ယောရှု
၆ ယေရိခေါမြို့မှာတော့ အစ္စရေးတွေကို ကြောက်လို့ မြို့တံခါးကို လုံလုံခြုံခြုံ ပိတ်ထားတယ်။ မြို့ထဲဝင်ထွက်တဲ့သူ တစ်ယောက်မှ မရှိဘူး။+
၂ ယေဟောဝါက ယောရှုကို “အခု ယေရိခေါမြို့၊ ယေရိခေါမင်းကြီးနဲ့ ခွန်အားကြီး စစ်သည်တွေကို မင်းလက်ထဲ ငါအပ်ပြီ။+ ၃ မင်းတို့စစ်သည်တွေက မြို့ကို တစ်ရက် တစ်ကြိမ်၊ ခြောက်ရက် လှည့်ပတ်ချီတက်ရမယ်။ ၄ ပုရောဟိတ်ခုနစ်ယောက်က သိုးချိုတံပိုးကိုယ်စီ ကိုင်ပြီး ပဋိညာဉ်သေတ္တာရှေ့ကနေ သွားရမယ်။ ခုနစ်ရက်မြောက်နေ့မှာတော့ မြို့ကို ခုနစ်ကြိမ် လှည့်ပတ်ချီတက်ရမယ်။ ပုရောဟိတ်တွေက တံပိုးမှုတ်ရမယ်။+ ၅ တံပိုးသံကြားတာနဲ့ စစ်သည်အားလုံး စစ်ငြာသံပေးရမယ်။ အဲဒီအခါ မြို့ရိုး လုံးဝပြိုကျသွားမယ်။+ စစ်သည်တွေလည်း မြို့ထဲကို တစ်ဟုန်ထိုး ဝင်တိုက်ရမယ်” ဆိုပြီး မိန့်မှာတယ်။
၆ နုန်ရဲ့သား ယောရှုက ပုရောဟိတ်တွေကို ခေါ်ပြီး “ခင်ဗျားတို့က ပဋိညာဉ်သေတ္တာကို ထမ်းရမယ်။ သိုးချိုတံပိုးကိုယ်စီ ကိုင်ထားတဲ့ ပုရောဟိတ်ခုနစ်ယောက်က ယေဟောဝါရဲ့ သေတ္တာတော်ရှေ့ကနေ+ သွားပါ” လို့ပြောတယ်။ ၇ စစ်သည်တွေကိုလည်း+ “ခင်ဗျားတို့ကတော့ မြို့ကို လှည့်ပတ်ချီတက်ရမယ်။ လက်နက်ကိုင်ထားတဲ့ ခင်ဗျားတို့က ယေဟောဝါရဲ့ သေတ္တာတော်ရှေ့ကနေ ချီတက်ပါ” လို့ပြောတယ်။ ၈ ယောရှုပြောတဲ့အတိုင်း တံပိုးကိုယ်စီ ကိုင်ထားတဲ့ ပုရောဟိတ်ခုနစ်ယောက်က ယေဟောဝါရှေ့ကနေ သွားပြီး တံပိုးမှုတ်ကြတယ်။ ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို ထမ်းတဲ့သူတွေက နောက်ကနေ လိုက်ကြတယ်။ ၉ ရှေ့ဆုံးမှာ လက်နက်ကိုင်စစ်သည်တွေ ချီတက်တယ်။ သူတို့နောက်မှာ ပုရောဟိတ်တွေက တံပိုးဆက်တိုက်မှုတ်ရင်း လိုက်လာတယ်။ ပဋိညာဉ်သေတ္တာ ထမ်းတဲ့သူတွေလည်း ပါတယ်။ သူတို့နောက်မှာ နောက်ရံတပ်သားတွေ လိုက်ပါလာတယ်။
