ဝတ်ပြုရာ
၄ ယေဟောဝါက မောရှေကို မိန့်မှာတယ်– ၂ “အစ္စရေးတွေကို ပြောပါ။ ‘လူတစ်ယောက်က ယေဟောဝါ တားမြစ်ထားတာကို လုပ်ပြီး မတော်တဆ အပြစ်ကျူးလွန်မိရင်+ လုပ်ဆောင်ရမှာကတော့–
၃ “‘ဘိသိက်ခံ ပုရောဟိတ်ကိုယ်တိုင်+ အပြစ်လုပ်မိပြီး+ လူတွေအပေါ် အပြစ်ရောက်စေတယ်ဆိုရင် သူကျူးလွန်တဲ့ အပြစ်အတွက် အပြစ်ဖြေရာအလှူအဖြစ် အနာအဆာမရှိတဲ့ နွားထီးပျိုတစ်ကောင်ကို ယေဟောဝါဆီ ဆက်သရမယ်။+ ၄ သူက နွားထီးကို ယေဟောဝါရှေ့၊ တွေ့ဆုံရာတဲတော်ဝင်ပေါက်ဆီ ယူလာရမယ်။+ နွားထီးရဲ့ခေါင်းပေါ် လက်တင်ပြီး ယေဟောဝါရှေ့မှာ သတ်ရမယ်။+ ၅ ဘိသိက်ခံပုရောဟိတ်က+ နွားထီးရဲ့ သွေးနည်းနည်းကို တွေ့ဆုံရာတဲတော်ထဲ ယူလာရမယ်။ ၆ လက်ညှိုးကို သွေးထဲနှစ်ပြီး+ သန့်ရှင်းရာ ဌာနတော်ထဲက ကန့်လန့်ကာရှေ့၊ ယေဟောဝါရှေ့မှာ ခုနစ်ခါ ဖျန်းရမယ်။+ ၇ ယေဟောဝါရှေ့၊ တွေ့ဆုံရာတဲတော်ထဲက နံ့သာပေါင်းပလ္လင်ရဲ့ ဦးချိုအတက်တွေပေါ်မှာလည်း သွေးနည်းနည်း သုတ်ရမယ်။+ ကျန်တဲ့သွေးအားလုံးကိုတော့ တွေ့ဆုံရာတဲတော် ဝင်ပေါက်က မီးရှို့ပူဇော်ရာပလ္လင် ခြေရင်းမှာ သွန်ချရမယ်။+
၈ “‘အဲဒီနောက် သူက အပြစ်ဖြေရာအလှူဖြစ်တဲ့ နွားထီးရဲ့အဆီအားလုံးကို ဖယ်ထုတ်ထားရမယ်။ အဲဒီအဆီတွေကတော့ ဝမ်းတွင်းအဆီလွှာ၊ အူမှာကပ်နေတဲ့အဆီ၊ ၉ ခါးအတွင်းပိုင်းမှာရှိတဲ့ ကျောက်ကပ်နှစ်ခုနဲ့ ကျောက်ကပ်ပေါ်က အဆီတွေပဲ။ ကျောက်ကပ်တွေနဲ့အတူ အသည်းပေါ်က အဆီလွှာလည်း ပါတယ်။+ ၁၀ မိတ်သဟာယ ပူဇော်သက္ကာဖြစ်တဲ့ နွားထီးရဲ့ အဆီကို ဖယ်ထုတ်သလိုပဲ+ အဲဒီအဆီတွေကို ဖယ်ထုတ်ပြီး မီးရှို့ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ဆက်သရမယ်။
၁၁ “‘ကျန်တဲ့ အရေခွံ၊ အသား၊ ခေါင်း၊ ခြေထောက်၊ အူ၊ မစင်အားလုံးကို၊+ ၁၂ စခန်းအပြင်ဘက်၊ ပြာတွေသွန်ထားရာ သန့်ရှင်းတဲ့နေရာဆီ ယူသွားပြီး ထင်းမီးပေါ်မှာ မီးရှို့ရမယ်။+ ပြာသွန်ထားတဲ့ နေရာမှာ အဲဒါတွေကို မီးရှို့ရမယ်။
