ကမ္ဘာဦး
၁၈ အဲဒီနောက် မံရေအရပ်က အပင်ကြီးတွေနားမှာ+ အာဗြဟံဆီ ယေဟောဝါ+ ရောက်လာတယ်။ နေပူပြင်းတဲ့ အဲဒီအချိန်မှာ အာဗြဟံက တဲဝမှာ ထိုင်နေတယ်။ ၂ သူလှမ်းကြည့်လိုက်တဲ့အခါ ခပ်လှမ်းလှမ်းမှာ လူသုံးယောက် ရပ်နေတာတွေ့တော့+ ကြိုဆိုဖို့ တဲဝကနေ ပြေးထွက်ပြီး မြေပေါ် ပျပ်ဝပ်လိုက်တယ်။ ၃ ပြီးတော့ “ယေဟောဝါ၊* ကျွန်တော် ဧည့်ဝတ်ပြုပါရစေ။ ခဏလောက် ဝင်နားပါဦး။ ၄ ရေနည်းနည်းယူလာပြီး ခြေဆေးပေးပါ့မယ်။+ ပြီးရင် သစ်ပင်အောက်မှာ အနားယူကြပါ။ ၅ ကျွန်တော့်ဆီ ရောက်လာပြီဆိုတော့ အဆာပြေစားဖို့ မုန့်နည်းနည်း ယူလာပါရစေ။ စားပြီးမှ ဆက်သွားကြပါ” လို့ပြောတဲ့အခါ သူတို့က “ကောင်းပြီ။ ခင်ဗျားပြောတဲ့အတိုင်း လုပ်ပါ” လို့ပြောတယ်။
၆ အာဗြဟံလည်း တဲထဲမှာရှိတဲ့ စာရာဆီ အမြန်ပြေးသွားတယ်။ “ဂျုံနုသုံးဆီယာကို* နယ်ပြီး မုန့်လုံးတွေ လုပ်ပါဦး။ မြန်မြန်လေး” လို့ပြောတယ်။ ၇ ပြီးတော့ နွားအုပ်ဆီ ပြေးသွားတယ်။ နုထွားတဲ့ နွားပေါက်တစ်ကောင် ရွေးတယ်၊ အစေခံကိုပေးပြီး မြန်မြန်ပြင်ဆင်တယ်။ ၈ အဲဒီနောက် ထောပတ်၊ နို့နဲ့ အမဲသားဟင်းကို တည်ခင်းပေးတယ်။ သူတို့စားနေတုန်း အနားက သစ်ပင်အောက်မှာ အာဗြဟံ ရပ်နေတယ်။+
၉ “ခင်ဗျားရဲ့ဇနီး စာရာ+ ဘယ်မှာလဲ” လို့ သူတို့မေးတဲ့အခါ အာဗြဟံက “တဲထဲမှာပါ” လို့ဖြေတယ်။ ၁၀ သူတို့ထဲကတစ်ယောက်က “နောက်နှစ် ဒီအချိန်ရောက်ရင် ခင်ဗျားဆီ ဆက်ဆက်ပြန်လာမယ်။ ခင်ဗျားရဲ့ဇနီး စာရာ သားတစ်ယောက် မွေးလိမ့်မယ်”+ ဆိုပြီးပြောတယ်။ စာရာက အဲဒီလူရဲ့အနောက်ဘက်၊ တဲဝမှာ နားထောင်နေတယ်။ ၁၁ အာဗြဟံနဲ့စာရာဟာ အသက်ကြီးပြီး အိုနေပြီ။+ စာရာလည်း ကလေးမွေးတဲ့အရွယ် လွန်နေပြီ။+ ၁၂ ဒါကြောင့် စာရာက “ငါအသက်ကြီးပြီပဲ။ ငါ့သခင်လည်း အိုနေပြီ။ တကယ်ပဲ အဲဒီလိုပျော်နိုင်ပါဦးမလား”+ လို့စိတ်ထဲမှာပြောရင်း ရယ်မိတယ်။ ၁၃ အဲဒီအခါ ယေဟောဝါက အာဗြဟံကို “ခင်ဗျားရဲ့ဇနီး စာရာက ဘာလို့ရယ်တာလဲ။ ‘ငါအိုနေပြီ၊ တကယ် ကလေးမွေးနိုင်ပါ့မလား’ ဆိုပြီး ဘာလို့ပြောတာလဲ။ ၁၄ ယေဟောဝါ မတတ်နိုင်တာ ရှိလို့လား။+ နောက်နှစ် ဒီအချိန်ရောက်ရင် ခင်ဗျားဆီ ကျွန်တော်ပြန်လာမယ်။ စာရာ သားတစ်ယောက် မွေးလိမ့်မယ်” လို့ပြောတယ်။ ၁၅ စာရာလည်း လန့်သွားပြီး “ကျွန်မ မရယ်ပါဘူး” လို့ငြင်းတော့ သူက “ခင်ဗျား ရယ်ပါတယ်” လို့ပြန်ပြောတယ်။
