ထွက်မြောက်ရာ
၂၉ “အာရုန်နဲ့ သူ့သားတွေကို ပုရောဟိတ်တွေအဖြစ် အမှုဆောင်နိုင်အောင် သန့်ရှင်းမြင့်မြတ်စေရမယ့်နည်းကတော့– နွားထီးပျိုတစ်ကောင်နဲ့ အနာအဆာမရှိတဲ့ သိုးထီးနှစ်ကောင်ကို ယူပါ။+ ၂ တဆေးမဲ့မုန့်၊ ဆီနယ်ပြီးလုပ်ထားတဲ့ တဆေးမဲ့မုန့်လက်ကောက်၊ ဆီသုတ်ထားတဲ့ တဆေးမဲ့မုန့်ပြားတွေကိုလည်း ယူပါ။+ မုန့်တွေကို ဂျုံနုနဲ့လုပ်ရမယ်။ ၃ အဲဒီမုန့်တွေကို တောင်းထဲထည့်ပြီး+ နွားထီးတစ်ကောင်၊ သိုးထီးနှစ်ကောင်နဲ့အတူယူလာပါ။
၄ “အာရုန်နဲ့ သူ့သားတွေကို တွေ့ဆုံရာတဲတော်ဝင်ပေါက်ဆီ+ ခေါ်လာပြီး ဆေးကြောသန့်စင်ခိုင်းပါ။+ ၅ ပြီးရင် အဝတ်တွေကို ယူပါ။+ အာရုန်ကို ဝတ်လုံရှည်၊ လက်ပြတ်ဝတ်ရုံ၊ သင်တိုင်း၊ ရင်ဖုံးတွေ ဝတ်ဆင်ပေးပြီး ခါးစည်းကြိုးကို မြဲအောင်ချည်ပေးပါ။+ ၆ ခေါင်းပေါင်း ဆောင်းပေးပါ။ ခေါင်းပေါင်းပေါ်မှာ သန့်ရှင်းမြင့်မြတ်တဲ့ ဆက်ကပ်အပ်နှံခြင်း အမှတ်အသားကို ဆင်ပေးရမယ်။+ ၇ ဘိသိက်ဆီကိုယူ၊+ ခေါင်းပေါ်လောင်းပြီး ဘိသိက်ပေးရမယ်။+
၈ “အာရုန်ရဲ့သားတွေကိုလည်း ခေါ်လာပြီး ဝတ်လုံရှည်တွေ ဝတ်ပေးရမယ်။+ ၉ အာရုန်နဲ့ သူ့သားတွေကို ခါးပန်းစည်းပေးရမယ်။ ပိတ်ဦးထုပ် ဆောင်းပေးရမယ်။ သူတို့က ပုရောဟိတ်တာဝန်ကို အမြဲထမ်းဆောင်ရမယ်။ ဒါဟာ အမြဲတည်တဲ့ဥပဒေပဲ။+ ဒီနည်းနဲ့ မင်းက အာရုန်နဲ့သားတွေကို ပုရောဟိတ်တွေအဖြစ် အမှုဆောင်ဖို့ ခန့်အပ်ရမယ်။+
၁၀ “အဲဒီနောက် နွားထီးကို တွေ့ဆုံရာတဲတော်ရှေ့ ယူလာပါ။ အာရုန်နဲ့ သူ့သားတွေက နွားထီးရဲ့ခေါင်းပေါ် လက်တင်ရမယ်။+ ၁၁ ယေဟောဝါရှေ့ တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာ နွားထီးကို သတ်ရမယ်။+ ၁၂ သွေးနည်းနည်းယူပြီး ပူဇော်ရာပလ္လင်ရဲ့ ဦးချိုအတက်တွေပေါ်မှာ လက်ညှိုးနဲ့ သုတ်ရမယ်။+ ကျန်တဲ့သွေးတွေကို ပူဇော်ရာပလ္လင်ခြေရင်းမှာ သွန်ချရမယ်။+ ၁၃ ဝမ်းတွင်းအဆီလွှာ၊ အသည်းပေါ်ကအဆီလွှာ၊ ကျောက်ကပ်နှစ်ခုနဲ့ ကျောက်ကပ်ပေါ်ကအဆီတွေကို+ ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ပူဇော်ရမယ်။*+ ၁၄ နွားထီးရဲ့အသား၊ အရေခွံနဲ့ မစင်တွေကိုတော့ စခန်းအပြင်ဘက်မှာ မီးရှို့ရမယ်။ ဒါဟာ အပြစ်ဖြေရာအလှူပဲ။
