မဿဲ
၂၂ ယေရှုက ပုံဥပမာတွေ ထပ်ပြောတယ်– ၂ “ကောင်းကင်နိုင်ငံကို သားအတွက် မင်္ဂလာပွဲ ပြင်ဆင်တဲ့ ဘုရင်ကြီးတစ်ပါးနဲ့ ခိုင်းနှိုင်းနိုင်တယ်။+ ၃ ဘုရင်ကြီးက ဖိတ်ခေါ်ထားသူတွေဆီ ကျွန်တွေ လွှတ်ပြီး ခေါ်ခိုင်းလိုက်ပေမဲ့ တစ်ယောက်မှ မလာချင်ကြဘူး။+ ၄ ဒါနဲ့ တခြားကျွန်တွေ ထပ်လွှတ်ပြီး ‘“စားသောက်ပွဲကို ငါပြင်ဆင်ထားပြီ။ နွားတွေ၊ ဆူဖြိုးတဲ့ တိရစ္ဆာန်တွေကို သတ်ပြီးပြီ။ အားလုံး အသင့်ဖြစ်နေပြီ။ မင်္ဂလာပွဲကို လာကြပါ” လို့ ဖိတ်ခေါ်ထားသူတွေကို ပြောလိုက်’ ဆိုပြီး မှာတယ်။ ၅ ဒါပေမဲ့ သူတို့ အရေးမစိုက်ကြဘူး။ တစ်ယောက်က လယ်ထဲထွက်သွားတယ်။ နောက်တစ်ယောက်က အရောင်းအဝယ် လုပ်ဖို့ ထွက်သွားတယ်။+ ၆ တချို့ကျတော့ လွှတ်လိုက်တဲ့ ကျွန်တွေကို ဖမ်းဆီး၊ ရိုက်နှက်ပြီး သတ်လိုက်တယ်။
၇ “ဒါနဲ့ ဘုရင်ကြီးက ဒေါသထွက်ပြီး စစ်သည်တွေကို လွှတ်လိုက်တယ်။ အဲဒီလူသတ်သမားတွေကို ကွပ်မျက်ပြီး မြို့ကို မီးရှို့ပစ်တယ်။+ ၈ အဲဒီနောက် သူ့ကျွန်တွေကို ‘မင်္ဂလာပွဲ အသင့်ဖြစ်နေပေမဲ့ အဲဒီလူတွေဟာ မင်္ဂလာပွဲ တက်ဖို့ မထိုက်တန်ဘူး။+ ၉ ဒါကြောင့် လမ်းမတွေကို သွားပြီး တွေ့သမျှလူတွေကို မင်္ဂလာပွဲ လာဖို့ ဖိတ်ခေါ်ကြ’+ လို့ ပြောတယ်။ ၁၀ ကျွန်တွေလည်း လမ်းပေါ်ထွက်သွားပြီး လူဆိုးလူကောင်းမကျန် တွေ့သမျှကို ခေါ်လာတယ်။ ဒီလိုနဲ့ မင်္ဂလာခန်းမ တစ်ခုလုံး လူပြည့်သွားတယ်။
၁၁ “ဘုရင်ကြီးက ဧည့်သည်တွေကို လာကြည့်တဲ့အခါ မင်္ဂလာပွဲတက်ဝတ်စုံ မဝတ်ထားတဲ့ လူတစ်ယောက်ကို တွေ့သွားတယ်။ ၁၂ ဒါနဲ့ ‘မိတ်ဆွေ၊ မင်္ဂလာပွဲတက်ဝတ်စုံ မဝတ်ဘဲ ဘာလို့ ဝင်လာသလဲ’ ဆိုပြီး မေးတဲ့အခါ သူ မဖြေနိုင်ဘူး။ ၁၃ ဘုရင်ကြီးက ‘သူ့ခြေလက်တွေကို ကြိုးတုပ်ပြီး အပြင်ဘက် မှောင်မိုက်အရပ်ဆီ ဆွဲထုတ်သွားကြ။ အဲဒီမှာ ငိုကြွေးပြီး အံကြိတ်ခံပြင်းနေပါစေ’ လို့ မင်းမှုထမ်းတွေကို အမိန့်ပေးတယ်။
၁၄ “ဖိတ်ခေါ်ခံရသူတွေ များပေမဲ့ ရွေးချယ်ခံရသူတွေ နည်းတယ်။”