၁၆ သူတို့ ပြန်သွားတဲ့အခါ သောဒုံမြို့ဘက် လှမ်းကြည့်ကြတယ်။+ အာဗြဟံလည်း သူတို့ကို လိုက်ပို့တယ်။ ၁၇ ယေဟောဝါက “ငါဘာလုပ်မယ်ဆိုတာ အာဗြဟံကို အသိမပေးဘဲ မနေဘူး။+ ၁၈ အာဗြဟံဟာ အင်အားကြီးတဲ့ လူမျိုးကြီး ဖြစ်မှာပဲ။ မြေကြီးပေါ်က လူမျိုးအားလုံးလည်း သူ့ကြောင့် ကောင်းချီးခံစားရမယ်။+ ၁၉ အာဗြဟံကို ငါကောင်းကောင်းသိတယ်။ သူဟာ မှန်ကန်ဖြောင့်မတ်ပြီး ယေဟောဝါရဲ့ နည်းလမ်းတွေအတိုင်း လိုက်ဖို့ သားစဉ်မြေးဆက်တွေကို မှာကြားမယ်ဆိုတာ ငါယုံတယ်။+ ငါယေဟောဝါလည်း သူနဲ့ပတ်သက်တဲ့ ကတိကို ပြည့်စုံစေမယ်” လို့ပြောတယ်။
၂၀ ယေဟောဝါက “သောဒုံနဲ့ ဂေါမောရမြို့ရဲ့ အပြစ်ဟာ ကြီးလွန်းတယ်။+ သူတို့နဲ့ပတ်သက်ပြီး အော်ဟစ်ညည်းညူနေကြတာကို ငါကြားပြီ။+ ၂၁ ငါကြားတဲ့အတိုင်း ဟုတ်မဟုတ်၊ သူတို့ရဲ့အကျင့်တွေ တကယ်ဆိုးမဆိုး သိရအောင် ငါဆင်းကြည့်မယ်။ အဲဒါကို ငါသိချင်တယ်” လို့ပြောတယ်။+
၂၂ အဲဒီလူနှစ်ယောက်ဟာ သောဒုံမြို့ဘက် ထွက်သွားကြတယ်။ ယေဟောဝါကတော့+ အာဗြဟံနဲ့အတူ နေရစ်ခဲ့တယ်။ ၂၃ အာဗြဟံလည်း အနားကို သွားပြီး “လူကောင်းတွေကို လူဆိုးတွေနဲ့အတူ တကယ်ဖျက်ဆီးပစ်မှာလား။+ ၂၄ မြို့ထဲမှာ လူကောင်းအယောက် ၅၀ ရှိခဲ့ရင် အဲဒီလူ ၅၀ ကို ထည့်မတွက်တော့ဘူးလား။ ဒီမြို့ကို ခွင့်မလွှတ်ဘဲ ဖျက်ဆီးမှာပဲလား။ ၂၅ လူကောင်းတွေကို လူဆိုးတွေနဲ့ရောပြီး ဖျက်ဆီးမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ အဲဒီလိုဖျက်ဆီးရင် လူကောင်းနဲ့ လူဆိုး ခံစားရတဲ့အကျိုးဆက်ဟာ တူနေမှာပေါ့။+ အဲဒီလို ဘယ်တော့မှ မလုပ်ဘူးမဟုတ်လား။+ မြေတစ်ပြင်လုံးရဲ့တရားသူကြီးက မှန်ကန်တာကိုပဲ လုပ်မှာပါ”+ လို့ပြောတယ်။ ၂၆ ဒါနဲ့ ယေဟောဝါက “သောဒုံမြို့မှာ လူကောင်း ၅၀ ရှိရင် တစ်မြို့လုံးကို ခွင့်လွှတ်မယ်” လို့ပြောတယ်။ ၂၇ အာဗြဟံက “ကျွန်တော်ဟာ မြေမှုန့်နဲ့ ပြာမှုန့်သက်သက်ပါပဲ။ ဒါပေမဲ့ ယေဟောဝါကို ထပ်ပြောပါရစေဦး။ ၂၈ လူကောင်း ၅၀ ပြည့်ဖို့ ၅ ယောက်လိုနေရင်ကော တစ်မြို့လုံးကို ဖျက်ဆီးမှာပဲလား” လို့မေးတော့ “၄၅ ယောက်ရှိရင် ဒီမြို့ကို မဖျက်ဆီးဘူး” လို့ဖြေတယ်။+
၂၉ အာဗြဟံကလည်း “အယောက် ၄၀ ရှိရင်ကော” လို့ထပ်မေးတဲ့အခါ “၄၀ ရှိရင် မဖျက်ဆီးဘူး” ဆိုပြီးဖြေတယ်။ ၃၀ ဒါပေမဲ့ အာဗြဟံက “ယေဟောဝါ၊ အမျက်မထွက်ပါနဲ့။+ ကျွန်တော် ပြောပါရစေဦး။ အယောက် ၃၀ ရှိရင်ကော” လို့မေးတော့ “၃၀ ရှိရင် မဖျက်ဆီးဘူး” ဆိုပြီးဖြေတယ်။ ၃၁ ဒါနဲ့ အာဗြဟံက “ယေဟောဝါ၊ ကျွန်တော် ပြောပါရစေဦး။ အယောက် ၂၀ ရှိရင်ကော” လို့ထပ်မေးတော့ “၂၀ ရှိရင် မဖျက်ဆီးဘူး” ဆိုပြီးဖြေတယ်။ ၃၂ နောက်ဆုံးမှာ အာဗြဟံက “ယေဟောဝါ၊ စိတ်မရှိပါနဲ့။ တစ်ခါလောက် ထပ်ပြောပါရစေ။ ၁၀ ယောက်ပဲ ရှိရင်ကော” လို့ မေးတော့ “၁၀ ယောက်ရှိရင် မဖျက်ဆီးဘူး” ဆိုပြီးဖြေတယ်။ ၃၃ ယေဟောဝါက အာဗြဟံနဲ့ စကားပြောပြီးတဲ့အခါ ထွက်သွားတယ်။+ အာဗြဟံလည်း အိမ်ပြန်သွားတယ်။