တရားဟောရာ
၂ “အဲဒီနောက် ကျွန်တော်တို့က ယေဟောဝါဘုရား ပြောတဲ့အတိုင်း ပြန်လှည့်ပြီး+ ပင်လယ်နီလမ်းအတိုင်း တောကန္တာရဘက် ထွက်လာတယ်။ စိရတောင်ဝန်းကျင်မှာ ရက်ပေါင်းများစွာ ခရီးနှင်ခဲ့ကြတယ်။ ၂ နောက်တော့ ယေဟောဝါဘုရားက၊ ၃ ‘ဒီတောင်ဝန်းကျင်မှာ မင်းတို့သွားလာနေတာ တော်တော်ကြာသွားပြီ။ အခု မြောက်ဘက်ကို ပြန်လှည့်ကြ။ ၄ ပြီးတော့ အစ္စရေးတွေကို “စိရပြည်မှာနေတဲ့+ ဧသောရဲ့သားမြေးတွေ၊+ မင်းတို့ညီအစ်ကိုတွေရဲ့ နယ်စပ်ကို ဖြတ်ရတော့မယ်။ မင်းတို့ကို သူတို့ ကြောက်နေမှာပဲ။+ ဒါကြောင့် အထူးသတိထားကြ။ ၅ သူတို့ကို မတိုက်နဲ့။ သူတို့ပြည်ရဲ့ ခြေတစ်ဖဝါးစာကိုတောင် မင်းတို့ကို ငါ မပေးဘူး။ စိရတောင်ကို ဧသောအတွက် ငါအပိုင်ပေးထားတယ်။+ ၆ သူတို့ဆီက အစားအစာကို ဝယ်စားရမယ်။ ရေကိုလည်း ဝယ်သောက်ရမယ်။+ ၇ မင်းတို့ရဲ့ဘုရား ယေဟောဝါက မင်းတို့လုပ်သမျှကို ကောင်းချီးပေးခဲ့ပြီပဲ။ ဒီတောကန္တာရကြီးထဲမှာ မင်းတို့ သွားလာနေတာကိုလည်း ဂရုတစိုက် ကြည့်နေတယ်။ မင်းတို့ရဲ့ဘုရား ယေဟောဝါက ဒီအနှစ် ၄၀ လုံး အတူရှိနေတဲ့အတွက် မင်းတို့မှာ လိုလေသေးမရှိ ပြည့်စုံခဲ့ပြီ”+ လို့ မှာကြားပါ’ ဆိုပြီးပြောတယ်။ ၈ ကျွန်တော်တို့လည်း အရာဗာလမ်းအတိုင်း မသွားဘဲ ဧလပ်မြို့နဲ့ ဧဇယုန်ဂါဗာအရပ်ကို+ ရှောင်ပြီး စိရပြည်မှာ နေထိုင်တဲ့ ဧသောရဲ့သားမြေးတွေ၊+ ကိုယ့်ညီအစ်ကိုတွေရဲ့ နယ်စပ်ကနေပဲ ဖြတ်လာခဲ့ကြတယ်။
“အဲဒီနောက် ပြန်လှည့်ပြီး မောဘတောကန္တာရဘက်+ သွားတဲ့လမ်းအတိုင်း ခရီးဆက်ခဲ့ကြတယ်။ ၉ ယေဟောဝါဘုရားက ‘မောဘပြည်သားတွေကို မနှောင့်ယှက်နဲ့။ စစ်မတိုက်နဲ့။ မင်းတို့ကို မောဘပြည် ငါမပေးဘူး။ အာရမြို့ကို လောတရဲ့သားမြေးတွေအတွက် ငါအပိုင်ပေးထားတယ်။+ ၁၀ (အရင်တုန်းက အဲဒီမှာ ဧမိမ်လူမျိုး+ နေထိုင်ခဲ့တယ်။ သူတို့က အာနကလူတွေလိုပဲ ထွားကျိုင်းပြီး အရပ်မြင့်တယ်။ လူဦးရေလည်း သိပ်များတယ်။ ၁၁ ရေဖိမ်လူမျိုးကလည်း+ အာနကလူတွေလိုပဲ+ ထွားကျိုင်းတယ်။ မောဘတွေက ရေဖိမ်တွေကို ဧမိမ်လို့ ခေါ်လေ့ရှိတယ်။ ၁၂ အရင်တုန်းက စိရပြည်မှာ ဟောရိလူမျိုး+ နေထိုင်ခဲ့တယ်။ ဒါပေမဲ့ ဧသောရဲ့သားမြေးတွေက သူတို့ကို တိုက်ခိုက်မောင်းထုတ်ပြီး