လုကာ
၇ ယေရှုက လူတွေကို ပြောစရာရှိတာ ပြောပြီးသွားတဲ့အခါ ကပေရနောင်မြို့ထဲ ဝင်သွားတယ်။ ၂ တပ်မှူးတစ်ယောက်မှာ ချစ်ရတဲ့ကျွန်တစ်ယောက် ရှိတယ်။ အဲဒီကျွန် အကြီးအကျယ်ဖျားပြီး သေလုဆဲဆဲ ဖြစ်နေတယ်။+ ၃ တပ်မှူးက ယေရှုအကြောင်း ကြားတဲ့အခါ ဂျူးအကြီးအကဲတွေကို ယေရှုဆီလွှတ်ပြီး သူ့ကျွန်ကို နေကောင်းအောင်လုပ်ပေးဖို့ ကြွခဲ့ပါလို့ မှာလိုက်တယ်။ ၄ ဂျူးအကြီးအကဲတွေက ယေရှုဆီရောက်လာပြီး “ဒီတပ်မှူးကို ဆရာ ကူညီထိုက်ပါတယ်။ ၅ သူဟာ ကျွန်တော်တို့လူမျိုးကို ချစ်တယ်။ ကျွန်တော်တို့အတွက် တရားဇရပ်တောင် ဆောက်ပေးထားတယ်” ဆိုပြီး ဝိုင်းအသနားခံပေးကြတယ်။ ၆ ယေရှုလည်း သူတို့နဲ့အတူ လိုက်သွားတယ်။ တပ်မှူးအိမ်နဲ့ မလှမ်းမကမ်းကို ရောက်တဲ့အခါ တပ်မှူးက သူ့မိတ်ဆွေတွေကို လွှတ်ပြီး “ဆရာ၊ ဒုက္ခမခံပါနဲ့တော့။ ဆရာ့ကို အိမ်ထဲဖိတ်ဖို့ ကျွန်တော် မထိုက်တန်ပါဘူး။+ ၇ ဆရာ့ကို လာတွေ့ဖို့လည်း မထိုက်တန်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ပျောက်စေလို့ ဆရာပြောလိုက်ရုံနဲ့ ကျွန်တော့်ကျွန်က ရောဂါပျောက်သွားမှာပါ။ ၈ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာလည်း အထက်လူကြီးရှိသလို လက်အောက်တပ်သားတွေ ရှိပါတယ်။ တပ်သားတစ်ယောက်ကို ‘သွား’ လို့အမိန့်ပေးရင် သွားတယ်။ နောက်တစ်ယောက်ကို ‘လာ’ ဆိုရင် လာတယ်။ ကျွန်ကိုလည်း ‘ဒါလုပ်’ လို့ခိုင်းရင် ခိုင်းတဲ့အတိုင်း လုပ်ပါတယ်” လို့ပြောခိုင်းလိုက်တယ်။ ၉ ဒီစကားကို ကြားတဲ့အခါ ယေရှု အံ့သြပြီး နောက်မှာပါလာတဲ့သူတွေကို လှည့်ကြည့်ရင်း “ကျွန်တော်ပြောမယ်။ ဒီလောက်ထိ ယုံကြည်ခြင်းခိုင်ခံ့တဲ့သူကို အစ္စရေးတွေထဲမှာတောင် မတွေ့ဖူးဘူး” လို့ပြောတယ်။+ ၁၀ တပ်မှူးလွှတ်လိုက်တဲ့သူတွေ အိမ်ပြန်ရောက်တဲ့အခါ တပ်မှူးရဲ့ကျွန် ပြန်နေကောင်းသွားတာကို တွေ့ရတယ်။+
၁၁ သိပ်မကြာခင်မှာ ယေရှုက နာအိနလို့ခေါ်တဲ့ မြို့တစ်မြို့ကိုထွက်သွားတယ်။ တပည့်တွေရော လူတွေပါ အုပ်လိုက်ကြီး လိုက်ပါလာတယ်။ ၁၂ မြို့တံခါးနားကို ရောက်တဲ့အခါ မုဆိုးမရဲ့ တစ်ဦးတည်းသောသားကို+ သင်္ဂြိုဟ်ဖို့ ထမ်းလာတဲ့လူတွေနဲ့ ဆုံတယ်။ မုဆိုးမနဲ့အတူ မြို့သူမြို့သားတွေ လိုက်ပါလာတယ်။ ၁၃ ယေရှုက မုဆိုးမကိုမြင်တဲ့အခါ သနားစိတ်ယိုဖိတ်လာပြီး+ “မငိုပါနဲ့တော့” လို့ပြောတယ်။+ ၁၄ အဲဒီနောက် ရှေ့တိုးသွားပြီး အလောင်းစင်ကို ကိုင်တဲ့အခါ အလောင်းစင်ထမ်းသူတွေ ရပ်လိုက်တယ်။ ယေရှုက “လူလေး၊ ကျွန်တော်ပြောမယ်။ ထပါ” လို့ ပြောတဲ့အခါ၊+ ၁၅ သေတဲ့လူက ထိုင်ပြီးစကားပြောတော့တယ်။ ဒါနဲ့ ယေရှုက သူ့ကို မိခင်ဆီ အပ်လိုက်တယ်။+ ၁၆ လူအားလုံး ကြောက်သွားပြီး “ငါတို့ဆီမှာ ကြီးမြတ်တဲ့ပရောဖက် ပေါ်ထွန်းပြီ၊”+ “ဘုရားသခင်က သူ့လူမျိုးကို သတိရပြီ”+ ဆိုပြီး ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းကြတယ်။ ၁၇ အဲဒီသတင်းဟာ ယုဒပြည်တစ်ဝန်းလုံးနဲ့ ပတ်ဝန်းကျင်အရပ်ရပ်ကို ပျံ့နှံ့သွားတယ်။
၁၈ ယောဟန်ရဲ့တပည့်တွေက ယောဟန်ကို အကြောင်းစုံ ပြန်ပြောပြတယ်။+ ၁၉ ဒါနဲ့ ယောဟန်က တပည့်နှစ်ယောက်ကို ယေရှုဆီ လွှတ်ပြီး “ခင်ဗျားဟာ ကျွန်တော်တို့ စောင့်မျှော်နေတဲ့သူလား၊+ နောက်တစ်ယောက်ကို စောင့်မျှော်ရမှာလား” လို့မေးခိုင်းလိုက်တယ်။ ၂၀ သူတို့က ယေရှုဆီရောက်လာပြီး “နှစ်ခြင်းပေးသူ ယောဟန်က ‘ခင်ဗျားဟာ ကျွန်တော်တို့ စောင့်မျှော်နေတဲ့သူလား ဒါမှမဟုတ် နောက်တစ်ယောက်ကို စောင့်မျှော်ရမှာလား’ ဆိုပြီး မေးခိုင်းလိုက်ပါတယ်” လို့ပြောတယ်။ ၂၁ အဲဒီအချိန်မှာ ယေရှုက ရောဂါအမျိုးမျိုး စွဲကပ်သူ၊ နတ်ဆိုးပူးသူ အမြောက်အမြားကို ကုသပေးပြီး မျက်မမြင်များစွာကိုလည်း ပြန်မြင်အောင် လုပ်ပေးနေတယ်။+ ၂၂ ဒါကြောင့် ယေရှုက “ခင်ဗျားတို့မြင်ရ၊ ကြားရတဲ့ ဒီသတင်းအားလုံး ယောဟန်ကို ပြန်ပြောပြလိုက်ပါ။ မျက်မမြင်တွေ ပြန်မြင်လာပြီ။+ ခြေမသန်သူတွေ လမ်းလျှောက်နိုင်ပြီ။ အနာကြီးရောဂါသည်တွေ ပြန်ကောင်းလာပြီ။ နားမကြားသူတွေ ကြားရပြီ။+ သေလွန်သူတွေ အသက်ပြန်ရှင်လာပြီ။ ဆင်းရဲသားတွေ သတင်းကောင်း ကြားရပြီ။+ ၂၃ ကျွန်တော့်ကို သံသယဝင်စရာအကြောင်း မရှိတဲ့သူဟာ* ပျော်ရွှင်ချမ်းမြေ့လိမ့်မယ်”+ ဆိုပြီးဖြေတယ်။
၂၄ ယောဟန်ရဲ့တပည့်တွေ ပြန်သွားတဲ့အခါ ယေရှုက ယောဟန်နဲ့ပတ်သက်ပြီး လူအုပ်ကို ပြောတယ်– “ခင်ဗျားတို့ တောထဲမှာ ဘယ်သူ့ကို သွားကြည့်ကြတာလဲ။ လေတိုက်ရာ ယိမ်းတတ်တဲ့ ကျူပင်လို လူစားမျိုးကိုလား။ မဟုတ်ဘူး။+ ၂၅ ဒါဆိုရင် ဘယ်သူ့ကို သွားကြည့်တာလဲ။ နူးညံ့တဲ့ဝတ်ရုံ ဝတ်ဆင်ထားသူကိုလား။+ မဟုတ်ဘူး။ အဲဒီလို ခမ်းခမ်းနားနားဝတ်ပြီး ဇိမ်နဲ့နေတဲ့သူတွေဟာ နန်းတော်ထဲမှာပဲ နေကြတာ။ ၂၆ ဒါဆိုရင် ဘယ်သူ့ကို သွားကြည့်တာလဲ။ ပရောဖက်ကိုလား။ ဟုတ်တာပေါ့။ ကျွန်တော်ပြောမယ်။ သူဟာ ပရောဖက်ပဲ။ ပရောဖက်တွေထက်တောင် ကြီးမြတ်တယ်။+ ၂၇ ဒါကြောင့် ‘ငါ့စေတမန်ကို မင်းရှေ့မှာ စေလွှတ်မယ်။ သူက မင်းသွားမယ့်လမ်းကို ရှေ့ကနေ အသင့်ပြင်ပေးမယ်’ ဆိုပြီး ရေးထားတာ သူ့အကြောင်းပဲ။+ ၂၈ ကျွန်တော်ပြောမယ်။ အသက်ရှင်ခဲ့သမျှ လူတွေထဲမှာ ယောဟန်ထက် ကြီးမြတ်တဲ့သူ မရှိဘူး။ ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော်မှာ အဆင့်နိမ့်တဲ့သူဟာ ယောဟန်ထက် ကြီးမြတ်တယ်။”+ ၂၉ (ဒါကိုကြားတဲ့အခါ အခွန်ခံတွေနဲ့ လူအားလုံးက ယောဟန်ဆီမှာ နှစ်ခြင်းခံထားတဲ့အတွက် ဘုရားသခင်ဟာ ဖြောင့်မတ်တယ်ဆိုပြီး အသိအမှတ် ပြုကြတယ်။+ ၃၀ ဒါပေမဲ့ ဖာရိရှဲနဲ့ ပညတ်ကျမ်း နှံ့စပ်သူတွေက ယောဟန်ဆီမှာ နှစ်ခြင်းမခံထားတဲ့အတွက် သူတို့နဲ့ပတ်သက်ပြီး ဘုရားသခင် ရည်ရွယ်ထားတာတွေကို အလေး မထားကြဘူး။)+
၃၁ “ဒါကြောင့် ဒီလူမျိုးဆက်ကို ဘယ်သူနဲ့ နှိုင်းရမလဲ။ သူတို့ဟာ ဘယ်သူနဲ့ တူသလဲ။+ ၃၂ စျေးထဲမှာထိုင်ပြီး ‘ငါတို့ ပလွေမှုတ်တော့လည်း နင်တို့ မကကြဘူး။ ငါတို့ ငိုချင်းချတော့လည်း နင်တို့ မငိုကြဘူး’ လို့ အချင်းချင်း အော်ပြောနေတဲ့ ကလေးတွေနဲ့ တူတယ်။ ၃၃ အများတကာလို မသောက်မစားတတ်တဲ့ နှစ်ခြင်းပေးသူ ယောဟန် ရောက်လာတော့+ ‘ဒီလူ နတ်ဆိုးပူးနေတာပဲ’ လို့ ခင်ဗျားတို့ ပြောတယ်။ ၃၄ အများတကာလို စားသောက်တဲ့ လူသားရောက်လာတော့ ‘အခွန်ခံတွေ၊ အပြစ်သားတွေနဲ့ မိတ်ဖွဲ့သူ၊ စားကြူးသောက်ကြူးသူ’+ လို့ ပြောကြပြန်တယ်။ ၃၅ ဘာပဲပြောပြော၊ ဉာဏ်ပညာဟာ ဖြောင့်မတ်တယ်ဆိုတာကို လုပ်ရပ်တွေနဲ့* သက်သေပြလိမ့်မယ်။”+
၃၆ ဖာရိရှဲတစ်ယောက်က အတူစားသောက်ဖို့ ဖိတ်ခေါ်တဲ့အတွက် ယေရှုလည်း သူ့အိမ်ထဲဝင်ပြီး စားပွဲမှာ ထိုင်တယ်။ ၃၇ အပြစ်များသူအဖြစ် သိထားကြတဲ့ အမျိုးသမီးတစ်ယောက်က အဲဒီအိမ်မှာ ယေရှု စားသောက်နေမှန်း သိသွားတဲ့အခါ ဆီမွှေးထည့်ထားတဲ့ ကျောက်ဖြူဘူးကို ယူလာတယ်။+ ၃၈ အဲဒီနောက် ယေရှုရဲ့ ခြေရင်းနားမှာ ဒူးထောက်ပြီး တရှုံ့ရှုံ့ ငိုနေတယ်။ ယေရှုရဲ့ခြေထောက်မှာ မျက်ရည်စိုသွားတော့ ဆံပင်နဲ့သုတ်ပေးတယ်။ ခြေထောက်ကို နမ်းပြီး ဆီမွှေးလောင်းတယ်။ ၃၉ ယေရှုကိုဖိတ်ခေါ်တဲ့ ဖာရိရှဲက ဒါကိုမြင်တဲ့အခါ “ဒီလူသာ ပရောဖက်မှန်ရင် သူ့ခြေထောက်ကိုကိုင်တဲ့ မိန်းမဟာ ဘယ်သူလဲဆိုတာ သိမှာပဲ။ သူဟာ အပြစ်များတဲ့သူဖြစ်မှန်း ဒီလူ မသိဘူးလား’ ဆိုပြီး တွေးနေတယ်။+ ၄၀ ဒါကြောင့် ယေရှုက “ရှိမုန်၊ ခင်ဗျားကို ကျွန်တော် ပြောစရာတစ်ခု ရှိတယ်” ဆိုတော့ “ပြောပါ၊ ဆရာ” လို့ သူဖြေတယ်။
၄၁ “ကြွေးရှင်တစ်ယောက်ဆီမှာ အကြွေး တင်နေတဲ့ လူနှစ်ယောက်ရှိတယ်။ တစ်ယောက်က ဒေနာရိ* ၅၀၀၊ နောက်တစ်ယောက်က ၅၀ အကြွေးတင်နေတယ်။ ၄၂ သူတို့မှာ ကြွေးဆပ်စရာမရှိတော့ ကြွေးရှင်က သူတို့နှစ်ယောက်ရဲ့အကြွေးကို တစ်ပြားမကျန် လျှော်ပစ်လိုက်တယ်။ ဒါဆိုရင် ဘယ်တစ်ယောက်က ကြွေးရှင်ကို ပိုပြီးမေတ္တာပြမလဲ’ လို့မေးတော့၊ ၄၃ ရှိမုန်က “အကြွေးပိုများတဲ့သူက ပိုပြီးမေတ္တာပြမယ်လို့ ကျွန်တော်ထင်တယ်” လို့ဖြေတယ်။ ယေရှုက “ခင်ဗျားထင်တာ မှန်တယ်” လို့ပြောတယ်။ ၄၄ အဲဒီနောက် အမျိုးသမီးဘက် လှည့်ကြည့်ပြီး ရှိမုန်ကို “ဒီအမျိုးသမီးကို ခင်ဗျားမြင်တယ် မဟုတ်လား။ ခင်ဗျားက အိမ်ထဲဝင်လာတဲ့ ကျွန်တော့်ကို ခြေဆေးဖို့ ရေမပေးဘူး။ သူကတော့ ကျွန်တော့်ခြေကို မျက်ရည်နဲ့ဆေးပြီး ဆံပင်နဲ့ သုတ်ပေးလိုက်ပြီ။ ၄၅ ခင်ဗျားက ကျွန်တော့်ကို နမ်းပြီး မကြိုဆိုဘူး။ သူကတော့ ဒီအိမ်ထဲ ကျွန်တော် ရောက်ကတည်းက ကျွန်တော့်ခြေကို နမ်းနေလိုက်တာ။ ၄၆ ခင်ဗျားက ကျွန်တော့်ခေါင်းကို ဆီမလောင်းပေးဘူး။ သူကတော့ ကျွန်တော့်ခြေကို ဆီမွှေးလောင်းပေးပြီ။ ၄၇ ဒါကြောင့် ကျွန်တော်ပြောမယ်။ သူဟာ အပြစ်များလှပေမဲ့ ခွင့်လွှတ်ခံရပြီ။+ ဒီတော့ သူက မေတ္တာအများကြီး ပြပြီပေါ့။ နည်းနည်းပဲ ခွင့်လွှတ်ခံရသူကတော့ နည်းနည်းပဲ မေတ္တာပြတတ်တယ်” လို့ပြောတယ်။ ၄၈ အဲဒီနောက် “ခင်ဗျားရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ”+ လို့ အမျိုးသမီးကို ပြောလိုက်တယ်။ ၄၉ အတူစားသောက်နေသူတွေက “အပြစ်တွေကိုတောင် ခွင့်လွှတ်တယ်ဆိုတော့ ဒီလူဟာ ဘယ်သူပါလိမ့်” ဆိုပြီး အချင်းချင်း ပြောကြတယ်။+ ၅၀ ယေရှုက အမျိုးသမီးကို “ခင်ဗျားရဲ့ယုံကြည်ခြင်းက ခင်ဗျားကို ကယ်တင်လိုက်ပြီ။+ စိတ်အေးလက်အေးသာ သွားပါ” လို့ပြောတယ်။