လုကာ
၅ တစ်နေ့တော့ ယေရှုက ဂင်နေသရက်အိုင်*+ နားမှာ ရပ်ပြီး ဘုရားသခင်ရဲ့ တရားစကားကို သွန်သင်နေတဲ့အခါ လူတွေ နားထောင်ဖို့ ကြိတ်ကြိတ်တိုး လာတယ်။ ၂ အဲဒီအခါ ကမ်းကပ်ထားတဲ့ လှေနှစ်စင်းကို ယေရှုမြင်တယ်။ တံငါသည်တွေကတော့ လှေပေါ်ကဆင်းပြီး ပိုက်ကွန်တွေကို ဆေးကြောနေတယ်။+ ၃ ယေရှုက ရှိမုန်ရဲ့လှေပေါ် တက်ပြီး ကမ်းကနေ နည်းနည်း ခွာခိုင်းတယ်။ ပြီးတော့ ထိုင်ပြီး ကမ်းပေါ်ကလူတွေကို သွန်သင်ပေးတယ်။ ၄ သွန်သင်ပြီးသွားတဲ့အခါ ယေရှုက “ရေနက်တဲ့ဘက်ကို လှော်သွားပြီး ပိုက်ကွန်ချပါ” လို့ပြောတော့၊ ၅ ရှိမုန်က “ဆရာ၊ ကျွန်တော်တို့ တစ်ညလုံး ကြိုးစားတာ ငါးတစ်ကောင်မှ မရဘူး။+ ဒါပေမဲ့ ဆရာခိုင်းတဲ့အတိုင်း ပိုက်ကွန်ချပါ့မယ်” လို့ပြောတယ်။ ၆ အဲဒီနောက် ပိုက်ကွန်ချလိုက်တဲ့အခါ ငါးတွေ အများကြီးဖမ်းမိတယ်။ ပိုက်ကွန်တွေ ပေါက်ပြဲလုမတတ်ပဲ။+ ၇ ဒါနဲ့ တခြားလှေပေါ်က တံငါသည်ရောင်းရင်းတွေကို အချက်ပြပြီး ခေါ်လိုက်တယ်။ သူတို့ ဝိုင်းကူတဲ့အခါ လှေနှစ်စင်းလုံး နစ်လုမတတ် ငါးတွေ အပြည့်ရတယ်။ ၈ ဒါကိုမြင်တဲ့အခါ ရှိမုန်ပေတရုက ယေရှုရှေ့မှာ ဒူးထောက်ပြီး “သခင်၊ ကျွန်တော်ဟာ အပြစ်များတဲ့သူပါ။ ကျွန်တော့်ဆီက ထွက်သွားပေးပါ” လို့ပြောတယ်။ ၉ ငါးတွေအများကြီး ဖမ်းမိတဲ့အတွက် သူရော အတူပါလာတဲ့သူတွေပါ သိပ်အံ့သြသွားလို့ပဲ။ ၁၀ သူ့အပေါင်းအဖော်တွေဖြစ်တဲ့ ဇေဗေဒဲရဲ့သား ယာကုပ်နဲ့ ယောဟန်လည်း+ အံ့သြနေတယ်။ ယေရှုက “မစိုးရိမ်နဲ့တော့။ အခုချိန်ကစပြီး ခင်ဗျားဟာ လူကိုဖမ်းတဲ့ တံငါသည် ဖြစ်လိမ့်မယ်”+ ဆိုပြီး ရှိမုန်ကို ပြောတယ်။ ၁၁ သူတို့လည်း လှေတွေကို ကမ်းကပ်ပြီးတဲ့နောက် အရာရာကိုစွန့်လွှတ်ပြီး ယေရှုနောက်ကို လိုက်ကြတယ်။+
၁၂ တစ်နေ့တော့ မြို့တစ်မြို့ကိုယေရှုရောက်လာတယ်။ အဲဒီမြို့မှာ တစ်ကိုယ်လုံး အနာကြီးရောဂါ စွဲနေသူတစ်ယောက် ရှိတယ်။ သူက ယေရှုကို မြင်တော့ ဦးညွှတ်ပြီး “သခင်၊ ဆန္ဒရှိရင် ကျွန်တော့်ကို သန့်ရှင်းအောင် လုပ်ပေးပါလား”+ လို့အသနားခံတယ်။ ၁၃ ယေရှုက သူ့ကို လှမ်းကိုင်ပြီး “ဆန္ဒရှိတာပေါ့။ သန့်ရှင်းစေ” လို့ပြောလိုက်တဲ့အခါ ချက်ချင်းပဲ အနာကြီးရောဂါ ပျောက်ပြီး သန့်ရှင်းသွားတယ်။+ ၁၄ ယေရှုက သူ့ကို “ရောဂါပျောက်ပြီဆိုတဲ့ အထောက်အထားအဖြစ်+ ပုရောဟိတ်ဆီသွားပြီး ကိုယ်ကိုပြပါ။ ခင်ဗျားက သန့်ရှင်းသွားပြီဖြစ်လို့ မောရှေ ညွှန်ကြားထားတဲ့အတိုင်း အလှူကို ဆက်သပါ”+ လို့ပြောတယ်။ အဲဒီနောက် ဘယ်သူ့ကိုမှ ပြန်မပြောပြဖို့ မှာလိုက်ပေမဲ့၊ ၁၅ ယေရှုရဲ့သတင်းဟာ ပိုပြီးပျံ့သွားတယ်။ လူတွေက ယေရှုဟောပြောတာကို နားထောင်ချင်လို့၊ ရောဂါပျောက်ချင်လို့ စုရုံးလာကြတယ်။+ ၁၆ ဒါပေမဲ့ ယေရှုက ဆုတောင်းဖို့အတွက် လူသူကင်းဝေးတဲ့နေရာကို မကြာခဏ သွားလေ့ရှိတယ်။
၁၇ တစ်နေ့၊ လူတွေကို ယေရှု သွန်သင်ပေးနေတုန်း ဖာရိရှဲတွေနဲ့* ပညတ်ကျမ်းဆရာတွေလည်း အဲဒီမှာ ထိုင်နေကြတယ်။ သူတို့က ဂျေရုဆလင်မြို့ကနေ၊ ဂါလိလဲပြည်၊ ယုဒပြည်မှာရှိတဲ့ ကျေးရွာတွေကနေ ရောက်လာကြတာ။ ယေရှုက လူတွေကို ကုသပေးဖို့ ယေဟောဝါရဲ့* တန်ခိုးကို ရထားတယ်။+ ၁၈ အဲဒီအချိန်မှာ လူတွေက လေဖြတ်နေသူကို ထမ်းစင်နဲ့ ထမ်းလာကြတယ်။ လူနာကို ယေရှုရှေ့အရောက်ပို့ဖို့ ကြိုးစားပေမဲ့၊+ ၁၉ လူတွေ ကြိတ်ကြိတ်တိုးနေလို့ ယေရှုဆီ မရောက်နိုင်ဘူး။ ဒါနဲ့ အိမ်မိုးပေါ်တက်၊ အုတ်ကြွပ်ကို ခွာပြီးမှ ယေရှုရှေ့တည့်တည့် ရောက်အောင် လူနာကို ထမ်းစင်နဲ့ လျှောချပေးတယ်။ ၂၀ သူတို့ရဲ့ ယုံကြည်ခြင်းကို မြင်တဲ့အခါ ယေရှုက “မင်းရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ” လို့ လေဖြတ်နေသူကို ပြောတယ်။+ ၂၁ ကျမ်းတတ်နဲ့ ဖာရိရှဲတွေက “ဒီလူ ဘုရားသခင်ကို စော်ကားပြောနေလိုက်တာ။ ဘုရားသခင်ကလွဲရင် ဘယ်သူကများ အပြစ်လွှတ်ပိုင်ခွင့်ရှိလို့လဲ”+ ဆိုပြီး တွေးနေကြတယ်။ ၂၂ သူတို့ ဘာတွေးနေမှန်း သိတဲ့အတွက် ယေရှုက “ဘာတွေ တွေးနေကြတာလဲ။ ၂၃ ‘မင်းရဲ့အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ’ လို့ပြောတာနဲ့ ‘ထပြီး လမ်းလျှောက်ပါ’ လို့ပြောတာ ဘယ်ဟာ ပိုပြောလွယ်သလဲ။ ၂၄ လူသားဟာ ကမ္ဘာပေါ်မှာ အပြစ်လွှတ်ပိုင်ခွင့်ရှိမှန်း ခင်ဗျားတို့သိအောင် သက်သေပြမယ်” ဆိုပြီး လေဖြတ်နေသူကို “ကျွန်တော်ပြောမယ်။ ထပါ။ ထမ်းစင်ကိုသယ်ပြီး အိမ်ပြန်တော့”+ လို့ပြောတဲ့အခါ၊ ၂၅ သူက လူတွေရှေ့မှာပဲ ထရပ်ပြီး ထမ်းစင်ကို သယ်၊ ဘုရားဘုန်းတော်ကို ချီးမွမ်းရင်း အိမ်ပြန်သွားတယ်။ ၂၆ လူအားလုံးက အံ့အားသင့်ပြီး ဘုရားဘုန်းတော်ကို ချီးမွမ်းကြတယ်။ “ဒီနေ့တော့ အံ့ဖွယ်ရာတွေ ငါတို့မြင်ရပြီ” ဆိုပြီး အံ့သြတကြီး ပြောကြတယ်။