၁၀ ယောရှုက စစ်သည်တွေကို “မအော်ကြနဲ့။ စကား မပြောမိစေနဲ့။ ‘အော်ကြ’ လို့ အမိန့်မပေးမချင်း စကားတစ်ခွန်းမှ မပြောကြနဲ့။ ကျုပ်အမိန့်ပေးမှပဲ အော်ကြ” လို့မှာထားတယ်။ ၁၁ ပြီးတော့ ယေဟောဝါရဲ့ သေတ္တာတော်ကို ထမ်းပြီး မြို့ကို တစ်ပတ် ပတ်ခိုင်းတယ်။ ပြီးမှ စခန်းကို ပြန်လာပြီး ညအိပ်ကြတယ်။
၁၂ နောက်တစ်နေ့မနက်မှာ ယောရှုက စောစောထတယ်။ ပုရောဟိတ်တွေလည်း ယေဟောဝါရဲ့ သေတ္တာတော်ကို ထမ်းလာကြတယ်။+ ၁၃ ယေဟောဝါရဲ့ သေတ္တာတော် ရှေ့ဆုံးမှာ လက်နက်ကိုင်စစ်သည်တွေ ချီတက်တယ်။ သူတို့နောက်မှာ ပုရောဟိတ်ခုနစ်ယောက်က ကိုယ်စီကိုင်ထားတဲ့ တံပိုးကို မပြတ်မှုတ်ရင်း လိုက်လာတယ်။ ယေဟောဝါရဲ့ သေတ္တာတော်ကို ထမ်းတဲ့သူတွေလည်း ပါတယ်။ သူတို့နောက်ကနေ နောက်ရံတပ်သားတွေ လိုက်ပါလာတယ်။ ၁၄ ဒုတိယနေ့မှာလည်း မြို့ကို တစ်ပတ်ပတ်ပြီး ချီတက်တယ်။ ပြီးမှ စခန်းကို ပြန်လာကြတယ်။ အဲဒီအတိုင်း ခြောက်ရက်လုံး ချီတက်ကြတယ်။+
၁၅ ခုနစ်ရက်မြောက်နေ့ ရောက်တဲ့အခါ အရုဏ်တက်တာနဲ့ ထပြီး ခါတိုင်းလိုပဲ မြို့ကို လှည့်ပတ်ပြီး ချီတက်ကြတယ်။ အဲဒီနေ့မှာတော့ ခုနစ်ကြိမ်ပတ်ပြီး ချီတက်ကြတယ်။+ ၁၆ ခုနစ်ကြိမ်မြောက် ချီတက်ချိန်မှာ ပုရောဟိတ်တွေ တံပိုးမှုတ်တဲ့အခါ ယောရှုက စစ်သည်တွေကို “ကြွေးကြော်ကြ။+ ဒီမြို့ကို ခင်ဗျားတို့လက်ထဲ ယေဟောဝါဘုရား အပ်လိုက်ပြီ။ ၁၇ မြို့နဲ့ မြို့ထဲမှာရှိသမျှဟာ ဖျက်ဆီးပစ်ရမယ့်အရာတွေပဲ။+ ဒါတွေအားလုံးကို ယေဟောဝါ ပိုင်တယ်။ ပြည့်တန်ဆာရာခပ်က+ ကျုပ်တို့ လွှတ်လိုက်တဲ့ သူလျှိုတွေကို ဝှက်ထားပေးတဲ့အတွက် သူနဲ့ သူ့အိမ်မှာရှိတဲ့သူတွေကိုတော့ အသက်ချမ်းသာပေးရမယ်။+ ၁၈ ဖျက်ဆီးပစ်ရမယ့်အရာတွေနဲ့ ဝေးဝေးနေကြ။+ တပ်မက်စိတ်ဝင်ပြီး ယူမိမှာ စိုးရတယ်။ ယူမိရင်+ အစ္စရေးတပ်စခန်းဟာ ဖျက်ဆီးဖို့ သတ်မှတ်ထားရာ ဖြစ်သွားပြီး ဘေးဒုက္ခရောက်သွားမယ်။+ ၁၉ ရွှေ၊ ငွေ၊ ကြေးထည်၊ သံထည်တွေကတော့ ယေဟောဝါအတွက် သန့်ရှင်းမြင့်မြတ်ရာဖြစ်လို့+ ယေဟောဝါရဲ့ ဘဏ္ဍာတိုက်ထဲ ထည့်ရမယ်။+ အခု၊ ကြွေးကြော်ကြ” လို့အမိန့်ပေးတယ်။
