တရားဟောရာ
၁၇ “အနာအဆာတွေ၊ ချွတ်ယွင်းချက်တွေ ရှိတဲ့ နွားထီး ဒါမှမဟုတ် သိုးကို ယေဟောဝါဘုရားဆီ မပူဇော်ရဘူး။ ယေဟောဝါဘုရားအတွက် ရွံစရာဖြစ်လို့ပဲ။+
၂ “ယေဟောဝါဘုရား ပေးထားတဲ့ မြို့တစ်မြို့မှာ ယောက်ျား ဒါမှမဟုတ် မိန်းမတစ်ယောက်က ယေဟောဝါဘုရားရဲ့ အမြင်မှာ မကောင်းတာလုပ်ပြီး ဘုရားရဲ့ပဋိညာဉ်ကို ချိုးဖောက်တယ်၊+ ၃ လမ်းလွဲသွားပြီး တခြားဘုရားတွေကို ဝတ်ပြုတဲ့အပြင် နေ၊ လအစရှိတဲ့ ကောင်းကင်ပေါ်ကအရာတွေကို ဦးချရှိခိုးတယ်၊+ ဒီနည်းနဲ့ မမိန့်မှာထားတဲ့အရာကို လုပ်နေတယ်ဆိုပါစို့။+ ၄ ဒီအကြောင်းကို လာပြောပြတဲ့အခါ ဒါမှမဟုတ် ကြားမိတဲ့အခါ အသေအချာ စုံစမ်းရမယ်။ အစ္စရေးပြည်မှာ ဒီရွံမုန်းစရာလုပ်ရပ်ကို လုပ်နေတာ သေချာရင်၊+ ၅ အဲဒီလို ဆိုးညစ်တဲ့လုပ်ရပ်ကို လုပ်တဲ့ ယောက်ျား ဒါမှမဟုတ် မိန်းမကို မြို့တံခါးအပြင်ဘက် ခေါ်ထုတ်ပြီး ကျောက်ခဲနဲ့ ပေါက်သတ်ရမယ်။+ ၆ သေဒဏ်ခံထိုက်သူကို သက်သေတစ်ယောက်တည်းရဲ့ ထွက်ဆိုချက်နဲ့တော့ သေဒဏ်မပေးရဘူး။ သက်သေနှစ်ယောက်၊ သုံးယောက်ရှိမှပဲ သေဒဏ်ပေးရမယ်။+ ၇ သက်သေထွက်ဆိုသူတွေက အရင်ဆုံး သူ့ကို ကျောက်ခဲနဲ့ ပေါက်ရမယ်။ ပြီးမှ ကျန်တဲ့သူအားလုံးက ကျောက်ခဲနဲ့ ပေါက်သတ်ရမယ်။ ဒီနည်းနဲ့ ဆိုးညစ်မှုကို ခင်ဗျားတို့ဆီကနေ ဖယ်ရှားရမယ်။+
၈ “မြို့တစ်မြို့မှာ လူသတ်မှု၊+ တရားစွဲဆိုမှု၊ အကြမ်းဖက်မှု၊ အငြင်းပွားမှု ပေါ်လာပြီး စီရင်ဆုံးဖြတ်ပေးဖို့ သိပ်ခက်ခဲနေရင် ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာကို သွားရမယ်။+ ၉ တာဝန်ထမ်းဆောင်နေတဲ့ လေဝိအနွယ် ပုရောဟိတ်တွေနဲ့ တရားသူကြီးဆီ+ သွားပြီး အမှုကို တင်ပြပါ။ သူတို့ စီရင်ဆုံးဖြတ်ပေးမယ်။+ ၁၀ ယေဟောဝါ ရွေးချယ်တဲ့နေရာကနေ သူတို့ဆုံးဖြတ်ပေးတဲ့အတိုင်း လုပ်ဆောင်ရမယ်။ သူတို့ညွှန်ကြားတဲ့အတိုင်း ဂရုတစိုက် လိုက်နာရမယ်။ ၁၁ သူတို့ထောက်ပြတဲ့ ပညတ်အတိုင်း၊ သူတို့ချမှတ်တဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ရမယ်။+ အဲဒီဆုံးဖြတ်ချက်အတိုင်း တစ်သဝေမတိမ်း လိုက်နာရမယ်။+ ၁၂ ယေဟောဝါဘုရားရှေ့မှာ အမှုဆောင်တဲ့ ပုရောဟိတ်ရဲ့စကား၊ တရားသူကြီးရဲ့စကားကို နားမထောင်ဘဲ အတင့်ရဲပြီး လုပ်နေတဲ့သူကို သေဒဏ်ပေးရမယ်။+ ဒီနည်းနဲ့ ဆိုးညစ်မှုကို အစ္စရေးပြည်ကနေ ဖယ်ရှားပစ်ရမယ်။+ ၁၃ ဒါကို အစ္စရေးတွေ ကြားတဲ့အခါ ကြောက်ရွံ့ ပြီး အတင့်ရဲကြတော့မှာ မဟုတ်ဘူး။+
၁၄ “ယေဟောဝါဘုရားပေးတဲ့ ပြည်ထဲ ဝင်ရောက်သိမ်းပိုက်ပြီး နေထိုင်တဲ့အခါ ‘ပတ်ဝန်းကျင်က လူမျိုးတွေလို ဘုရင်တစ်ပါး နန်းတင်မယ်’ လို့ ခင်ဗျားတို့ ပြောလာလိမ့်မယ်။+ ၁၅ အဲဒီအခါ ယေဟောဝါဘုရား ရွေးချယ်တဲ့သူကိုပဲ နန်းတင်ရမယ်။+ အဲဒီဘုရင်ဟာ ကိုယ့်ညီအစ်ကိုတွေထဲက ဖြစ်ရမယ်။ ကိုယ့်ညီအစ်ကို မဟုတ်တဲ့ တိုင်းတစ်ပါးသား မဖြစ်ရဘူး။ ၁၆ အဲဒီဘုရင်က မြင်းတွေအများကြီး မစုဆောင်းရဘူး။+ မြင်းတွေရဖို့ အီဂျစ်ပြည်ဆီ လူတွေကို မသွားခိုင်းရဘူး။+ ‘အီဂျစ်ပြည်ကို ပြန်မသွားရဘူး’ လို့ ယေဟောဝါ ပြောထားတယ်။ ၁၇ ဘုရင်က စိတ်နှလုံး လမ်းမလွဲရလေအောင် မိဖုရားအများကြီး မထားရဘူး။+ ရွှေငွေအများကြီး မစုဆောင်းရဘူး။+ ၁၈ သူနန်းထိုင်တဲ့အခါ လေဝိအနွယ် ပုရောဟိတ်တွေ သိမ်းဆည်းထားတဲ့ ဒီပညတ်ကျမ်းကိုယူပြီး ကိုယ်တိုင် တစ်စောင်ကူးရေးရမယ်။+
၁၉ “ဘုရင်က အဲဒီကျမ်းလိပ်ကို ကိုယ်နဲ့မကွာ ဆောင်ထားပြီး တစ်သက်လုံး ဖတ်ရမယ်။+ ဒါမှ ယေဟောဝါဘုရားကို ကြောက်ရွံ့ရိုသေတတ်လာပြီး ကျမ်းလိပ်မှာပါတဲ့ စကားတွေ၊ စည်းမျဉ်းတွေကို လိုက်နာနိုင်မယ်။+ ၂၀ အဲဒီလိုလုပ်မယ်ဆိုရင် ကိုယ့်အမျိုးသားချင်းတွေထက် သာတယ်ဆိုပြီး စိတ်ကြီးဝင်လာမှာ မဟုတ်ဘူး။ ပညတ်ချက်တွေကနေ လမ်းလွဲသွားမှာ မဟုတ်ဘူး။ အစ္စရေးပြည်မှာ ကိုယ်တိုင်ရော၊ သားမြေးတွေပါ နန်းသက် ကြာရှည်လိမ့်မယ်။