ဧသတာ
၃ အဲဒီနောက် အာရွှေရုမင်းက အာဂတ်အမျိုး+ ဟမ်မဒါသရဲ့သား ဟာမန်ကို ရာထူးတိုးပေးတယ်။+ သူ့ရဲ့ပလ္လင်ကို အတူခစားနေတဲ့ မှူးမတ်တွေထက် ပိုမြင့်တဲ့နေရာမှာ ထားပြီး ချီးမြှောက်တယ်။+ ၂ နန်းတော်တံခါးမှာရှိတဲ့ မင်းမှုထမ်းအားလုံးက ဟာမန်ကို ဦးညွှတ်ပျပ်ဝပ်ရတယ်။ ဒါဟာ ဘုရင့်အမိန့်ပဲ။ မော်ဒကဲကတော့ ဦးမညွှတ်ဘူး၊ မပျပ်ဝပ်ဘူး။ ၃ ဒါကြောင့် နန်းတော်တံခါးမှာ ခစားတဲ့ မင်းမှုထမ်းတွေက “ဘုရင့်အမိန့်ကို ဘာလို့ မလိုက်နာတာလဲ” ဆိုပြီး မော်ဒကဲကို မေးမြန်းကြတယ်။ ၄ အဲဒီလို နေ့တိုင်းမေးမြန်းပေမဲ့ မော်ဒကဲက အရေးမလုပ်ဘူး။ သူဟာ ဂျူးလူမျိုးဆိုတာ ပြောပြီးသားဖြစ်လို့ပဲ။+ ဒါနဲ့ မင်းမှုထမ်းတွေက မော်ဒကဲရဲ့လုပ်ရပ်ကို ဟာမန် ဘယ်လောက်သည်းခံနိုင်မလဲ သိနိုင်ဖို့ ဟာမန်ကို ပြောပြကြတယ်။+
၅ ဟာမန်က သူ့ကို မော်ဒကဲ ဦးမညွှတ်တာ၊ မပျပ်ဝပ်တာကို တွေ့တဲ့အခါ ဒေါသူပုန်ထတော့တယ်။+ ၆ မော်ဒကဲရဲ့ လူမျိုးအကြောင်းကို သိထားတဲ့အတွက် မော်ဒကဲတစ်ယောက်ကိုပဲ ရှင်းပစ်နိုင်တယ်ဆိုရင် သိက္ခာကျတာပေါ့လို့ သူတွေးတယ်။ ဒါကြောင့် အာရွှေရုမင်းရဲ့ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ မော်ဒကဲရဲ့လူမျိုး ဂျူးရှိသမျှကို သုတ်သင်ရှင်းလင်းဖို့ ကြံစည်တော့တယ်။
၇ အာရွှေရုမင်းနန်းစံ ၁၂ နှစ်၊+ နိသန်* လို့ခေါ်တဲ့ တစ်လပိုင်းမှာ ဟာမန်က သူ့အကြံအစည်ကို အကောင်အထည်ဖော်ဖို့ ရက်ကောင်းရက်မြတ် ရွေးချင်တဲ့အတွက် ပုရမဲ ချခိုင်းတဲ့အခါ+ အာဒါ* လို့ခေါ်တဲ့ ၁၂ လပိုင်းမှာ မဲကျတယ်။+ ၈ ဟာမန်က အာရွှေရုမင်းကို “မင်းကြီးရဲ့ ပိုင်နက်ထဲက ခရိုင်တွေမှာ+ လူမျိုးစုတွေကြား ဟိုတစ်စုဒီတစ်စု ပျံ့နှံ့နေတဲ့ လူမျိုးတစ်မျိုး ရှိပါတယ်။+ သူတို့ရဲ့ စည်းမျဉ်းဥပဒေဟာ တခြားလူမျိုးတွေနဲ့ မတူပါဘူး။ မင်းကြီးပြဋ္ဌာန်းတဲ့ ဥပဒေတွေကိုလည်း မလိုက်နာကြဘူး။ သူတို့ကို