တမန်တော်
၁၆ ပေါလုက ဒေရဗေမြို့၊ အဲဒီနောက် လုတ္တရမြို့ကို+ ရောက်လာတယ်။ လုတ္တရမြို့မှာ တိမောသေလို့ခေါ်တဲ့+ တပည့်တစ်ယောက်ရှိတယ်။ သူ့မိခင်က ဂျူးလူမျိုး ယုံကြည်သူဖြစ်ပြီး ဖခင်ကတော့ ဂရိလူမျိုးဖြစ်တယ်။ ၂ တိမောသေဟာ လုတ္တရမြို့၊ အိကောနိမြို့မှာရှိတဲ့ ညီအစ်ကိုတွေရှေ့မှာ နာမည်ကောင်းရထားသူပဲ။ ၃ ပေါလုက တိမောသေကို ခေါ်သွားချင်တဲ့အကြောင်း ပြောတယ်။ တိမောသေရဲ့ဖခင်ဟာ ဂရိလူမျိုးဖြစ်မှန်း အဲဒီဒေသကဂျူးတွေ သိထားကြတယ်။ ဒါကြောင့် အဲဒီဂျူးတွေကို ထောက်ထားတဲ့အနေနဲ့ ပေါလုက သူ့ကိုခေါ်ပြီး အရေဖျားဖြတ်ပေးတယ်။+ ၄ အဲဒီနောက် သူတို့က တစ်မြို့ပြီးတစ်မြို့ ခရီးဆက်ပြီး ဂျေရုဆလင်မြို့မှာရှိတဲ့ တမန်တော်တွေနဲ့ အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်တွေကို ပြောပြတယ်။ အဲဒီအတိုင်း သူတို့လိုက်နာဖို့ဖြစ်တယ်။+ ၅ ဒါကြောင့် အသင်းတော်တွေဟာ ယုံကြည်ခြင်း ခိုင်ခံ့မြဲမြံလာပြီး ယုံကြည်သူအရေအတွက် တစ်နေ့တခြား တိုးများလာတယ်။
၆ အာရှနယ်မှာ တရားစကားမဟောပြောဖို့ သန့်ရှင်းသော စွမ်းအားတော် တားမြစ်တဲ့အတွက် သူတို့က ဖြုဂိပြည်၊ ဂလာတိပြည်ကို+ ဖြတ်သွားကြတယ်။ ၇ မုသိပြည်နားကို ရောက်လာပြီး ဗိသုနိပြည်ကို+ သွားမယ်လုပ်တော့ စွမ်းအားတော်ကတစ်ဆင့် ယေရှုက သွားခွင့်မပေးပြန်ဘူး။ ၈ ဒါနဲ့ မုသိပြည်ကို ဖြတ်ကျော်ပြီး တရောမြို့ကို ရောက်လာတယ်။ ၉ ညရောက်တော့ ပေါလုက စိတ်အာရုံတစ်ခု မြင်တယ်။ မက်ဆီဒိုးနီးယားပြည်သားတစ်ယောက်က သူ့ရှေ့မှာ ပေါ်လာပြီး “မက်ဆီဒိုးနီးယားပြည်ကို ကူးလာပြီး ကျွန်တော်တို့ကို ကူညီပါ” လို့ ဖိတ်ခေါ်တယ်။ ၁၀ အဲဒီစိတ်အာရုံကို ပေါလုမြင်တာနဲ့ မက်ဆီဒိုးနီးယားပြည်သားတွေကို သတင်းကောင်းဟောဖို့ ဘုရားသခင် ဆင့်ခေါ်တာပဲလို့ ကောက်ချက်ချပြီး အဲဒီကိုသွားဖို့ ကျွန်တော်တို့ စီစဉ်တယ်။