၁၅ “အဲဒီနောက် သိုးထီးကို ယူလာပါ။ အာရုန်နဲ့သားတွေက သိုးထီးရဲ့ခေါင်းပေါ် လက်တင်ရမယ်။+ ၁၆ သိုးထီးကိုသတ်၊ သွေးကိုယူပြီး ပူဇော်ရာပလ္လင်ဘေးပတ်လည်မှာ ဖျန်းရမယ်။+ ၁၇ သိုးထီးကို အပိုင်းပိုင်းဖြတ်၊ အူနဲ့ခြေထောက်တွေကို ဆေးကြောပြီး+ ခေါင်းနဲ့အတူ စီထားရမယ်။ ၁၈ သိုးထီးတစ်ကောင်လုံးကို ပူဇော်ရာပလ္လင်ပေါ် တင်ပြီး မီးရှို့ပူဇော်ရမယ်။ ဒါဟာ ယေဟောဝါဆီ ဆက်သတဲ့ မွှေးကြိုင်တဲ့* မီးရှို့ရာအလှူ၊+ ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူပဲ။
၁၉ “နောက်ထပ်သိုးထီးတစ်ကောင် ယူလာပါ။ အာရုန်နဲ့ သူ့သားတွေက သိုးထီးရဲ့ခေါင်းပေါ် လက်တင်ရမယ်။+ ၂၀ သိုးထီးကိုသတ်၊ သွေးနည်းနည်းယူပြီး အာရုန်နဲ့ သားတွေရဲ့ ညာဘက်နားပန်၊ ညာလက်မ၊ ညာခြေမပေါ်မှာ သုတ်ရမယ်။ သွေးကို ပူဇော်ရာပလ္လင်ဘေးပတ်လည်မှာ ဖျန်းရမယ်။ ၂၁ ဘိသိက်ဆီနည်းနည်း၊ ပူဇော်ရာပလ္လင်ပေါ်က သွေးနည်းနည်းယူပြီး+ အာရုန်နဲ့ သားတွေရဲ့ အဝတ်ပေါ် ဖျန်းရမယ်။ ဒီနည်းအားဖြင့် အာရုန်နဲ့ သားတွေရဲ့အဝတ်ဟာ သန့်ရှင်းသွားမယ်။+
၂၂ “ပုရောဟိတ် ခန့်အပ်ချိန်မှာ ပူဇော်တဲ့ သိုးထီးရဲ့အဆီ၊ အဆီများတဲ့အမြီး၊ ဝမ်းတွင်းအဆီလွှာ၊ အသည်းပေါ်ကအဆီလွှာ၊ ကျောက်ကပ်နှစ်ခုနဲ့ ကျောက်ကပ်ပေါ်ကအဆီ၊+ ညာဘက်ပေါင်ကို ယူပါ။+ ၂၃ ယေဟောဝါရှေ့မှာရှိတဲ့ တဆေးမဲ့မုန့်လုံးတစ်လုံး၊ ဆီနယ်ပြီးလုပ်ထားတဲ့ မုန့်လက်ကောက်တစ်ခု၊ မုန့်ပြားတစ်ချပ်ကိုလည်း တောင်းထဲက ယူပါ။ ၂၄ မင်းက အဲဒါတွေကို အာရုန်နဲ့ သူ့သားတွေရဲ့လက်ပေါ် တင်ပြီး ယေဟောဝါရှေ့မှာ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲပေးရမယ်။ ၂၅ ပြီးရင် သူတို့လက်ထဲကနေယူ၊ ပူဇော်ရာပလ္လင်ပေါ်က မီးရှို့ရာအလှူပေါ်တင်ပြီး ယေဟောဝါရှေ့ မွှေးကြိုင်တဲ့ရနံ့ထွက်အောင် မီးရှို့ရမယ်။ ဒါဟာ ယေဟောဝါဆီ မီးရှို့ဆက်သတဲ့အလှူပဲ။