၁၃ “‘အစ္စရေးတစ်မျိုးလုံး မတော်တဆ အပြစ်ကျူးလွန်မိတယ် ဆိုပါစို့။+ ယေဟောဝါ တားမြစ်ထားတာကို လုပ်မိမှန်း မသိလိုက်ဘဲ၊+ ၁၄ နောက်မှ အပြစ်ရှိမှန်းသိပြီဆိုရင် အပြစ်ဖြေရာအလှူအဖြစ် နွားထီးပျိုတစ်ကောင်ကို သူတို့ဆက်သရမယ်။ နွားထီးကို တွေ့ဆုံရာတဲတော်ရှေ့ ယူလာရမယ်။ ၁၅ အစ္စရေး အကြီးအကဲတွေက ယေဟောဝါရှေ့မှာ နွားထီးရဲ့ ခေါင်းပေါ် လက်တင်ရမယ်။ နွားထီးကို ယေဟောဝါရှေ့မှာ သတ်ရမယ်။
၁၆ “‘အဲဒီနောက် ဘိသိက်ခံပုရောဟိတ်က နွားထီးရဲ့ သွေးနည်းနည်းကို တွေ့ဆုံရာတဲတော်ထဲ ယူလာရမယ်။ ၁၇ လက်ညှိုးကို သွေးထဲနှစ်ပြီး ကန့်လန့်ကာရှေ့၊+ ယေဟောဝါရှေ့မှာ ခုနစ်ခါ ဖျန်းရမယ်။ ၁၈ ပြီးတော့ ယေဟောဝါရှေ့၊ တွေ့ဆုံရာတဲတော်ထဲက နံ့သာပေါင်းပလ္လင်ရဲ့ ဦးချိုအတက်တွေပေါ်+ သွေးနည်းနည်း သုတ်ရမယ်။ ကျန်တဲ့သွေးအားလုံးကိုတော့ တွေ့ဆုံရာတဲတော်ဝင်ပေါက်က+ မီးရှို့ပူဇော်ရာ ပလ္လင်ခြေရင်းမှာ သွန်ချရမယ်။ ၁၉ နွားထီးရဲ့ အဆီတွေကို ဖယ်ထုတ်ပြီး ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။+ ၂၀ ပုရောဟိတ်က အပြစ်ဖြေရာအလှူဖြစ်တဲ့ နွားထီးကို ကိုယ်တိုင်အတွက် ပူဇော်တုန်းကလိုပဲ ဒီနွားထီးကိုလည်း အဲဒီအတိုင်း ပူဇော်ပြီး လူတွေအတွက် အပြစ်ဖြေပေးရမယ်။+ ဒီနည်းနဲ့ သူတို့ အပြစ်လွတ်လိမ့်မယ်။ ၂၁ သူက နွားထီးကို စခန်းအပြင်ဘက် ယူသွားပြီး ကိုယ့်အတွက်ပူဇော်တဲ့ နွားထီးကို မီးရှို့သလို မီးရှို့ရမယ်။+ ဒါဟာ အစ္စရေးတစ်မျိုးလုံးအတွက် အပြစ်ဖြေရာအလှူပဲ။+
၂၂ “‘ခေါင်းဆောင်တစ်ယောက်က+ ယေဟောဝါဘုရား တားမြစ်ထားတာကို လုပ်ပြီး မတော်တဆ အပြစ်ကျူးလွန်မိရင်၊ ၂၃ ဒါမှမဟုတ် ပညတ်ချက်ကို ချိုးဖောက်မိမှန်း သိလိုက်ပြီဆိုရင် အနာအဆာမရှိတဲ့ ဆိတ်ထီးလေးတစ်ကောင်ကို အလှူအဖြစ် ယူလာရမယ်။ ၂၄ သူက ဆိတ်ထီးလေးရဲ့ခေါင်းပေါ် လက်တင်ပြီး ယေဟောဝါရှေ့ မီးရှို့ရာအလှူသတ်တဲ့နေရာမှာ အဲဒီဆိတ်ကို သတ်ရမယ်။+ ဒါဟာ အပြစ်ဖြေရာအလှူပဲ။ ၂၅ ပုရောဟိတ်က အပြစ်ဖြေရာအလှူဖြစ်တဲ့ တိရစ္ဆာန်ရဲ့ သွေးနည်းနည်းကို လက်ညှိုးနဲ့ယူပြီး မီးရှို့ပူဇော်ရာပလ္လင်ရဲ့ ဦးချိုအတက်တွေပေါ် သုတ်ရမယ်။+ ကျန်တဲ့သွေးကိုတော့ ပူဇော်ရာပလ္လင်ခြေရင်းမှာ သွန်ချရမယ်။+ ၂၆ မိတ်သဟာယ ပူဇော်သက္ကာရဲ့ အဆီကို မီးရှို့သလို ဆိတ်ထီးလေးရဲ့ အဆီတွေကို ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။+ သူ့အပြစ်အတွက် ပုရောဟိတ်က အပြစ်ဖြေပေးရမယ်။ ဒါဆိုရင် သူ့အပြစ် ခွင့်လွှတ်ခံရမယ်။