၁၁ ဒါနဲ့ ကျွန်တော်တို့က တရောမြို့ကနေ သာမောသရက်ကျွန်းဆီ တည့်တည့် ရွက်လွှင့်လာပြီး နောက်တစ်နေ့မှာ နာပေါလိမြို့ကို ရောက်လာတယ်။ ၁၂ အဲဒီမြို့ကနေ ထွက်ပြီး ရောမလက်အောက်ခံမြို့ဖြစ်တဲ့ မက်ဆီဒိုးနီးယားပြည်ရဲ့ မြို့တော် ဖိလိပ္ပိမြို့ကို+ ရောက်လာတယ်။ အဲဒီမှာ ရက်အနည်းငယ် ဆက်နေကြတယ်။ ၁၃ ဥပုသ်နေ့ရောက်တော့ ကျွန်တော်တို့က လူတွေစုဝေးပြီး ဆုတောင်းတဲ့နေရာ ရှိမှာပဲဆိုတဲ့အထင်နဲ့ မြို့ပြင်မြစ်ကမ်းနားကို ထွက်သွားလိုက်တယ်။ အဲဒီမှာထိုင်ပြီး စုဝေးရောက်ရှိနေတဲ့ အမျိုးသမီးတွေကို ဟောပြောတယ်။ ၁၄ အဲဒီအခါ ခရမ်းရောင် အထည်အလိပ်ကို ရောင်းတဲ့ သွာတိရမြို့သူ+ လုဒိဟာ ဘုရားသခင်ကို ကိုးကွယ်တဲ့သူဖြစ်နေတော့ ကျွန်တော်တို့ဟောတာကို နားထောင်နေတယ်။ ပေါလုဟောပြောနေတာကို အာရုံစိုက်နားထောင်နိုင်ဖို့ သူ့စိတ်နှလုံးကို ယေဟောဝါ* ဖွင့်ပေးတယ်။ ၁၅ ဒါကြောင့် သူရော အိမ်သူအိမ်သားတွေပါ နှစ်ခြင်းခံကြတယ်။+ “ကျွန်မဟာ ယေဟောဝါ* ဘုရားအပေါ် သစ္စာရှိသူပါလို့ ညီအစ်ကိုတို့ ယူဆတယ်ဆိုရင် ကျွန်မအိမ်မှာ လာတည်းခိုကြပါ” လို့ ဖိတ်ခေါ်ပြီး ကျွန်တော်တို့ကို မရရအောင် လာခိုင်းတယ်။
၁၆ တစ်နေ့၊ လူတွေဆုတောင်းဖို့ စုဝေးတဲ့နေရာဆီ ကျွန်တော်တို့ သွားတဲ့အခါ ဗေဒင်ဟောနိုင်တဲ့ နတ်ဝင်သည်+ အစေခံမလေးတစ်ယောက်နဲ့ ဆုံတယ်။ သူက ရှေ့ဖြစ်ဟောပြီး သူ့သခင်တွေ စီးပွားတက်အောင် လုပ်ပေးတယ်။ ၁၇ သူက ပေါလုနဲ့ ကျွန်တော်တို့နောက် တကောက်ကောက်လိုက်ပြီး “ဒီလူတွေဟာ အမြင့်ဆုံး ဘုရားသခင်ရဲ့ ကျွန်တွေပဲ။+ ကယ်တင်ခြင်းရစေတဲ့ နည်းလမ်းအကြောင်း ဟောပြောနေတာ” ဆိုပြီး အော်ပြောလေ့ရှိတယ်။ ၁၈ ရက်ပေါင်းများစွာ အဲဒီလိုလုပ်နေတော့ ပေါလုက သည်းမခံနိုင်တော့တဲ့အဆုံး လှည့်ကြည့်ပြီး “ယေရှုခရစ်ရဲ့ နာမည်ကို အမှီပြုပြီး ငါပြောမယ်၊ သူ့အထဲကနေ ထွက်သွားစမ်း” လို့ပြောလိုက်တဲ့အခါ ချက်ချင်းပဲ အဲဒီနတ်ဆိုး ထွက်သွားတယ်။+
