တောလည်ရာ
၁၉ ယေဟောဝါက မောရှေနဲ့ အာရုန်ကို မိန့်မှာတယ်– ၂ “ငါယေဟောဝါ ပြဋ္ဌာန်းတာကတော့ ‘အနာအဆာမရှိ၊ ချို့ယွင်းချက်မရှိ၊+ ထမ်းပိုးမတင်ဖူးသေးတဲ့ နွားမအနီတစ်ကောင် ယူလာဖို့ အစ္စရေးတွေကို ပြောပါ။ ၃ အဲဒီနွားကို ပုရောဟိတ်ဧလာဇာဆီ ပေးရမယ်။ နွားကို စခန်းအပြင် ထုတ်သွားပြီး သူ့ရှေ့မှာ သတ်ရမယ်။ ၄ ပုရောဟိတ်က နွားသွေးနည်းနည်းကို လက်ညှိုးနဲ့ယူပြီး တွေ့ဆုံရာတဲတော်ရှိတဲ့ဘက်ကို ခုနစ်ခါဖျန်းရမယ်။+ ၅ ပြီးရင် နွားမကို သူ့ရှေ့မှာ မီးရှို့ရမယ်။ အရေခွံ၊ အသား၊ သွေးနဲ့ မစင်ကို မီးရှို့ရမယ်။+ ၆ ပုရောဟိတ်က သစ်ကတိုးသား၊ ဟုဿုပ်ခက်၊*+ ကြက်သွေးရောင်ချည်ကို အဲဒီမီးထဲ ထည့်ရမယ်။ ၇ ပြီးတော့ အဝတ်တွေကိုလျှော်၊ ရေချိုးပြီးနောက် စခန်းထဲ ပြန်ဝင်နိုင်တယ်။ ဒါပေမဲ့ ညဦးပိုင်းအထိ သူ မသန့်ရှင်းဘူး။
၈ “‘နွားမကို မီးရှို့တဲ့သူက ကိုယ့်အဝတ်တွေကို လျှော်ပြီး ရေချိုးရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။
၉ “‘သန့်ရှင်းသူတစ်ယောက်က နွားမရဲ့ပြာတွေကို စုသိမ်းပြီး+ စခန်းအပြင်ဘက် သန့်ရှင်းတဲ့နေရာမှာ ထားရမယ်။ စင်ကြယ်စေတဲ့ရေ ဖော်စပ်ဖို့ ပြာတွေကို အစ္စရေးတွေ သိမ်းထားရမယ်။+ ဒါဟာ အပြစ်ဖြေရာအလှူပဲ။ ၁၀ နွားမရဲ့ပြာတွေကို စုသိမ်းသူက ကိုယ့်အဝတ်တွေကို လျှော်ရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။
“‘ဒါဟာ အစ္စရေးတွေ၊ ပြည်မှာနေထိုင်တဲ့ တိုင်းတစ်ပါးသားတွေ လိုက်နာရမယ့် အမြဲတည်တဲ့ ပြဋ္ဌာန်းချက်ပဲ။+ ၁၁ လူသေကောင်ကို ကိုင်မိသူဟာ ခုနစ်ရက်လုံး မသန့်ရှင်းဘူး။+ ၁၂ သူက သုံးရက်မြောက်နေ့မှာ စင်ကြယ်စေတဲ့ ရေနဲ့ ကိုယ်ကိုစင်ကြယ်စေမယ်ဆိုရင် ခုနစ်ရက်မြောက်နေ့မှာ သန့်ရှင်းသွားလိမ့်မယ်။ သုံးရက်မြောက်နေ့မှာ ကိုယ်ကိုစင်ကြယ်အောင် မလုပ်ဘူးဆိုရင်တော့ ခုနစ်ရက်မြောက်နေ့မှာ သန့်ရှင်းမှာမဟုတ်ဘူး။ ၁၃ လူသေကောင်ကို ကိုင်မိပေမဲ့ ကိုယ်ကိုစင်ကြယ်အောင် မလုပ်တဲ့သူဟာ ယေဟောဝါရဲ့ တဲတော်ကို ညစ်ညူးစေတဲ့အတွက်+ သူ့ကို ပယ်ရှင်းရမယ်။+ စင်ကြယ်စေတဲ့ရေနဲ့+ မဖျန်းတဲ့အတွက် မသန့်ရှင်းဘူး။ သူဟာ မသန့်မရှင်း ဖြစ်နေတုန်းပဲ။