၂၆ “အာရုန်ကို ပုရောဟိတ်ခန့်အပ်ချိန်မှာ ပူဇော်တဲ့ သိုးထီးရဲ့ ရင်ဒူးသားကို ယူပြီး+ ယေဟောဝါရှေ့မှာ ချီလွှဲရာအလှူအဖြစ် ချီလွှဲရမယ်။ အဲဒါဟာ မင်းရဲ့ဝေစုပဲ။ ၂၇ ချီလွှဲရာအလှူဖြစ်တဲ့ ရင်ဒူးသား၊ မြင့်မြတ်ရာဝေစုဖြစ်တဲ့ ပေါင်သားကို ဆက်ကပ်ရမယ်။ အဲဒါတွေက အာရုန်နဲ့ သားတွေကို ပုရောဟိတ်ခန့်အပ်ချိန်မှာ ချီလွှဲတဲ့ သိုးထီးရဲ့အသားတုံးတွေပဲ။+ ၂၈ အဲဒီအသားတုံးတွေဟာ မြင့်မြတ်ရာဝေစုဖြစ်လို့ အာရုန်နဲ့ သားတွေအတွက် ပေးရမယ်။ ဒါဟာ အစ္စရေးတွေ အမြဲလိုက်နာရမယ့် စည်းမျဉ်းပဲ။+ ဒါတွေဟာ ယေဟောဝါအတွက် အစ္စရေးတွေပေးလှူတဲ့ မိတ်သဟာယ ပူဇော်သက္ကာတွေထဲက မြင့်မြတ်တဲ့ဝေစုပဲ။+
၂၉ “အာရုန်ရဲ့သားတွေက ပုရောဟိတ်တာဝန် ဆက်ခံဖို့ ဘိသိက်ပေးပြီး ခန့်အပ်ခံရချိန်မှာ အာရုန်ရဲ့ သန့်ရှင်းတဲ့အဝတ်တွေကို+ ဝတ်ရမယ်။+ ၃၀ ပုရောဟိတ်တာဝန် ဆက်ခံပြီး သန့်ရှင်းရာဌာနတော်မှာ အမှုဆောင်ဖို့ တွေ့ဆုံရာတဲတော်ကိုဝင်တဲ့ အာရုန်ရဲ့သားက အဲဒီအဝတ်တွေကို ခုနစ်ရက်လုံး ဝတ်ရမယ်။+
၃၁ “ပုရောဟိတ်ခန့်အပ်ချိန်မှာ ပူဇော်တဲ့ သိုးထီးရဲ့အသားကို သန့်ရှင်းရာဌာနတော်မှာ ပြုတ်ရမယ်။+ ၃၂ အာရုန်နဲ့ သားတွေက သိုးထီးရဲ့အသားနဲ့ တောင်းထဲကမုန့်ကို တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာ စားရမယ်။+ ၃၃ သူတို့ကို ပုရောဟိတ်ခန့်အပ်ဖို့၊ သန့်ရှင်းမြင့်မြတ်စေဖို့ ပူဇော်တဲ့ အဲဒီအပြစ်ဖြေရာအလှူတွေကို စားရမယ်။ သန့်ရှင်းမြင့်မြတ်ရာဖြစ်လို့ အခွင့်မရှိသူ* မစားရဘူး။+ ၃၄ ပူဇော်ထားတဲ့သိုးသားနဲ့ မုန့်က မနက်အထိ ကျန်နေရင် မီးရှို့ရမယ်။+ သန့်ရှင်းမြင့်မြတ်ရာဖြစ်လို့ မစားရဘူး။