၁၉ သူ့သခင်တွေက ငွေဝင်ပေါက် ပိတ်သွားမှန်း+ သိတဲ့အခါ ပေါလုနဲ့ သိလကို ဖမ်းပြီး ခေါင်းဆောင်တွေရှိရာ ရင်ပြင်ဆီ ဆွဲခေါ်သွားတယ်။+ ၂၀ လက်ထောက်တရားသူကြီးတွေဆီ ခေါ်သွားပြီး “ဒီဂျူးတွေဟာ ကျုပ်တို့မြို့ကို အလွန်နှောင့်ယှက်နေတယ်။+ ၂၁ ရောမနိုင်ငံသားတွေ မခံယူ၊ မကျင့်သုံးအပ်တဲ့ ဓလေ့ထုံးစံတွေအကြောင်း ဟောပြောနေတယ်” လို့တိုင်တန်းကြတယ်။ ၂၂ လူအုပ်ကလည်း သူတို့ကို ဒေါသတကြီး အော်ဟစ်ကြတယ်။ ဒါနဲ့ လက်ထောက်တရားသူကြီးတွေက သူတို့ကို အဝတ်ဆွဲချွတ်ပြီး ကြိမ်ဒဏ်ပေးဖို့ အမိန့်ချလိုက်တယ်။+ ၂၃ သူတို့ကို အချက်ပေါင်းများစွာ ရိုက်နှက်ပြီးနောက် အသေအချာ စောင့်ကြပ်ဖို့ ထောင်မှူးကို မှာပြီး ထောင်ချလိုက်တယ်။+ ၂၄ ထောင်မှူးကလည်း အမိန့်အတိုင်း သူတို့ကို ထောင်ရဲ့အတွင်းခန်းထဲမှာ လှောင်ပြီး ထိတ်တုံးခတ်ထားလိုက်တယ်။
၂၅ သန်းခေါင်ယံလောက်မှာ ပေါလုနဲ့ သိလက ဆုတောင်းပြီး ဘုရားသခင်ကို ချီးမွမ်းသီချင်း ဆိုနေတယ်။+ အကျဉ်းသားတွေ နားထောင်နေတုန်းမှာ၊ ၂၆ ရုတ်တရက် ငလျင်ကြီး လှုပ်ပြီး ထောင်ရဲ့အုတ်မြစ်တွေ လှုပ်ခါကုန်တယ်။ ထောင်တံခါးအားလုံး ချက်ချင်းပွင့်သွားသလို သံကြိုးတွေ၊ ထိတ်တုံးတွေလည်း အကုန်ပြုတ်ထွက်ကုန်တယ်။+ ၂၇ ထောင်မှူး လန့်နိုးလာပြီး ထောင်တံခါးပွင့်နေတာ မြင်တော့ ထောင်သားတွေ ထွက်ပြေးကုန်ပြီထင်လို့ ဓားကိုဆွဲထုတ်ပြီး သူ့ကိုယ်သူသတ်သေဖို့ လုပ်တယ်။+ ၂၈ အဲဒီအခါ ပေါလုက “အဲဒီလို မလုပ်ပါနဲ့။ ကျွန်တော်တို့အားလုံး ဒီမှာ ရှိပါတယ်” လို့ အော်ပြောတယ်။ ၂၉ ထောင်မှူးက မီးခွက်ယူလာခိုင်းပြီး အထဲပြေးဝင်လာတယ်။ ကြောက်ရွံ့တုန်လှုပ်ပြီး ပေါလုနဲ့ သိလရဲ့ခြေရင်းမှာ ပျပ်ဝပ်နေတယ်။ ၃၀ အဲဒီနောက် သူတို့ကို ထောင်ပြင်ထုတ်ပြီး “ကယ်တင်ခြင်းရဖို့ ဘာလုပ်ရမလဲ” လို့မေးတယ်။ ၃၁ သူတို့က “သခင်ယေရှုကို ယုံကြည်ပါ။ ယုံကြည်ရင် ခင်ဗျားရော အိမ်သူအိမ်သားတွေပါ ကယ်တင်ခြင်း ရလိမ့်မယ်” လို့ဖြေတယ်။+ ၃၂ အဲဒီနောက် သူ့ကိုရော သူ့အိမ်မှာရှိနေတဲ့ လူအားလုံးကိုပါ ယေဟောဝါရဲ့* တရားစကားအကြောင်း ပြောပြတယ်။ ၃၃ အဲဒီညမှာပဲ ထောင်မှူးက ပေါလုနဲ့ သိလကို ခေါ်သွားပြီး ဒဏ်ရာတွေ ဆေးကြောပေးတယ်။ အဲဒီနောက် ထောင်မှူးနဲ့ အိမ်သားအားလုံး ချက်ချင်း နှစ်ခြင်းခံကြတယ်။+ ၃၄ ပေါလုနဲ့ သိလကို အိမ်ခေါ်သွားပြီး တည်ခင်းကျွေးမွေးတယ်။ ဘုရားသခင်ကို ယုံကြည်သူတွေ ဖြစ်လာတဲ့အတွက် ထောင်မှူးရော အိမ်သားတွေပါ ဝမ်းသာနေကြတယ်။
၃၅ မိုးလင်းတော့ လက်ထောက်တရားသူကြီးတွေက အစောင့်ရဲမက်တွေ လွှတ်ပြီး “အဲဒီလူတွေကို လွှတ်ပေးလိုက်” လို့ မှာတယ်။ ၃၆ အဲဒီအခါ ထောင်မှူးက “လက်ထောက်တရားသူကြီးတွေက ခင်ဗျားတို့နှစ်ယောက်ကို လွှတ်ခိုင်းလိုက်တယ်။ ဒါကြောင့် အခု၊ အေးအေးချမ်းချမ်း သွားကြပါ” ဆိုပြီး ပေါလုကို ပြောတယ်။ ၃၇ ဒါပေမဲ့ ပေါလုက “ရောမနိုင်ငံသားဖြစ်တဲ့+ ကျွန်တော်တို့ကို စစ်ကြောမေးမြန်းတာမျိုးမလုပ်ဘဲ လူရှေ့သူရှေ့ ရိုက်နှက်၊ ထောင်ချပြီးမှ အခုလို လူမသိသူမသိ ပြန်လွှတ်မလို့လား။ ဒီလိုလုပ်လို့ ဘယ်ရမလဲ။ သူတို့ကိုယ်တိုင် လာပြီး ခေါ်ထုတ်ပါစေ” လို့ပြောတယ်။ ၃၈ အစောင့်ရဲမက်တွေလည်း ပေါလုပြောတဲ့အတိုင်း ပြန်ပြောပြတယ်။ သူတို့ကို ရောမနိုင်ငံသားဖြစ်မှန်း သိသွားတဲ့အခါ လက်ထောက်တရားသူကြီးတွေ ထိတ်လန့်သွားတယ်။+ ၃၉ ဒါကြောင့် ကိုယ်တိုင် လာပြီး ပေါလုနဲ့ သိလကို တောင်းပန်ကြတယ်။ သူတို့ကို ခေါ်ထုတ်သွားပြီး ဒီမြို့ကနေ ထွက်သွားဖို့ မေတ္တာရပ်ခံကြတယ်။ ၄၀ ဒါပေမဲ့ ပေါလုနဲ့ သိလက ထောင်ကနေ ထွက်လာပြီး လုဒိအိမ်ကို သွားတယ်။ ညီအစ်ကိုတွေနဲ့ တွေ့ဆုံအားပေးပြီးနောက်+ ထွက်ခွာသွားကြတယ်။