မဿဲ
၁၆ ဖာရိရှဲနဲ့ ဇဒ္ဒုကဲတွေက အကဲစမ်းချင်တဲ့အတွက် ယေရှုဆီ လာပြီး ဘုရားဆီက အံ့ဖွယ်အမှု တစ်ခုလောက် ပြပါလို့ တောင်းဆိုတော့၊+ ၂ ယေရှုက “ညနေစောင်းတဲ့အခါ ‘ကောင်းကင်ကြီး နီရဲနေတာပဲ။ ရာသီဥတု သာယာမယ်’ လို့ ခင်ဗျားတို့ ပြောတတ်တယ်။ ၃ မနက်ရောက်တော့လည်း ‘ကောင်းကင်ကြီး နီရဲပြီး အုံ့မှိုင်းနေတာပဲ။ ဒီနေ့ မိုးရွာပြီး အေးစိမ့်နေလိမ့်မယ်’ လို့ ပြောတတ်ကြတယ်။ ခင်ဗျားတို့ဟာ ကောင်းကင်ကို ကြည့်ပြီး ရာသီဥတုကို ခန့်မှန်းတတ်ပေမဲ့ အချိန်ကာလရဲ့ လက္ခဏာကိုတော့ မခန့်မှန်းတတ်ပါလား။ ၄ ဆိုးညစ်ဖောက်ပြန်တဲ့ လူမျိုးဆက်ဟာ အံ့ဖွယ်အမှုကို မြင်ချင်ကြတယ်။ ဒါပေမဲ့ ယောနအံ့ဖွယ်အမှုကလွဲလို့+ ဘယ်အံ့ဖွယ်အမှုကိုမှ မြင်ရမှာ မဟုတ်ဘူး”+ လို့ ပြောပြီး သူတို့ဆီကနေ ထွက်သွားတယ်။
၅ တပည့်တွေက ကမ်းတစ်ဖက်ကို ကူးတဲ့အခါ စားစရာ ယူလာဖို့ မေ့သွားတယ်။+ ၆ ယေရှုက “မျက်စိရှင်ရှင် ထားပြီး ဖာရိရှဲနဲ့ ဇဒ္ဒုကဲတို့ရဲ့ တဆေးကို သတိထားကြ”+ လို့ ပြောတော့၊ ၇ “ငါတို့ စားစရာ မယူလာလို့ အဲဒီလိုပြောတာနေမှာ” ဆိုပြီး သူတို့အချင်းချင်း ပြောကြတယ်။ ၈ ဒါကို ယေရှု သိတော့ “ယုံကြည်ခြင်းနည်းသူတို့၊ စားစရာ မပါလာတဲ့အကြောင်း ဘာလို့ ပြောနေကြတာလဲ။ ၉ ကျွန်တော် ဘာကို ဆိုလိုနေမှန်း နားမလည်သေးဘူးလား။ မုန့်ငါးလုံးနဲ့ လူ ၅,၀၀၀ ကို ကျွန်တော် ကျွေးပြီးတဲ့နောက် စားကြွင်းစားကျန် လိုက်ကောက်တာ ဘယ်နှစ်တောင်း ရမှန်း မမှတ်မိကြဘူးလား။+ ၁၀ မုန့်ခုနစ်လုံးနဲ့ လူ ၄,၀၀၀ ကို ကျွေးပြီးတဲ့နောက် စားကြွင်းစားကျန် လိုက်ကောက်တာ တောင်းကြီး ဘယ်နှစ်တောင်း ရတယ်ဆိုတာကိုရော သတိမရကြဘူးလား။+ ၁၁ ကျွန်တော် စားစရာအကြောင်း ပြောနေတာ မဟုတ်မှန်း ဘာလို့ နားမလည်တာလဲ။ ဖာရိရှဲနဲ့ ဇဒ္ဒုကဲတို့ရဲ့ တဆေးကို သတိထားဖို့ ပြောနေတာ”+ ဆိုပြီး ပြောတယ်။ ၁၂ အဲဒီတော့မှ မုန့်ထဲ ထည့်တဲ့ တဆေးကို မဟုတ်ဘဲ ဖာရိရှဲနဲ့ ဇဒ္ဒုကဲတို့ရဲ့ သွန်သင်ချက်ကို သတိထားဖို့ ယေရှု ပြောနေမှန်း သူတို့ နားလည်သွားတယ်။
၁၃ ကဲသရိ ဖိလိပ္ပိဒေသကို ရောက်လာတဲ့အခါ ယေရှုက “လူတွေက လူသားကို ဘယ်သူလို့ ပြောကြသလဲ” ဆိုပြီး တပည့်တွေကို မေးတော့၊+ ၁၄ “တချို့က နှစ်ခြင်းပေးသူ ယောဟန်လို့+ ပြောကြတယ်။ တချို့က ဧလိယတဲ့။+ တချို့ကျပြန်တော့ ယေရမိ ဒါမှမဟုတ် ပရောဖက်တစ်ယောက်တဲ့” ဆိုပြီး ဖြေကြတယ်။ ၁၅ ယေရှုက “ခင်ဗျားတို့ကော ကျွန်တော့်ကို ဘယ်သူလို့ ပြောမလဲ” ဆိုပြီး မေးတဲ့အခါ၊ ၁၆ ရှိမုန်ပေတရုက “သခင်ဟာ ခရစ်တော်ပဲ။+ အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ သားပါ”+ လို့ ပြန်ဖြေတယ်။ ၁၇ ယေရှုက “ယောနရဲ့ သား ရှိမုန်၊ ခင်ဗျား ပျော်လိုက်ပါ။ ခင်ဗျားကို ဒီအကြောင်း ဖော်ပြသူဟာ လူမဟုတ်ဘဲ ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရား ဖြစ်နေလို့ပဲ။+ ၁၈ ပြီးတော့ ကျွန်တော် ပြောမယ်။ ခင်ဗျားဟာ ပေတရုပဲ။+ ဒီကျောက်ဆောင်ပေါ်မှာ+ ကျွန်တော့်ရဲ့ အသင်းတော်ကို တည်ဆောက်မယ်။ အဲဒီအသင်းတော်ကို သင်္ချိုင်းက* အနိုင်ယူလို့ ရမှာ မဟုတ်ဘူး။ ၁၉ ခင်ဗျားကို ကောင်းကင်နိုင်ငံရဲ့ သော့တွေ ပေးမယ်။ ကမ္ဘာမြေမှာ ခင်ဗျား ချည်နှောင်သမျှ ကောင်းကင်မှာ ချည်နှောင်ပြီးသား ဖြစ်လိမ့်မယ်။ ကမ္ဘာမြေမှာ ခင်ဗျားဖြေလွှတ်သမျှ ကောင်းကင်မှာ ဖြေလွှတ်ပြီးသား ဖြစ်မယ်” လို့ ပြောတယ်။ ၂၀ အဲဒီနောက် မိမိဟာ ခရစ်တော် ဖြစ်တယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောကြဖို့ တပည့်တွေကို အသေအချာ မှာတယ်။+
၂၁ အဲဒီအချိန်ကစပြီး ယေရှုဟာ ဂျေရုဆလင်မြို့ကို သူသွားရမယ်၊ အကြီးအကဲတွေ၊ ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ လက်ချက်နဲ့ ဒုက္ခအများကြီး ခံရမယ်၊ အဲဒီနောက် အသတ်ခံရပြီး သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ် ဆိုတဲ့ အကြောင်းတွေကို တပည့်တွေကို ရှင်းပြတယ်။+ ၂၂ ပေတရုက ယေရှုကို ခေါ်ထုတ်ပြီး “သခင်၊ ကိုယ့်ကိုယ်ကိုယ် သက်ညှာပါဦး။ ဒီလိုအဖြစ်မျိုးကို သခင် ဘယ်တော့မှ ကြုံရမှာ မဟုတ်ဘူး” လို့ အပြစ်တင်တယ်။+ ၂၃ အဲဒီအခါ ယေရှုက မျက်နှာလွှဲလိုက်ပြီး “စာတန်၊ ထွက်သွားပါ။ ခင်ဗျားဟာ ကျွန်တော့်အတွက် ဆူးငြောင့်ခလုတ်ပဲ။ ခင်ဗျားက ဘုရားသခင် စဉ်းစားသလို မစဉ်းစားဘဲ လူတွေ စဉ်းစားသလို စဉ်းစားနေတယ်”+ လို့ ပေတရုကို ပြောတယ်။
၂၄ အဲဒီနောက် ယေရှုက “ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူတိုင်း ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်။ ဒုက္ခသစ်တိုင်ကို* ထမ်းပြီး ကျွန်တော့်နောက်ကို အမြဲ လိုက်ရမယ်။+ ၂၅ ကိုယ့်အသက်ကို ကယ်ချင်သူဟာ အသက်ဆုံးရလိမ့်မယ်။ ကျွန်တော့်ကြောင့် အသက်ဆုံးတဲ့သူကတော့ အသက်ပြန်ရှင်ရလိမ့်မယ်။+ ၂၆ တစ်လောကလုံးကို ပိုင်ဆိုင်ထားပေမဲ့ အသက်ဆုံးရှုံးသွားရင် ဘာအကျိုးရှိမှာလဲ။+ ကိုယ့်အသက်ကို ဘာနဲ့ ပြန်လဲယူလို့ ရမှာလဲ။+ ၂၇ လူသားဟာ ကောင်းကင်တမန်တွေ ခြံရံပြီး အဖဘုရားရဲ့ ဘုန်းတန်ခိုးနဲ့ လာလိမ့်မယ်။ အဲဒီအခါ လူတိုင်းကို သူတို့လုပ်ရပ်နဲ့အညီ ပြန်ဆပ်ပေးလိမ့်မယ်။+ ၂၈ ကျွန်တော် မှန်တာကို ပြောမယ်။ ဒီမှာ ရပ်နေသူတချို့ဟာ နိုင်ငံတော်နဲ့ ရောက်လာတဲ့ လူသားကို မမြင်ရခင် သေဆုံးမှာ မဟုတ်ဘူး” လို့ ပြောတယ်။+