အဲဒီမှာ အခြေချကြတယ်။+ အစ္စရေးတွေကလည်း ယေဟောဝါဘုရား အပိုင်ပေးမယ့်ပြည်ကို အဲဒီလိုပဲ လုပ်လိမ့်မယ်။) ၁၃ အခု၊ ဇေရက်သဲချောင်းကို ဖြတ်ကူးကြပါ’ လို့ ပြောတယ်။ ကျွန်တော်တို့လည်း ဇေရက်သဲချောင်းကို+ ဖြတ်ကူးကြတယ်။ ၁၄ ကာဒေရှဗာနာအရပ်ကနေ ထွက်လာပြီး ဇေရက်သဲချောင်းကို ဖြတ်ကူးချိန်အထိ ၃၈ နှစ် ကြာတယ်။ ဒီအတောအတွင်း အဲဒီလူမျိုးဆက်မှာရှိတဲ့ တိုက်ခိုက်နိုင်သူအားလုံး ယေဟောဝါဘုရား ကျိန်ဆိုခဲ့တဲ့အတိုင်း သေဆုံးကုန်ပြီ။+ ၁၅ ယေဟောဝါရဲ့လက်ရုံးဟာ သူတို့တစ်ယောက်မကျန် ပျက်စီးသွားတဲ့အထိ ဖယ်ရှားပစ်ခဲ့တယ်။+
၁၆ “သူတို့အားလုံး သေဆုံးသွားတဲ့အခါ၊+ ၁၇ ယေဟောဝါ ပြောတာက– ၁၈ ‘အခု၊ မင်းတို့ မောဘပြည်၊ အာရမြို့နားကနေ ဖြတ်သွားရမယ်။ ၁၉ အမ္မုန်လူမျိုးရဲ့ပြည်နား ရောက်တဲ့အခါ သူတို့ကို မနှောင့်ယှက်နဲ့။ မင်းတို့ကို အမ္မုန်ပြည် ငါမပေးဘူး။ အဲဒီပြည်ကို လောတရဲ့ သားမြေးတွေအတွက် ငါအပိုင်ပေးထားတယ်။+ ၂၀ အဲဒီပြည်ကိုလည်း ရေဖိမ်လူမျိုးရဲ့ပြည်လို့+ ခေါ်ကြတယ်။ (အရင်တုန်းက အဲဒီမှာ ရေဖိမ်လူမျိုး နေထိုင်ခဲ့တယ်။ အမ္မုန်လူတွေက သူတို့ကို ဇံဇုမိမ်လူမျိုးလို့ ခေါ်လေ့ရှိတယ်။ ၂၁ ရေဖိမ်လူမျိုးက အာနကလူတွေလိုပဲ+ ထွားကျိုင်းပြီး အရပ်မြင့်တယ်။ လူဦးရေ သိပ်များတယ်။ ဒါပေမဲ့ ယေဟောဝါဘုရား တိုက်ခိုက်ပေးတဲ့အတွက် အမ္မုန်လူမျိုးက သူတို့ကို မောင်းထုတ်ပြီး အဲဒီမှာ အခြေချကြတယ်။ ၂၂ ဘုရားသခင်က စိရပြည်မှာနေတဲ့+ ဧသောရဲ့သားမြေးတွေအတွက်လည်း အဲဒီလိုပဲ တိုက်ခိုက်ပေးခဲ့တယ်။ ဒါကြောင့် ဧသောရဲ့သားမြေးတွေက ဟောရိလူမျိုးကို+ မောင်းထုတ်နိုင်ခဲ့ပြီး အခုထိ ဟောရိလူမျိုးတွေရဲ့ ပြည်မှာ နေထိုင်ကြတယ်။ ၂၃ ဂါဇာဒေသအထိ+ နေထိုင်တဲ့ အာဝိမ်လူမျိုးကိုလည်း ကတ်တောရအရပ်ကနေ ထွက်လာတဲ့ ကတ္တောရိမ်လူမျိုးက+ ဖျက်ဆီးပြီး အဲဒီမှာ အခြေချကြတယ်။)
၂၄ “‘အခု ဒီကနေထွက်ခွာပြီး အာနုန်သဲချောင်းကို+ ဖြတ်သွားကြပါ။ အာမောရိလူမျိုး၊ ဟေရှဘုန်ဘုရင် ရှိဟုန်ကို+ မင်းတို့လက်ထဲ ငါအပ်တယ်။ ဒါကြောင့် သူ့ကို တိုက်ခိုက်ပြီး ပြည်ကို သိမ်းပိုက်ကြ။ ၂၅ အရပ်ရပ်ကလူတွေ မင်းတို့ရဲ့သတင်းကို ကြားပြီး ကြောက်စိတ်ဝင်လာအောင် အခု ငါလုပ်မယ်။ သူတို့ စိတ်မငြိမ်မသက်ဖြစ်ပြီး တုန်လှုပ်ချောက်ချားကြလိမ့်မယ်။’+
