၂ ရှမွေလ
၁၃ ဒါဝိဒ်ရဲ့သား အဗရှလုံမှာ တာမာလို့ခေါ်တဲ့+ နှမချောလေးတစ်ယောက် ရှိတယ်။ သူ့ကို ဒါဝိဒ်ရဲ့သား အာမနုန်+ ချစ်နေတယ်။ ၂ အပျိုစင် တာမာနဲ့ပတ်သက်ပြီး သူ့ဆန္ဒကို အကောင်အထည်ဖော်ဖို့ ခက်နေတော့ စိတ်ညစ်လွန်းလို့ နေထိုင်မကောင်း ဖြစ်နေတယ်။ ၃ အာမနုန်မှာ ယောနဒပ်လို့ခေါ်တဲ့+ သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူဟာ ဒါဝိဒ်အစ်ကို ရှိမာရဲ့သားဖြစ်ပြီး+ ဉာဏ်များတဲ့သူပဲ။ ၄ သူက အာမနုန်ကို “မင်းက သားတော်တစ်ပါး ဖြစ်လျက်နဲ့ ဘာလို့ နေ့တိုင်း စိတ်ညစ်နေရတာလဲ။ ပြောစမ်းပါဦး” လို့မေးတော့ အာမနုန်က “ညီတော်အဗရှလုံရဲ့နှမ+ တာမာကို ငါချစ်နေလို့ပါ” ဆိုပြီးဖြေတယ်။ ၅ ယောနဒပ်က “ဒါဆိုရင် မင်းက အိပ်ရာပေါ်လှဲပြီး ဖျားဟန်ဆောင်နေလိုက်။ ခမည်းတော် လာကြည့်တဲ့အခါ ‘နှမတာမာကို လွှတ်ပေးစေချင်ပါတယ်။ သူကိုယ်တိုင် လူမမာစာ ချက်ပြုတ်တာကို ကျွန်တော်ကြည့်ပြီး သူကျွေးတာကို စားချင်လို့ပါ’ ဆိုပြီး တောင်းဆိုကြည့်ပါလား” လို့အကြံပေးတယ်။
၆ အာမနုန်လည်း အိပ်ရာပေါ် လှဲပြီး ဖျားဟန်ဆောင်နေတယ်။ ဒါဝိဒ်မင်း လာကြည့်တဲ့အခါ အာမနုန်က “နှမတာမာကို လွှတ်ပေးစေချင်ပါတယ်။ သူကိုယ်တိုင် အသည်းပုံမုန့်နှစ်ချပ် လုပ်တာကို ကျွန်တော်ကြည့်ပြီး သူကျွေးတာကို စားချင်လို့ပါ” ဆိုပြီးတောင်းဆိုတယ်။ ၇ ဒါဝိဒ်က တာမာရဲ့အိမ်ကို လူလွှတ်ပြီး “မင်းအစ်ကို အာမနုန်ရဲ့အိမ်ကို သွားပြီးတော့ သူ့အတွက် စားစရာ ပြင်ပေးလိုက်ပါဦး” လို့မှာတယ်။ ၈ တာမာလည်း အစ်ကိုအာမနုန်ရဲ့အိမ်ကို သွားတယ်။ ဒီအချိန်မှာ အာမနုန် အိပ်ရာထဲ လှဲနေတယ်။ ဂျုံမုန့်ညက်ကို နယ်ပြီး မုန့်တွေလုပ်နေတဲ့ တာမာကို ကြည့်နေတယ်။ ၉ တာမာက ဒယ်အိုးကိုချပြီး အာမနုန်စားဖို့ ပြင်ပေးတယ်။ ဒါပေမဲ့ အာမနုန်က မစားသေးဘဲ “ထွက်သွားကြ” လို့အမိန့်ပေးတော့ လူအားလုံး ထွက်သွားကြတယ်။
