ဧသတာ
၆ အဲဒီညမှာ အာရွှေရုမင်း အိပ်မပျော်တဲ့အတွက် သမိုင်းမှတ်တမ်းကို+ ယူလာပြီး ဖတ်ပြခိုင်းတယ်။ ၂ နန်းတွင်းအရာရှိတွေဖြစ်တဲ့ တံခါးစောင့် ဗိဂသန်နဲ့ တေရက်က မင်းကြီးကိုလုပ်ကြံဖို့+ လျှို့ဝှက်ကြံစည်နေတဲ့အကြောင်း မော်ဒကဲ တိုင်ကြားခဲ့တဲ့ မှတ်တမ်းကို တွေ့သွားတယ်။ ၃ ဒါနဲ့ မင်းကြီးက “အဲဒီအတွက် မော်ဒကဲကို ဂုဏ်ပြုပြီး ဆုလာဘ်တွေ ချီးမြှင့်ပြီးပြီလား” လို့မေးတော့ အပါးတော်မြဲ မှူးမတ်တွေက “ဘာမှ မချီးမြှင့်ရသေးပါဘူး” ဆိုပြီးဖြေတယ်။
၄ အဲဒီနောက် မင်းကြီးက “ရင်ပြင်မှာ ဘယ်သူရှိသလဲ” လို့မေးတယ်။ အဲဒီအချိန်မှာ ဟာမန်က သူလုပ်ထားတဲ့သစ်တိုင်မှာ မော်ဒကဲကို ဆွဲထားပါဆိုပြီး လျှောက်တင်ဖို့+ နန်းတော်အပြင်ရင်ပြင်မှာ ရောက်နေတယ်။+ ၅ “ရင်ပြင်မှာ ဟာမန်ရှိနေပါတယ်”+ လို့ မှူးမတ်တွေ လျှောက်တော့ မင်းကြီးက “ဝင်လာခိုင်းလိုက်” လို့ပြောတယ်။
၆ ဟာမန် ဝင်လာတဲ့အခါ မင်းကြီးက “ငါကိုယ်တော်မြတ် ဂုဏ်ပြုချင်တဲ့ လူတစ်ယောက် ရှိတယ်။ သူ့ကို ဘယ်လို ဂုဏ်ပြုရင်ကောင်းမလဲ” လို့မေးတော့ ဟာမန်က “မင်းကြီး ဂုဏ်ပြုချင်တဲ့သူဟာ ငါကလွဲလို့ ဘယ်သူ ရှိဦးမှာလဲ”+ လို့တွေးပြီး၊ ၇ “မင်းကြီး ဂုဏ်ပြုချင်တဲ့သူအတွက်၊ ၈ မင်းကြီးဝတ်တဲ့ မင်းဝတ်တန်ဆာအပြင်+ ခေါင်းမှာ အလှတန်ဆာ ဆင်ထားတဲ့ စီးတော်မြင်းကို ယူလာခိုင်းလိုက်ပါ။ ၉ အဲဒီမင်းဝတ်တန်ဆာနဲ့ စီးတော်မြင်းကို မှူးကြီးမတ်ကြီး တစ်ယောက်ဆီမှာ အပ်ပြီး မင်းကြီး ဂုဏ်ပြုချင်တဲ့သူကို မင်းဝတ်တန်ဆာ ဝတ်ဆင်စေပါ။ မြင်းတော်ကို စီးစေပြီး လူထုရင်ပြင်မှာ လှည့်လည်စေပါ။ ပြီးတော့ ‘မင်းကြီး ဂုဏ်ပြုချင်တဲ့သူကို ဒီလိုဂုဏ်ပြုချီးမြှင့်ရတယ်’ ဆိုပြီး ရှေ့ကနေ ကြေညာစေရမယ်”+ လို့လျှောက်တင်တယ်။ ၁၀ မင်းကြီးက “မင်းဝတ်တန်ဆာနဲ့ စီးတော်မြင်းကို မြန်မြန်ယူလာခဲ့။ နန်းတော်တံခါးမှာ ထိုင်နေတဲ့ ဂျူးလူမျိုး မော်ဒကဲကို အဲဒီအတိုင်း လုပ်ပေးလိုက်။ အခုနပြောတာတွေ တစ်ခုမှမကျန်စေနဲ့” ဆိုပြီး ဟာမန်ကို ချက်ချင်း အမိန့်ပေးတယ်။
၁၁ ဒါနဲ့ ဟာမန်က မင်းဝတ်တန်ဆာနဲ့ စီးတော်မြင်းကို ယူလာတယ်။ မော်ဒကဲကို မင်းဝတ်တန်ဆာ ဝတ်ဆင်ပေးပြီး+ စီးတော်မြင်းနဲ့ လူထုရင်ပြင်မှာ လှည့်လည်စေတယ်။ ပြီးတော့ “မင်းကြီး ဂုဏ်ပြုချင်တဲ့သူကို ဒီလို ဂုဏ်ပြုချီးမြှင့်ရတယ်” လို့ ရှေ့ကနေ ကြေညာတယ်။ ၁၂ အဲဒီနောက် မော်ဒကဲက နန်းတော်တံခါးဆီ ပြန်လာတယ်။ ဟာမန်ကတော့ ခေါင်းကိုခြုံပြီး ညည်းတွားမြည်တမ်းရင်း အိမ်ကို သုတ်ခြေတင်တော့တယ်။ ၁၃ ဟာမန်က ကြုံတွေ့ရသမျှကို ဇနီးဇေရက်နဲ့+ ပညာရှိမိတ်ဆွေတွေကို ပြောပြတဲ့အခါ သူတို့က “ခုချိန်ကစပြီး မော်ဒကဲကို ခင်ဗျား ရှုံးပြီ။ အဲဒီမော်ဒကဲသာ ဂျူးမျိုးနွယ်မှန်တယ်ဆိုရင် သူ့ကို ခင်ဗျား အနိုင်ရမှာ မဟုတ်ဘူး။ ကျိန်းသေ ရှုံးနိမ့်မှာပဲ” ဆိုပြီးပြောကြတယ်။
၁၄ အဲဒီလိုပြောနေတုန်းမှာပဲ နန်းတွင်းအရာရှိတွေ ရောက်လာပြီး ဟာမန်ကို ဧသတာပြင်ဆင်တဲ့ စားသောက်ပွဲဆီ အမြန် ခေါ်သွားကြတော့တယ်။+