ဒီအတိုင်းလွှတ်ထားရင် မင်းကြီးအတွက် အကျိုးမရှိပါဘူး။ ၉ ဒါကြောင့် မင်းကြီး အလိုတော်ရှိမယ်ဆိုရင် သူတို့ကို ကွပ်မျက်ဖို့ အမိန့်တော်စာ ထုတ်ပြန်ပါ။ ကျွန်တော်ကလည်း ဘဏ္ဍာတိုက်ထဲ သွင်းဖို့ ငွေတဲလင့်* ၁၀,၀၀၀ ကို အရာရှိတွေဆီ အပ်ပါ့မယ်”* လို့လျှောက်တင်တယ်။
၁၀ ဒါနဲ့ ဘုရင်ကလည်း တံဆိပ်လက်စွပ်ကို ချွတ်ပြီး+ အာဂတ်အမျိုး+ ဟမ်မဒါသရဲ့သား၊ ဂျူးတွေရဲ့ရန်သူ ဟာမန်ကို ပေးတယ်။+ ၁၁ ပြီးတော့ “အဲဒီလူမျိုးကိုရော သူတို့ရဲ့ငွေကိုပါ မင်းလက်ထဲ ငါအပ်တယ်။ မင်းသဘောအတိုင်း လုပ်နိုင်တယ်” ဆိုပြီး ခွင့်ပြုလိုက်တယ်။ ၁၂ အဲဒီနောက် တစ်လပိုင်း ၁၃ ရက်နေ့မှာ အတွင်းဝန်တွေကို+ ဆင့်ခေါ်တယ်။ ခရိုင်တွေကို အုပ်ချုပ်တဲ့ ဘုရင်ခံချုပ်တွေ၊ ဘုရင်ခံတွေ၊ လူမျိုးအသီးသီးရဲ့ ခေါင်းဆောင်တွေကို ဟာမန်မိန့်မှာသမျှအတိုင်း အတွင်းဝန်တွေ ရေးကြတယ်။+ ခရိုင်တစ်ခုစီရဲ့ စာအရေးအသားနဲ့ သူတို့ရဲ့ ဘာသာစကားအတိုင်း ရေးတယ်။ အဲဒီအမိန့်တော်စာကို အာရွှေရုမင်းရဲ့ နာမည်တပ်ပြီး မင်းကြီးရဲ့လက်စွပ်နဲ့ တံဆိပ်ခတ်လိုက်တယ်။+
၁၃ စာတွေကို ခြေမြန်တော်ကတစ်ဆင့် အာရွှေရုအုပ်ချုပ်တဲ့ ခရိုင်အားလုံးဆီ ပို့လိုက်တယ်။ အာဒါလို့ခေါ်တဲ့ ၁၂ လပိုင်း၊ ၁၃ ရက်၊+ တစ်နေ့တည်းမှာ လူကြီးလူငယ်၊ မိန်းမ၊ ကလေးပါမကျန် ဂျူးလူမျိုးအားလုံးကို သုတ်သင်ပယ်ရှင်းဖို့၊ သူတို့ရဲ့ ပစ္စည်းဥစ္စာတွေကို သိမ်းယူဖို့ အမိန့်ပေးထားတယ်။+ ၁၄ စာမှာပါတဲ့အမိန့်ကို ခရိုင်အားလုံးမှာ ဥပဒေအဖြစ် သတ်မှတ်ရမယ့်အပြင် လူအားလုံးသိဖို့လည်း ကြေညာရမယ်။ ဒါမှ အဲဒီနေ့မှာ လူတွေ အသင့်ဖြစ်နေနိုင်မယ်။ ၁၅ ခြေမြန်တော်တွေက ဘုရင့်အမိန့်နဲ့ အမြန်ဆုံး ထွက်သွားကြတယ်။+ အဲဒီဥပဒေကို ရှုရှန်နန်းတော်မှာလည်း ထုတ်ပြန်တယ်။+ ဘုရင်နဲ့ဟာမန်က ထိုင်ပြီး စပျစ်ဝိုင် သောက်နေကြတယ်။ ရှုရှန်မြို့ထဲမှာတော့ ပွက်လောရိုက်သွားတယ်။