၁၄ “‘တဲထဲမှာ လူသေရင် လိုက်နာရမယ့် ပြဋ္ဌာန်းချက်ကတော့– တဲထဲဝင်လာသူ၊ တဲထဲမှာ ရှိနေသူတွေဟာ ခုနစ်ရက်လုံး မသန့်ရှင်းဘူး။ ၁၅ မဖုံးအုပ်ထားတဲ့ အိုးခွက်ရှိသမျှ မသန့်ရှင်းဘူး။+ ၁၆ အိမ်ပြင်မှာရှိသူကလည်း ဓားနဲ့အသတ်ခံရသူ၊ လူသေကောင်၊ လူအရိုး၊ သင်္ချိုင်းဂူကို ကိုင်မိရင် ခုနစ်ရက်လုံး မသန့်ရှင်းဘူး။+ ၁၇ သူသန့်ရှင်းသွားအောင် အပြစ်ဖြေရာအလှူရဲ့ ပြာကို အိုးထဲ ထည့်ပြီး စမ်းရေထည့်ရမယ်။ ၁၈ ပြီးတော့ သန့်ရှင်းသူတစ်ယောက်က+ ဟုဿုပ်ခက်ကို+ အဲဒီရေထဲမှာ နှစ်ပြီး တဲပေါ်မှာ၊ အိုးခွက်တွေပေါ်မှာ၊ တဲထဲမှာရှိတဲ့ လူတွေပေါ်မှာ ဖျန်းရမယ်။ လူအရိုး၊ အသတ်ခံရသူ၊ လူသေကောင်၊ သင်္ချိုင်းဂူကို ကိုင်မိသူပေါ်မှာ ဖျန်းရမယ်။ ၁၉ သန့်ရှင်းသူက သုံးရက်မြောက်နေ့နဲ့ ခုနစ်ရက်မြောက်နေ့မှာ မသန့်ရှင်းသူအပေါ် အဲဒီရေဖျန်းပြီး ခုနစ်ရက်မြောက်နေ့မှာ သူ့ကို အပြစ်ကနေ စင်ကြယ်စေရမယ်။+ အဲဒီနောက် သန့်စင်ခံရသူက ကိုယ့်အဝတ်တွေကို လျှော်ပြီး ရေချိုးရမယ်။ ညဦးပိုင်းရောက်ရင် သန့်ရှင်းသွားပြီ။
၂၀ “‘မသန့်မရှင်းဖြစ်ပြီးနောက် ကိုယ်ကိုစင်ကြယ်အောင် မလုပ်တဲ့သူဟာ ယေဟောဝါရဲ့ သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေတဲ့အတွက် သူ့ကို ပယ်ရှင်းရမယ်။+ စင်ကြယ်စေတဲ့ ရေနဲ့ မဖျန်းတဲ့အတွက် သူ မသန့်ရှင်းဘူး။
၂၁ “‘သူတို့လိုက်နာရမယ့် အမြဲတည်တဲ့ ပြဋ္ဌာန်းချက်ကတော့– စင်ကြယ်စေတဲ့ ရေကို ဖျန်းပေးသူကလည်း+ ကိုယ့်အဝတ်တွေကို လျှော်ရမယ်။ စင်ကြယ်စေတဲ့ ရေကို ထိမိသူဟာ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။ ၂၂ မသန့်ရှင်းသူ ထိမိကိုင်မိတဲ့အရာ မှန်သမျှ မသန့်ရှင်းဘူး။ အဲဒီအရာတွေကို ထိမိကိုင်မိသူကလည်း ညဦးပိုင်းအထိ မသန့်ရှင်းဘူး။’”+