၂၀ စစ်သည်တွေလည်း တံပိုးမှုတ်သံ ကြားတဲ့အခါ အော်ကြတယ်။+ အဲဒီလိုအော်ပြီး စစ်ငြာသံ ပေးလိုက်တာနဲ့ မြို့ရိုး လုံးဝ ပြိုကျသွားတော့တယ်။+ အဲဒီအခါ စစ်သည်တွေ တစ်ဟုန်ထိုး ချီတက်ပြီး မြို့ကို သိမ်းပိုက်လိုက်ကြတယ်။ ၂၁ မြို့ထဲမှာရှိတဲ့ ယောက်ျား၊ မိန်းမ၊ လူငယ်၊ လူကြီး၊ နွား၊ သိုး၊ မြည်းတွေကို ဓားနဲ့ ကွပ်မျက်ကြတယ်။+
၂၂ အဲဒီနောက် ယောရှုက ပြည်ကိုထောက်လှမ်းခဲ့တဲ့ သူလျှိုနှစ်ယောက်ကို “ပြည့်တန်ဆာရာခပ်ရဲ့ အိမ်ကို သွားကြ။ သူ့ကို ကတိပေးထားတဲ့အတိုင်း သူနဲ့အတူ သက်ဆိုင်သူအားလုံးကို ခေါ်ထုတ်လာကြ”+ လို့ပြောတယ်။ ၂၃ လူငယ်သူလျှိုတွေလည်း သွားပြီး ရာခပ်နဲ့ မိဘ၊ မောင်နှမ၊ သက်ဆိုင်သူအားလုံးကို ခေါ်ထုတ်လာတယ်။ သူတို့တစ်မိသားစုလုံးကို+ အစ္စရေးတပ်စခန်း အပြင်ဘက်အထိ ဘေးရန်ကင်းကင်း ခေါ်လာကြတယ်။
၂၄ အဲဒီနောက် မြို့နဲ့မြို့ထဲမှာရှိသမျှကို မီးရှို့လိုက်တယ်။ ရွှေ၊ ငွေ၊ ကြေးထည်၊ သံထည်အားလုံးကိုတော့ ယေဟောဝါရဲ့ အိမ်တော်ထဲက ဘဏ္ဍာတိုက်အတွက် ပေးအပ်ကြတယ်။+ ၂၅ ပြည့်တန်ဆာရာခပ်က ယေရိခေါမြို့ကို ထောက်လှမ်းဖို့ ယောရှုလွှတ်လိုက်တဲ့ သူလျှိုတွေကို ဝှက်ထားပေးခဲ့တဲ့အတွက်+ သူနဲ့ အိမ်သူအိမ်သားတွေ၊ သက်ဆိုင်သူတွေ အသက်ချမ်းသာရခဲ့တယ်။+ ရာခပ်ဟာ ဒီနေ့အထိ အစ္စရေးတွေနဲ့အတူ နေထိုင်တုန်းပဲ။+
၂၆ အဲဒီအချိန်မှာ ယောရှုက “ယေရိခေါမြို့ကို ပြန်တည်ဆောက်တဲ့သူဟာ ယေဟောဝါဘုရားရှေ့မှာ ကျိန်စာသင့်ပါစေ။ မြို့ကို အုတ်မြစ်ချတဲ့အခါ သူ့ရဲ့သားဦး သေဆုံးပါစေ။ မြို့တံခါးတွေကို တပ်ဆင်တဲ့အခါ သားထွေး သေဆုံးပါစေ” ဆိုပြီး ကျိန်ဆိုတယ်။*+
၂၇ ယေဟောဝါဟာ ယောရှုနဲ့အတူ ရှိတဲ့အတွက်+ မြေတစ်ပြင်လုံးမှာ ယောရှုရဲ့ဂုဏ်သတင်း ပျံ့နှံ့သွားတယ်။+