တံခါး အပြင်ဘက်ကို ဆွဲထုတ်ပြီး လွှင့်ပစ်ကြလိမ့်မယ်။’+
၂၀ လက်ဘနွန်တောင်ပေါ်ကို မင်း* တက်သွားပြီး ကြွေးကြော်ပါ။
ဗာရှန်ပြည်မှာ အော်ပြောပါ။
အာဗရိမ်ပြည်ကနေ+ ကြွေးကြော်ပါ။
မင်း အချစ်ကြီးချစ်တဲ့သူအားလုံး ကျဆုံးကုန်ပြီ။+
၂၁ ဘေးကင်းလုံခြုံနေချိန်မှာ မင်းကို ငါပြောခဲ့ပေမဲ့ ‘မနာခံဘူး’ လို့ ငြင်းတယ်။+
မင်းဟာ ငယ်ငယ်ကတည်းက အဲဒီအတိုင်းပဲ။
ငါ့စကားကို မနာခံဘူး။+
၂၂ မင်းရဲ့သိုးထိန်းအားလုံး လေထဲ လွင့်ပါသွားမယ်။+
မင်းအချစ်ကြီးချစ်တဲ့သူတွေ သုံ့ပန်းဘဝ ရောက်သွားမယ်။
ကြုံရတဲ့ဘေးဆိုးတွေကြောင့် မင်း အရှက်တကွဲ အကျိုးနည်း ရလိမ့်မယ်။
သစ်ကတိုးပင်တွေမှာ အသိုက်ဆောက်တဲ့သူ၊+
သားဖွားနေတဲ့ မိန်းမလို မင်း ဝေဒနာခံစားရတဲ့အခါ
ဘယ်လောက်တောင် ညည်းတွားလိုက်မလဲ။”+
၂၄ “ငါယေဟောဝါ ပြောမယ်– ‘ယောယကိမ်ရဲ့သား+ ယုဒဘုရင် ခေါနိ၊*+ မင်းဟာ ငါ့ညာလက်က တံဆိပ်လက်စွပ် ဖြစ်ခဲ့ရင်တောင် မင်းကို ဆွဲချွတ်မယ်ဆိုပြီး အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ ၂၅ မင်းကို အသက်အန္တရာယ် ပေးချင်နေသူတွေ၊ မင်း ကြောက်တဲ့သူတွေ၊ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနဲ့ ခါလဒဲလူတွေလက်ထဲ ငါအပ်မယ်။+ ၂၆ ငါက မင်းနဲ့ မင်းရဲ့မွေးမိခင်ကို မွေးရပ်မြေမဟုတ်တဲ့ တခြားတိုင်းပြည်ဆီ ပစ်ထုတ်မယ်။ အဲဒီမှာ မင်းတို့ သေရမယ်။ ၂၇ သူတို့လွမ်းဆွတ်တဲ့ တိုင်းပြည်ကို ပြန်လာရတော့မှာ မဟုတ်ဘူး။+
၂၈ ဒီလူ ခေါနိဟာ အထင်သေးခံရပြီး ရိုက်ခွဲခံရတဲ့အိုး၊
ဘယ်သူမှ မလိုချင်တဲ့အိုး ဖြစ်သွားပြီလား။
သူနဲ့ သူ့သားမြေးတွေဟာ သူတို့မသိတဲ့ပြည်ထဲ
ဘာလို့ လွှင့်ပစ်ခံရတာလဲ။’+
၂၉ ကမ္ဘာမြေ၊ ကမ္ဘာမြေ၊ ကမ္ဘာမြေ၊ ယေဟောဝါရဲ့ စကားကို နားထောင်ပါ။
၃၀ ယေဟောဝါ ပြောတာက ‘ဒီလူကို သားသမီးမရှိတဲ့သူ၊
တစ်သက်လုံး မအောင်မြင်မယ့်သူလို့ ရေးမှတ်ပါ။
သူ့သားမြေးတစ်ယောက်မှ ဒါဝိဒ်ရဲ့ ရာဇပလ္လင်ပေါ် နန်းထိုင်ရမှာ မဟုတ်ဘူး။
ယုဒပြည်ကို ပြန်အုပ်ချုပ်ခွင့်ရမှာ မဟုတ်ဘူး။’”+