၂၇ “‘ဒီပြည်မှာနေတဲ့ လူတစ်ယောက်က ယေဟောဝါ တားမြစ်ထားတာကို လုပ်ပြီး မတော်တဆ အပြစ်ကျူးလွန်မိရင်၊+ ၂၈ ဒါမှမဟုတ် အပြစ်ကျူးလွန်မိမှန်း သိလိုက်ပြီဆိုရင် ကျူးလွန်မိတဲ့ အပြစ်အတွက် အနာအဆာမရှိတဲ့ ဆိတ်မလေးတစ်ကောင်ကို အလှူအဖြစ် ယူလာရမယ်။ ၂၉ သူက အပြစ်ဖြေရာအလှူဖြစ်တဲ့ ဆိတ်မလေးရဲ့ ခေါင်းပေါ် လက်တင်ပြီး မီးရှို့ရာအလှူကိုသတ်တဲ့ နေရာမှာ အဲဒီဆိတ်ကို သတ်ရမယ်။+ ၃၀ ပုရောဟိတ်က သွေးနည်းနည်းကို လက်ညှိုးနဲ့ယူပြီး မီးရှို့ပူဇော်ရာပလ္လင်ရဲ့ ဦးချိုအတက်တွေပေါ် သုတ်ရမယ်။ ကျန်တဲ့ သွေးအားလုံးကိုတော့ ပူဇော်ရာပလ္လင်ခြေရင်းမှာ သွန်ချရမယ်။+ ၃၁ မိတ်သဟာယ ပူဇော်သက္ကာရဲ့ အဆီကို ဖယ်ထုတ်သလို+ ဆိတ်မလေးရဲ့ အဆီအားလုံးကို ဖယ်ထုတ်ပြီး+ ယေဟောဝါအတွက် မွှေးကြိုင်တဲ့ရနံ့အဖြစ် ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။ သူ့အတွက် ပုရောဟိတ်က အပြစ်ဖြေပေးရမယ်။ ဒါဆိုရင် သူ့အပြစ် ခွင့်လွှတ်ခံရမယ်။
၃၂ “‘သူက အပြစ်ဖြေရာအလှူအဖြစ် သိုးကို ပူဇော်မယ်ဆိုရင်တော့ အနာအဆာမရှိတဲ့ သိုးမလေးကို ယူလာရမယ်။ ၃၃ အပြစ်ဖြေရာအလှူဖြစ်တဲ့ သိုးမလေးရဲ့ခေါင်းပေါ် လက်တင်ပြီး မီးရှို့ရာအလှူသတ်တဲ့ နေရာမှာ အပြစ်ဖြေရာအလှူအဖြစ် အဲဒီသိုးကို သတ်ရမယ်။+ ၃၄ ပုရောဟိတ်က အပြစ်ဖြေရာအလှူရဲ့ သွေးနည်းနည်းကို လက်ညှိုးနဲ့ယူပြီး မီးရှို့ပူဇော်ရာပလ္လင်ရဲ့ ဦးချိုအတက်တွေပေါ် သုတ်ရမယ်။+ ကျန်တဲ့သွေး အားလုံးကိုတော့ ပူဇော်ရာပလ္လင်ခြေရင်းမှာ သွန်ချရမယ်။ ၃၅ မိတ်သဟာယ ပူဇော်သက္ကာဖြစ်တဲ့ သိုးထီးလေးရဲ့ အဆီကို ဖယ်ထုတ်သလို သိုးမလေးရဲ့ အဆီအားလုံးကို ဖယ်ထုတ်ရမယ်။ ပုရောဟိတ်က အဲဒီအဆီတွေကို ပူဇော်ရာပလ္လင်ပေါ်မှာ ယေဟောဝါအတွက် ပူဇော်ထားတဲ့ မီးရှို့ရာအလှူပေါ် တင်ပြီး မီးရှို့ရမယ်။+ သူကျူးလွန်မိတဲ့ အပြစ်အတွက် ပုရောဟိတ်က အပြစ်ဖြေပေးရမယ်။ ဒါဆိုရင် သူ့အပြစ် ခွင့်လွှတ်ခံရမယ်။+