၁၀ အဲဒီအခါ အာမနုန်က “မုန့်ကို အိပ်ခန်းထဲ ယူလာခဲ့။ မင်းလက်နဲ့ ကျွေးတာကို စားချင်တာ” ဆိုပြီး ပြောတယ်။ တာမာလည်း လုပ်ထားတဲ့ အသည်းပုံမုန့်တွေကို အိပ်ခန်းထဲမှာရှိတဲ့ အာမနုန်ဆီ ယူလာတယ်။ ၁၁ မုန့်ယူလာတဲ့အခါ အာမနုန်က တာမာကို ဖမ်းဆွဲပြီး “ငါနဲ့အတူအိပ်ပါ” လို့ပြောတယ်။ ၁၂ ဒါပေမဲ့ တာမာက “အစ်ကို၊ မလုပ်ပါနဲ့။ ကျွန်မကို အရှက်မခွဲပါနဲ့။ အစ္စရေးအမျိုးမှာ ဒီလိုလုပ်ရိုးထုံးစံ မရှိဘူး။+ ဒီလိုယုတ်ညံ့တဲ့ လုပ်ရပ်ကို မလုပ်ပါနဲ့။+ ၁၃ ကျွန်မက အရှက်တကွဲနဲ့ ဘယ်လို အသက်ဆက်ရှင်ရမလဲ။ အစ်ကိုလည်း အစ္စရေးလူမျိုးမှာ လူယုတ်မာ ဖြစ်သွားမှာပေါ့။ ဒါကြောင့် မင်းကြီးကိုသာ လျှောက်တင်လိုက်ပါ။ မပေးစားဘဲ မနေပါဘူး” လို့ တောင်းပန်ပေမဲ့၊ ၁၄ အာမနုန်က နားမထောင်ဘဲ တာမာကို ဗလအားကိုးနဲ့ မတော်မတရားပြုကျင့်ပြီး အရှက်ခွဲလိုက်တယ်။ ၁၅ အဲဒီနောက် အာမနုန်က တာမာကို အမုန်းကြီး မုန်းသွားပြန်တယ်။ အခုလို မုန်းတဲ့စိတ်ဟာ အရင်အချစ်စိတ်ထက် ပိုပြင်းထန်နေတဲ့အတွက် “ထစမ်း၊ အခုချက်ချင်း ထွက်သွား” ဆိုပြီး နှင်ထုတ်တယ်။ ၁၆ တာမာက “အစ်ကို၊ မလုပ်ပါနဲ့။ အခုလို မောင်းထုတ်တာဟာ ကျွန်မကို မတော်မတရားလုပ်ခဲ့တာထက် အပြစ်ကြီးပါတယ်” လို့တောင်းပန်ပေမဲ့ အာမနုန်က လုံးဝနားမထောင်ဘူး။
၁၇ အဲဒီအစား အစေခံလေးတစ်ယောက်ကို ခေါ်ပြီး “ဒီမိန်းမကို မောင်းထုတ်လိုက်စမ်း။ ပြီးရင် တံခါးကို သော့ခတ်လိုက်” ဆိုပြီး အမိန့်ပေးတယ်။ ၁၈ (တာမာက အပျိုစင်သမီးတော်တွေ ဝတ်နေကျအတိုင်း အဆင်တန်ဆာတွေပါတဲ့ ဝတ်ရုံကို ဝတ်ထားတယ်။) အစေခံက သူ့ကို အပြင်ခေါ်ထုတ်သွားပြီး တံခါးကို သော့ခတ်လိုက်တယ်။ ၁၉ အဲဒီအခါ တာမာက ခေါင်းပေါ် ပြာတွေတင်ပြီး+ ဝတ်ထားတဲ့ဝတ်ရုံကို ဆွဲဆုတ်တယ်။ ခေါင်းပေါ် လက်တင်ပြီး ငိုကြွေးရင်း ထွက်သွားတယ်။
