ယောဟန်
၂ သုံးရက်မြောက်နေ့မှာ ဂါလိလဲပြည်၊ ကာနမြို့မှာ မင်္ဂလာပွဲရှိတယ်။ ယေရှုရဲ့မိခင်လည်း အဲဒီကို ရောက်နေတယ်။ ၂ ယေရှုနဲ့ တပည့်တွေကိုပါ မင်္ဂလာပွဲတက်ဖို့ ဖိတ်ထားတယ်။
၃ စပျစ်ဝိုင် ကုန်ခါနီးမှာ ယေရှုရဲ့မိခင်က “သူတို့မှာ ဝိုင်မရှိတော့ဘူး” လို့ ပြောတဲ့အခါ၊ ၄ ယေရှုက “ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ။* ကျွန်တော့်အချိန် မရောက်သေးဘူး” လို့ပြောတယ်။ ၅ ဒါနဲ့ ယေရှုရဲ့မိခင်က “သူပြောတဲ့အတိုင်း လုပ်ကြ” ဆိုပြီး ဧည့်ခံတဲ့သူတွေကို ပြောတယ်။ ၆ အဲဒီမှာ ဂျူးတွေရဲ့ သန့်စင်ခြင်းထုံးစံအရ ကျောက်ရေအိုး ၆ လုံး ထားပေးထားတယ်။+ ရေအိုးတစ်လုံးမှာ ရေ ၂ ပုံး၊ ၃ ပုံး* လောက် ဆံ့တယ်။ ၇ ယေရှုက “ဒီအိုးတွေထဲ ရေဖြည့်ပါ” လို့ပြောတော့ အိုးနှုတ်ခမ်းဝအထိ ရေဖြည့်ကြတယ်။ ၈ အဲဒီနောက် “နည်းနည်း ခပ်ပြီး ပွဲအုပ်ဆီ ယူသွားလိုက်” လို့ပြောတော့ အဲဒီအတိုင်း လုပ်ကြတယ်။ ၉ ပွဲအုပ်က စပျစ်ဝိုင်ဖြစ်သွားတဲ့ ရေကို မြည်းကြည့်တယ်။ (ဧည့်ခံတဲ့သူတွေက ဒီစပျစ်ဝိုင် ဘယ်လိုဖြစ်လာမှန်း သိပေမဲ့ ပွဲအုပ်ကတော့ မသိဘူး။) အဲဒီနောက် သတို့သားကို ခေါ်ပြီး၊ ၁၀ “လူတွေက စပျစ်ဝိုင် အကောင်းစားကို အရင်ဆုံး တည်ခင်းပြီး ဧည့်သည်တွေ မူးတော့မှ အညံ့ကို တည်ခင်းတတ်ကြတယ်။ ခင်ဗျားကတော့ ဝိုင်အကောင်းစားကို အခုထိ ချန်ထားတာပဲ” လို့ပြောတယ်။ ၁၁ ယေရှုက ဂါလိလဲပြည်၊ ကာနမြို့မှာ ဒီအံ့ဖွယ်အမှုကို ဦးဆုံးလုပ်ပြီး သူ့တန်ခိုးကို ပြခဲ့တယ်။+ တပည့်တွေလည်း ယေရှုကို ယုံကြည်လာကြတယ်။
၁၂ အဲဒီနောက် ယေရှုက မိခင်နဲ့ ညီတွေ၊+ တပည့်တွေနဲ့အတူ ကပေရနောင်မြို့ကို ဆင်းသွားတယ်။+ ဒါပေမဲ့ အဲဒီမြို့မှာ ကြာကြာမနေဘူး။
၁၃ ဂျူးတွေရဲ့ ပသခါပွဲ*+ နီးလာတဲ့အခါ ယေရှုက ဂျေရုဆလင်မြို့ကို တက်သွားတယ်။ ၁၄ ဗိမာန်တော်မှာ သိုး၊ နွား၊ ချိုးငှက်+ ရောင်းသူတွေ၊ ထိုင်ပြီး ငွေလဲပေးနေသူတွေကို တွေ့တယ်။ ၁၅ ဒါနဲ့ ကြိုးနှင်တံတစ်ချောင်း လုပ်ပြီး သိုးနွားရောင်းသူတွေကိုရော သိုးနွားတွေကိုပါ ဗိမာန်တော်ကနေ နှင်ထုတ်တယ်။ ငွေလဲသူတွေရဲ့ ငွေတွေကိုလည်း သွန်ချပြီး စားပွဲတွေကို မှောက်လှန်ပစ်တယ်။+ ၁၆ ချိုးငှက်ရောင်းသူတွေကိုလည်း “ဒါတွေကို ယူသွားကြ။ ကျွန်တော့်အဖရဲ့ အိမ်တော်မှာ အရောင်းအဝယ် မလုပ်ကြနဲ့”+ လို့ပြောတယ်။ ၁၇ အဲဒီအခါ “အိမ်တော်အတွက် စိတ်ထက်သန်မှုဟာ ကျွန်တော့်ရင်ထဲမှာ တောက်လောင်နေတယ်”+ ဆိုတဲ့ ကျမ်းစကားကို တပည့်တွေ သတိရသွားတယ်။
၁၈ ဒါနဲ့ ဂျူးတွေက “ခင်ဗျားမှာ ဒီလိုလုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ သက်သေပြဖို့ အံ့ဖွယ်အမှုတစ်ခုလောက် လုပ်ပြစမ်းပါ” လို့ တောင်းဆိုတယ်။+ ၁၉ ယေရှုကလည်း “ဒီဗိမာန်တော်ကို ဖြိုဖျက်လိုက်ပါ။ သုံးရက်အတွင်း ကျွန်တော် ပြန်ဆောက်မယ်” ဆိုတော့၊+ ၂၀ ဂျူးတွေက “ဒီဗိမာန်တော်ကိုဆောက်တာ ၄၆ နှစ်တောင် ကြာခဲ့တယ်။ ခင်ဗျားက သုံးရက်အတွင်း ဆောက်မလို့လား” ဆိုပြီး ပြောကြတယ်။ ၂၁ တကယ်တော့ ယေရှုပြောနေတဲ့ ဗိမာန်တော်ဟာ သူ့ကိုယ်ခန္ဓာကို ဆိုလိုတယ်။+ ၂၂ တပည့်တွေက ယေရှု သေရာကနေ အသက်ပြန်ရှင်လာတဲ့အခါကျမှ သူ အဲဒီလို မကြာခဏ ပြောခဲ့ဖူးတာကို ပြန်သတိရပြီး+ ကျမ်းစကားကိုရော ယေရှုပြောခဲ့တာတွေကိုပါ ယုံသွားကြတယ်။
၂၃ ပသခါပွဲအတွင်း ဂျေရုဆလင်မြို့မှာ ယေရှုရှိနေတယ်။ လူတွေက သူလုပ်ပြတဲ့ အံ့ဖွယ်အမှုတွေကို မြင်ပြီး သူ့ကို ယုံကြည်လာတယ်။ ၂၄ ယေရှုကတော့ သူတို့အကြောင်းကို သိတဲ့အတွက် သူတို့ကို မယုံဘူး။ ၂၅ လူ့စိတ်ကို သိတဲ့အတွက် သူ့ကို လူတွေအကြောင်း ပြောပြစရာမလိုဘူး။+