၂၇ အဲဒီနောက် ယေရှု ထွက်သွားတဲ့အခါ လေဝိလို့ ခေါ်တဲ့ အခွန်ခံတစ်ယောက် အခွန်ရုံးမှာ ထိုင်နေတာကို မြင်တယ်။ ယေရှုက “ကျွန်တော့်နောက်လိုက်လုပ်ပါ”+ လို့ပြောတော့၊ ၂၈ လေဝိက အားလုံးကိုထားခဲ့ပြီး ထလိုက်လာတယ်။ ၂၉ အဲဒီနောက် ယေရှုအတွက် အိမ်မှာ စားသောက်ပွဲကြီး တည်ခင်းပေးတယ်။ အတူစားသောက်တဲ့ ဧည့်သည်တွေထဲမှာ အခွန်ခံတွေ အများကြီးပါတယ်။+ ၃၀ အဲဒီအခါ ဖာရိရှဲတွေ၊ အဖွဲ့ဝင်ကျမ်းတတ်တွေက “မင်းတို့က အခွန်ခံတွေ၊ အပြစ်သားတွေနဲ့လည်း အတူစားတာပဲလား” ဆိုပြီး တပည့်တွေကို ကဲ့ရဲ့ပြစ်တင်တယ်။+ ၃၁ ယေရှုက “ကျန်းမာသူတွေအတွက် သမားတော်မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ။+ ၃၂ ကျွန်တော်လာတာ ဖြောင့်မတ်သူတွေအတွက်မဟုတ်ဘူး။ အပြစ်သားတွေ နောင်တရစေဖို့ လာတာ” လို့ပြောတယ်။+
၃၃ လူတချို့က “ယောဟန်ရဲ့တပည့်တွေရော ဖာရိရှဲတွေရဲ့တပည့်တွေပါ ခဏခဏ အစာရှောင်ပြီး ဆုတောင်းတတ်ကြတယ်။ ခင်ဗျားရဲ့တပည့်တွေကျတော့ စားသောက်နေကြပါလား” လို့ပြောတဲ့အခါ၊+ ၃၄ ယေရှုက “သတို့သားနဲ့အတူ ရှိနေချိန်မှာ သတို့သားရဲ့ သူငယ်ချင်းတွေကို အစာရှောင်ခိုင်းလို့ရသလား။ ၃၅ သတို့သားကို+ သူတို့ဆီကနေ ခေါ်သွားမယ့်နေ့ ရောက်လာလိမ့်မယ်။ အဲဒီနေ့ကျမှ သူတို့ အစာရှောင်လိမ့်မယ်”+ လို့ပြောတယ်။
၃၆ အဲဒီနောက် ပုံဥပမာသုံးပြီး ယေရှုပြောလိုက်တာက– “အထည်သစ်ကနေ အစတစ်စကို ဖြတ်ပြီး အထည်ဟောင်းကို ဖာလေ့မရှိဘူး။ အဲဒီလိုဖာရင် ပိတ်စအသစ် ရုန်းလို့ အထည်ဟောင်း ပြဲသွားမှာပေါ့။ ပြီးတော့ အထည်ဟောင်းနဲ့လည်း ဘယ်လိုမှ လိုက်ဖက်မှာ မဟုတ်ဘူး။+ ၃၇ အဲဒီလိုပဲ၊ သားရေဘူးအဟောင်းထဲ စပျစ်ဝိုင်အသစ် ထည့်လေ့မရှိဘူး။ ထည့်ရင် ဝိုင်အသစ်ကြောင့် သားရေဘူး ကွဲထွက်ပြီး ဝိုင်လည်း ယို၊ ဘူးလည်း ပျက်စီးသွားမှာပဲ။ ၃၈ ဝိုင်အသစ်ကို ဘူးအသစ်မှာပဲ ထည့်ရတယ်။ ၃၉ ဝိုင်အဟောင်း သောက်ပြီးရင် အသစ်ကို မသောက်ချင်ဘူး။ ‘အဟောင်းက ကောင်းတယ်’ လို့ပြောတတ်ကြတယ်။”