၂၀ အဲဒီအခါ အစ်ကိုအဗရှလုံက+ “မင်းကို အစ်ကိုအာမနုန် စော်ကားလိုက်တာလား။ ငါ့နှမ၊ ဒီကိစ္စမပေါက်ကြားစေနဲ့။ သူဟာ မင်းအစ်ကိုပဲ။+ ဒီအကြောင်းကို တနုံ့နုံ့တွေးမနေနဲ့” လို့ပြောတယ်။ တာမာလည်း ဘယ်သူနဲ့မှ အပေါင်းအဖော် မလုပ်တော့ဘဲ အစ်ကိုအဗရှလုံရဲ့အိမ်မှာ နေတယ်။ ၂၁ ဒါဝိဒ်မင်းက အကြောင်းစုံ သိသွားတဲ့အခါ တအားစိတ်ဆိုးတယ်။+ ဒါပေမဲ့ သားဦး အာမနုန်ကို သိပ်ချစ်တဲ့အတွက် သူ့ကို စိတ်ထိခိုက်အောင် မလုပ်ချင်ဘူး။ ၂၂ အဗရှလုံကတော့ အာမနုန်ကို ကောင်းတယ်၊ ဆိုးတယ် တစ်ခွန်းမှ မပြောဘူး။ နှမတာမာကို အရှက်ခွဲတဲ့အတွက်+ အာမနုန်ကို မုန်းတီးနေတယ်။+
၂၃ နှစ်နှစ်ကြာပြီးတဲ့နောက် အဗရှလုံက ဧဖရိမ်မြို့အနီး+ ဗာလဟာဇော်အရပ်မှာ သိုးမွေးညှပ်ပွဲလုပ်တော့ သားတော်အားလုံးကို ဖိတ်လိုက်တယ်။+ ၂၄ ပြီးတော့ မင်းကြီးဆီ အခစားဝင်ပြီး “ကျွန်တော် သိုးမွေးညှပ်ပွဲ လုပ်မယ်။ မင်းကြီးရော မင်းမှုထမ်းတွေပါ ကြွရောက်ပါ” လို့ဖိတ်တယ်။ ၂၅ ဒါပေမဲ့ မင်းကြီးက “နေပါစေတော့။ ငါတို့အားလုံးလိုက်ရင် မင်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေမယ်” လို့ပြောတယ်။ အဗရှလုံ မရမကဖိတ်ခေါ်ပေမဲ့လည်း မလိုက်သွားဘဲ ဆုမွန်ကောင်း တောင်းပေးတယ်။ ၂၆ အဗရှလုံက “မင်းကြီးမလိုက်ရင်လည်း အစ်ကိုအာမနုန်ကိုတော့ သွားခွင့်ပြုပါ”+ လို့ပြောတော့ ဒါဝိဒ်က “သူ့ကို ဘာကြောင့် သွားခိုင်းရမှာလဲ” လို့ပြောတယ်။ ၂၇ ဒါပေမဲ့ အဗရှလုံ မရမကတောင်းဆိုနေတော့ အာမနုန်နဲ့ သားတော်အားလုံးကို သွားခွင့်ပြုလိုက်တယ်။
၂၈ အဗရှလုံက အစေခံတွေကို “မင်းတို့ စောင့်ကြည့်နေ။ အာမနုန် ဝိုင်သောက်ပြီး ပျော်မြူးလာပြီဆိုရင် ‘အာမနုန်ကို သတ်ပစ်’ လို့ ငါအမိန့်ပေးမယ်။ အဲဒီအခါ သူ့ကို သတ်ကြ။ ငါကိုယ်တိုင် အမိန့်ပေးတာဖြစ်လို့ မကြောက်နဲ့။ သတ္တိရှိရှိသာ လုပ်ကြ” ဆိုပြီး