၂၆ “အဲဒီနောက် ကျွန်တော်က ကေဒမုတ်+ တောကန္တာရကနေ ဟေရှဘုန်ဘုရင် ရှိဟုန်ဆီ တမန်တွေ လွှတ်ပြီး၊ ၂၇ ‘မင်းကြီးရဲ့ပြည်ကို ဖြတ်သွားခွင့်ပြုပါ။ လမ်းမကြီးအတိုင်းပဲ တည့်တည့်သွားပါ့မယ်။+ ၂၈ အစားအစာကို ဝယ်စားပါ့မယ်။ ရေကိုလည်း ဝယ်သောက်ပါ့မယ်။ မင်းကြီးရဲ့ပြည်ကို ခြေကျင်ဖြတ်လျှောက်ခွင့်လေးပဲ ပေးပါ။ ၂၉ ဂျော်ဒန်မြစ်ကို ဖြတ်ပြီး ယေဟောဝါဘုရားပေးမယ့် ပြည်ထဲ ဝင်ချိန်အထိပါပဲ။ စိရပြည်မှာ နေထိုင်တဲ့ ဧသောရဲ့သားမြေးတွေ၊ အာရမြို့မှာ နေထိုင်တဲ့ မောဘလူမျိုးတွေလည်း ကျွန်တော်တို့ကို အဲဒီလိုပဲ အခွင့်ပေးခဲ့ပါတယ်’ ဆိုပြီး ငြိမ်းချမ်းရေးစကား ကမ်းလှမ်းခဲ့တယ်။+ ၃၀ ဒါပေမဲ့ ဟေရှဘုန်ဘုရင် ရှိဟုန်က ဖြတ်လျှောက်ခွင့် မပေးဘူး။ သူစိတ်သဘောထား တင်းမာပြီး ခေါင်းမာတာကို ယေဟောဝါဘုရား ခွင့်ပြုခဲ့တယ်။+ အခုလိုမျိုး သူ့ကို ခင်ဗျားတို့လက်ထဲ အပ်ဖို့ပဲ။+
၃၁ “အဲဒီနောက် ယေဟောဝါဘုရားက ‘အခု၊ ရှိဟုန်မင်းနဲ့ သူ့ရဲ့ပြည်ကို မင်းတို့လက်ထဲ ငါအပ်ပြီ။ သူ့ပြည်ကို တိုက်ခိုက်သိမ်းပိုက်ပါ’+ လို့ပြောတယ်။ ၃၂ ရှိဟုန်မင်းက ယာဟတ်မြို့မှာ+ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ စစ်သည်တွေနဲ့အတူ ချီတက်လာတဲ့အခါ၊ ၃၃ ယေဟောဝါဘုရားက သူ့ကို ကျွန်တော်တို့လက်ထဲ အပ်တဲ့အတွက် သူနဲ့သူ့သားတွေ၊ သူ့စစ်သည်တွေကို အနိုင်ရခဲ့တယ်။ ၃၄ သူ့ရဲ့မြို့တွေကို သိမ်းပိုက်ပြီး ဖျက်ဆီးတယ်။ ယောက်ျား၊ မိန်းမ၊ ကလေးတွေကို တစ်ယောက်မကျန် သတ်လိုက်တယ်။+ ၃၅ အဲဒီမြို့တွေထဲက တိုက်ရာပါဥစ္စာတွေနဲ့ တိရစ္ဆာန်တွေကိုပဲ သိမ်းယူခဲ့ကြတယ်။ ၃၆ (အာနုန်သဲချောင်းထဲက မြို့အပါအဝင်) သဲချောင်းကမ်းနားမှာရှိတဲ့ အာရော်မြို့ကနေ+ ဂိလဒ်ပြည်အထိ မသိမ်းနိုင်တဲ့မြို့ မရှိခဲ့ဘူး။ ယေဟောဝါဘုရားက အဲဒီမြို့အားလုံးကို ကျွန်တော်တို့လက်ထဲ အပ်ခဲ့တယ်။+ ၃၇ ဒါပေမဲ့ အမ္မုန်လူမျိုးရဲ့ပြည်၊+ ယာဗုတ်သဲချောင်း တစ်လျှောက်လုံး၊+ တောင်တန်းဒေသက မြို့တွေအစရှိတဲ့ ယေဟောဝါဘုရား တားမြစ်ထားတဲ့ မြို့ရွာတွေကိုတော့ မသွားခဲ့ကြဘူး။