၃၅ “ငါမှာထားတဲ့အတိုင်း အာရုန်နဲ့ သားတွေကို လုပ်ပေးရမယ်။ သူတို့ကို ပုရောဟိတ်ခန့်အပ်တဲ့အခါ ခုနစ်ရက် အချိန်ယူရမယ်။+ ၃၆ အပြစ်ဖြေဖို့ အပြစ်ဖြေရာအလှူ နွားထီးကို နေ့တိုင်း ပူဇော်ရမယ်။ ပူဇော်ရာပလ္လင်အတွက် အပြစ်ဖြေပြီး စင်ကြယ်စေရမယ်။ အဲဒီပလ္လင်ကို ဘိသိက်ဆီလောင်းပြီး ဆက်ကပ်ရမယ်။+ ၃၇ ပူဇော်ရာပလ္လင်အတွက် အပြစ်ဖြေဖို့ ခုနစ်ရက် အချိန်ယူရမယ်။ ပူဇော်ရာပလ္လင်ကို အသန့်ရှင်းဆုံးဖြစ်စေဖို့ ဆက်ကပ်ရမယ်။+ ပူဇော်ရာပလ္လင်ကို ထိသူတိုင်း သန့်ရှင်းရမယ်။
၃၈ “ပူဇော်ရာပလ္လင်ပေါ်မှာ တစ်နှစ်သားအရွယ် သိုးထီးလေးတွေကို တစ်ရက်နှစ်ကောင် ပုံမှန်ပူဇော်ရမယ်။+ ၃၉ မနက်ပိုင်းမှာ တစ်ကောင်၊ နေဝင်ချိန်မှာ တစ်ကောင်ပူဇော်ရမယ်။+ ၄၀ ပထမသိုးထီးလေးနဲ့အတူ သံလွင်ဆီစစ်စစ် တစ်ဟိန်ရဲ့* လေးပုံတစ်ပုံနဲ့ ဂျုံနုတစ်ဧဖာရဲ့* ဆယ်ပုံတစ်ပုံကိုရောပြီး ပူဇော်ရမယ်။ စပျစ်ဝိုင်တစ်ဟိန်ရဲ့ လေးပုံတစ်ပုံကိုလည်း သွန်းလောင်းရာအလှူအဖြစ် ပူဇော်ရမယ်။ ၄၁ ဒုတိယသိုးထီးလေးကို နေဝင်ချိန်မှာ ပူဇော်ရမယ်။ မနက်ပိုင်းမှာလိုပဲ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူနဲ့အတူ မွှေးကြိုင်တဲ့ရနံ့ထွက်အောင် ပူဇော်ရမယ်။ ယေဟောဝါဆီ မီးရှို့ဆက်သတဲ့အလှူပဲ။ ၄၂ ဒါဟာ ယေဟောဝါရှေ့ တွေ့ဆုံရာတဲတော်ဝင်ပေါက်မှာ မင်းတို့လူမျိုးအစဉ်အဆက် ပုံမှန်ပူဇော်ရမယ့် မီးရှို့ရာအလှူပဲ။ တွေ့ဆုံရာတဲတော်မှာ မင်းကို ငါတွေ့ဆုံပြီး စကားပြောမယ်။+
၄၃ “အဲဒီနေရာမှာ အစ္စရေးတွေကို ငါတွေ့ဆုံမယ်။ ငါ့ရဲ့ဘုန်းအသရေကြောင့် အဲဒီနေရာ သန့်ရှင်းမြင့်မြတ်လာမယ်။+ ၄၄ တွေ့ဆုံရာတဲတော်နဲ့ ပူဇော်ရာပလ္လင်ကို ငါသန့်ရှင်းမြင့်မြတ်စေမယ်။ အာရုန်နဲ့ သားတွေကိုလည်း ပုရောဟိတ်တွေအဖြစ် အမှုဆောင်နိုင်ဖို့ သန့်ရှင်းမြင့်မြတ်စေမယ်။+ ၄၅ အစ္စရေးလူမျိုးအလယ်မှာ ငါစံမြန်းမယ်၊ သူတို့ရဲ့ဘုရားသခင်ဖြစ်မယ်။+ ၄၆ သူတို့ရဲ့ဘုရား ငါယေဟောဝါဟာ သူတို့အလယ်မှာ စံမြန်းဖို့ သူတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့အရှင်ပဲဆိုတာ ကောင်းကောင်းသိကြလိမ့်မယ်။+ ငါဟာ သူတို့ရဲ့ဘုရားသခင် ယေဟောဝါပဲ။