မှာထားတယ်။ ၂၉ အစေခံတွေလည်း အဗရှလုံ ခိုင်းတဲ့အတိုင်း အာမနုန်ကို သတ်လိုက်တယ်။ တခြားသားတော်အားလုံးကတော့ လားကိုယ်စီ စီးပြီး ထွက်ပြေးသွားတယ်။ ၃၀ သူတို့ လမ်းခုလတ်မှာ ရှိနေတုန်း “သားတော်အားလုံးကို အဗရှလုံ သတ်လိုက်ပြီ” ဆိုတဲ့သတင်း ဒါဝိဒ်ဆီ ရောက်လာတယ်။ ၃၁ အဲဒီအခါ ဒါဝိဒ်က အဝတ်တွေကို ဆွဲဆုတ်ပြီး ကြမ်းပြင်ပေါ် လဲနေတယ်။ မင်းမှုထမ်းတွေလည်း အဝတ်တွေကို ဆွဲဆုတ်ပြီး ရပ်နေကြတယ်။
၃၂ ဒါပေမဲ့ ဒါဝိဒ်အစ်ကို ရှိမာရဲ့သား+ ယောနဒပ်က+ “အရှင်မင်းကြီး၊ သားတော်အားလုံး အသတ်ခံရပြီဆိုတဲ့ သတင်းကို မယုံပါနဲ့။ အဗရှလုံရဲ့အမိန့်နဲ့ အာမနုန်တစ်ယောက်ကိုပဲ သတ်လိုက်ကြတာပါ။+ နှမ+ တာမာကို အာမနုန် စော်ကားတဲ့နေ့ကစပြီး+ အဗရှလုံက အခုလိုလုပ်ဖို့ ကြံစည်ထားတာ။+ ၃၃ ‘သားတော်အားလုံး အသတ်ခံရပြီ’ ဆိုတဲ့သတင်းကို မင်းကြီး မယုံပါနဲ့။ အာမနုန်တစ်ယောက်ပဲ သေတာပါ” လို့လျှောက်တင်တယ်။
၃၄ အဲဒီအချိန်မှာ အဗရှလုံ ထွက်ပြေးသွားပြီ။+ နောက်တော့ ကင်းစောင့်က အနောက်ဘက် လှမ်းကြည့်လိုက်တဲ့အခါ တောင်ပတ်လမ်းအတိုင်း လူတွေလာနေတာ တွေ့ရတယ်။ ၃၅ အဲဒီအခါ ယောနဒပ်က+ “ကြည့်လိုက်ပါ။ သားတော်တွေ ပြန်လာနေပြီ။ ကျွန်တော်ပြောတဲ့အတိုင်းပါပဲ” လို့ ဒါဝိဒ်မင်းကို ပြောတယ်။ ၃၆ သူ့စကားဆုံးတာနဲ့ သားတော်တွေ ရောက်လာပြီး အကျယ်ကြီး ငိုကြတယ်။ ဒါဝိဒ်နဲ့ မင်းမှုထမ်းတွေလည်း အကြီးအကျယ် ငိုကြတယ်။ ၃၇ အဗရှလုံကတော့ ဂေရှုရိဘုရင် အမိဟုရဲ့သား တာလမဲဆီ+ ထွက်ပြေးသွားတယ်။ ဒါဝိဒ်က သားတော်အာမနုန် သေဆုံးသွားတဲ့အတွက် ရက်ပေါင်းများစွာ ဝမ်းနည်းပူဆွေးနေတယ်။ ၃၈ အဗရှလုံက ဂေရှုရိပြည်ကို+ ထွက်ပြေးသွားပြီး အဲဒီမှာ သုံးနှစ် ခိုလှုံတယ်။
၃၉ နောက်ဆုံးတော့ ဒါဝိဒ်မင်းက သေဆုံးသွားတဲ့ အာမနုန်ကို အလွမ်းပြေပြီး အဗရှလုံကို တွေ့ချင်စိတ် ပြင်းပြလာတယ်။