ထွက်မြောက်ရာ
၂၇ “အလျားငါးတောင်၊ အနံငါးတောင်ရှိတဲ့ စတုရန်းပုံပူဇော်ရာပလ္လင်ကို ရှားသားနဲ့ လုပ်ရမယ်။+ အမြင့်သုံးတောင် ရှိရမယ်။+ ၂ ပူဇော်ရာပလ္လင် ထောင့်လေးထောင့်မှာ ဦးချိုအတက်တွေ+ ရှိရမယ်။ အတက်တွေက ပူဇော်ရာပလ္လင်နဲ့ တစ်ဆက်တည်း ဖြစ်နေရမယ်။ အဲဒီပလ္လင်ကို ကြေးနီနဲ့ အုပ်ရမယ်။+ ၃ ပြာကို ဖယ်ရှားဖို့ ပုံးတွေ၊ ဂေါ်ပြားတွေ၊ ဇလုံတွေ၊ ခက်ရင်းခွတွေနဲ့ မီးခဲအိုးတွေ လုပ်ရမယ်။ ပူဇော်ရာပလ္လင် အသုံးအဆောင်တွေကို ကြေးနီနဲ့ လုပ်ရမယ်။+ ၄ အဲဒီပလ္လင်အတွက် ကြေးနီဆန်ခါ လုပ်ရမယ်။ ကြေးနီကွင်းလေးကွင်း လုပ်ပြီး ထောင့်လေးထောင့်မှာ တစ်ကွင်းစီ တပ်ရမယ်။ ၅ ဆန်ခါကို ပူဇော်ရာပလ္လင်အတွင်းဘက် အနားကွပ်အောက် ရောက်တဲ့အထိ ထည့်ရမယ်။ ဆန်ခါက ပူဇော်ရာပလ္လင်အတွင်းဘက် ထက်ဝက်လောက်အထိ ရောက်သွားလိမ့်မယ်။ ၆ ပူဇော်ရာပလ္လင်အတွက် ထမ်းပိုးတွေကို ရှားသားနဲ့လုပ်ပြီး ကြေးနီနဲ့ အုပ်ရမယ်။ ၇ ထမ်းပိုးကို ကွင်းထဲ လျှိုထားရမယ်။ ပူဇော်ရာပလ္လင်ကို ထမ်းတဲ့အခါ ထမ်းပိုးတွေက အဲဒီပလ္လင်ရဲ့ ဘေးနှစ်ဖက်မှာ ရှိရမယ်။+ ၈ တောင်ပေါ်မှာ မင်းကိုပြတဲ့ပုံစံအတိုင်း ပူဇော်ရာပလ္လင်ကို သစ်သားပြားတွေနဲ့ လုပ်ရမယ်၊ ဟောင်းလောင်းဖြစ်နေတဲ့ သေတ္တာပုံစံမျိုး လုပ်ရမယ်။+
၉ “တဲတော်ပတ်လည်ကို ဝင်းခတ်ရမယ်။+ တဲတော်တောင်ဘက်ခြမ်းအတွက် အတောင် ၁၀၀ ရှည်တဲ့အကာကို ချည်ချောနဲ့ ရက်လုပ်ရမယ်။+ ၁၀ ကြေးနီတိုင် ၂၀ နဲ့ အောက်ခံခုံ ၂၀ ရှိရမယ်။ တိုင်ရဲ့ချိတ်တွေ၊ တွယ်ချိတ်စရာတွေကို ငွေနဲ့လုပ်ရမယ်။ ၁၁ မြောက်ဘက်ခြမ်းအတွက်လည်း အတောင် ၁၀၀ ရှည်တဲ့အကာကို ရက်လုပ်ရမယ်။ ကြေးနီတိုင် ၂၀ နဲ့ အောက်ခံခုံ ၂၀ ရှိရမယ်။ တိုင်ရဲ့ချိတ်တွေ၊ တွယ်ချိတ်စရာတွေကို ငွေနဲ့လုပ်ရမယ်။ ၁၂ တဲတော်ဝင်းရဲ့ အနောက်ဘက်အကာဟာ အတောင် ၅၀ ရှည်ပြီး တိုင် ၁၀ တိုင်၊ အောက်ခံခုံ ၁၀ ခု ရှိရမယ်။ ၁၃ နေထွက်ရာအရပ် တဲတော်ဝင်းရဲ့ အရှေ့ဘက်အကာလည်း အတောင် ၅၀ ရှည်ရမယ်။ ၁၄ တဲတော်ဝင်းရဲ့ ဝင်ပေါက်မှာရှိတဲ့ ညာဘက်အကာဟာ ၁၅ တောင် ရှည်ပြီး တိုင်သုံးတိုင်နဲ့ အောက်ခံခုံသုံးခု ရှိရမယ်။+ ၁၅ တဲတော်ဝင်းရဲ့ ဝင်ပေါက်မှာရှိတဲ့ ဘယ်ဘက်အကာလည်း ၁၅ တောင်ရှည်ပြီး တိုင်သုံးတိုင်နဲ့ အောက်ခံခုံသုံးခု ရှိရမယ်။
၁၆ “တဲတော်ဝင်းရဲ့ ဝင်ပေါက်အတွက် အတောင် ၂၀ ရှည်တဲ့ လိုက်ကာကို အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေနဲ့ ရက်လုပ်ရမယ်။+ တိုင်လေးတိုင်၊ အောက်ခံခုံလေးခု ရှိရမယ်။+ ၁၇ တဲတော်ဝင်းပတ်လည်က တိုင်အားလုံးရဲ့ တွယ်ချိတ်စရာတွေနဲ့ ချိတ်တွေကို ငွေနဲ့လုပ်ရမယ်။ အောက်ခံခုံတွေကိုတော့ ကြေးနီနဲ့လုပ်ရမယ်။+ ၁၈ ချည်ချောနဲ့ ရက်လုပ်ထားတဲ့ တဲတော်ဝင်းအကာက အလျားအတောင် ၁၀၀၊+ အနံအတောင် ၅၀၊ အမြင့် ၅ တောင်ရှိရမယ်။ အောက်ခံခုံတွေကို ကြေးနီနဲ့လုပ်ရမယ်။ ၁၉ တဲတော်အသုံးအဆောင်၊ တဲတော်ငုတ်တိုင်၊ တဲတော်ဝင်းရဲ့ ငုတ်တိုင် အားလုံးကို ကြေးနီနဲ့လုပ်ရမယ်။+
၂၀ “မီးခွက်တွေကို အမြဲထွန်းထားဖို့ သံလွင်ဆီစစ်စစ် ယူလာကြပါလို့ အစ္စရေးတွေကို မင်းပြောရမယ်။+ ၂၁ တွေ့ဆုံရာတဲတော်အတွင်း၊ သက်သေခံချက်သေတ္တာရှေ့က ကန့်လန့်ကာအပြင်ဘက်မှာရှိတဲ့+ မီးခွက်တွေကို ညဦးပိုင်းကနေ မနက်အထိ ယေဟောဝါရှေ့ ထွန်းထားဖို့ အာရုန်နဲ့သူ့သားတွေ စီစဉ်ရမယ်။+ ဒါဟာ အစ္စရေးလူမျိုးအစဉ်အဆက် လိုက်နာရမယ့် အမြဲတည်တဲ့ဥပဒေပဲ။+