၁၅ အဲဒီနောက် ဖာရိရှဲတွေက ထွက်သွားပြီး ယေရှုကို သူ့စကားနဲ့သူ ချောင်ပိတ်မိအောင် အကွက်ဆင်ကြတယ်။+ ၁၆ သူတို့ရဲ့ တပည့်တွေနဲ့ ဟေရုဒ်ရဲ့ နောက်လိုက်တွေကို+ လွှတ်ပြီး “ဆရာ၊ ဆရာဟာ ရိုးဖြောင့်တဲ့သူ၊ ဘုရားသခင်ရဲ့ လမ်းစဉ်အကြောင်း အမှန်အတိုင်း သွန်သင်တဲ့သူပါ။ အပြင်ပန်းကို မကြည့်တဲ့သူ၊ မျက်နှာမလိုက်တဲ့သူဆိုတာ ကျွန်တော်တို့ သိပါတယ်။ ၁၇ ဆရာ ဘယ်လို ထင်ပါသလဲ။ ဆီဇာကို* အခွန်ဆောင်သင့်သလား၊ မဆောင်သင့်ဘူးလား။ အမိန့်ရှိပါ” လို့ မေးခိုင်းတယ်။ ၁၈ ယေရှုက ဒီလူတွေ မကောင်းကြံနေတာကို သိတဲ့အတွက် “သူတော်ကောင်း ယောင်ဆောင်သူတို့၊ ကျွန်တော့်ကို ဘာလို့ အကဲစမ်းနေတာလဲ။ ၁၉ အခွန်ငွေတစ်ပြား ပြပါဦး” လို့ ပြောတော့ သူတို့က ဒေနာရိ* တစ်ပြား ယူလာပေးတယ်။ ၂၀ ယေရှုက “ဒီမှာ ဘယ်သူ့ပုံလဲ။ ဘယ်သူ့နာမည်လဲ” ဆိုပြီး မေးတဲ့အခါ၊ ၂၁ “ဆီဇာရဲ့ ပုံ၊ ဆီဇာရဲ့ နာမည်ပါ” ဆိုတော့ ယေရှုက “ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေးပါ။ ဘုရားသခင်နဲ့ဆိုင်တာ ဘုရားသခင်ကို ပေးပါ”+ လို့ ပြန်ပြောတယ်။ ၂၂ ယေရှုရဲ့ အဖြေကိုလည်း ကြားရော သူတို့ အံ့သြပြီး ထွက်သွားကြတယ်။
၂၃ ရှင်ပြန်ထမြောက်ခြင်း မရှိဘူးလို့ ပြောတဲ့ ဇဒ္ဒုကဲတွေက+ အဲဒီနေ့မှာ ယေရှုဆီ လာပြီး၊+ ၂၄ “ဆရာ၊ ‘လူတစ်ယောက်ဟာ သားသမီး မရှိဘဲ ကွယ်လွန်သွားခဲ့ရင် အစ်ကို ဒါမှမဟုတ် ညီဖြစ်သူက ကျန်ရစ်တဲ့ ဇနီးကို လက်ထပ်ပြီး ကွယ်လွန်သူရဲ့ မျိုးဆက်မပြတ်အောင် ထိန်းသိမ်းရမယ်’+ လို့ မောရှေ ပြောခဲ့ပါတယ်။ ၂၅ ကျွန်တော်တို့ဆီမှာ ညီအစ်ကိုခုနစ်ယောက် ရှိပါတယ်။ အကြီးဆုံးက အိမ်ထောင်ကျပြီး သားသမီး မရှိဘဲ သေဆုံးသွားတဲ့အတွက် ညီဖြစ်သူက ကျန်ရစ်တဲ့ ဇနီးနဲ့ လက်ထပ်တယ်။ ၂၆ ဒုတိယ၊ တတိယ စသဖြင့် ညီအစ်ကို ခုနစ်ယောက်စလုံးက အဲဒီအမျိုးသမီးနဲ့ လက်ထပ်ပြီးနောက် သေဆုံးသွားကြတယ်။ ၂၇ နောက်ဆုံးတော့ အဲဒီအမျိုးသမီးလည်း သေဆုံးသွားတယ်။ ၂၈ သူက ညီအစ်ကို ခုနစ်ယောက်စလုံးနဲ့ လက်ထပ်ခဲ့တဲ့အတွက် ရှင်ပြန်ထမြောက်လာတဲ့အခါ ဘယ်သူ့ဇနီး ဖြစ်မှာလဲ” ဆိုပြီး မေးတယ်။
၂၉ ယေရှုက “ခင်ဗျားတို့ မှားနေပြီ။ ကျမ်းစကားကိုရော ဘုရားသခင်ရဲ့ တန်ခိုး လုပ်ဆောင်ပုံကိုပါ နားမလည်ကြဘဲကိုး။+ ၃၀ ရှင်ပြန်ထမြောက်လာချိန်မှာ လူတွေ ထိမ်းမြားပေးစားတာမျိုး မရှိတော့ဘူး။ ကောင်းကင်တမန်တွေလို ဖြစ်ကြလိမ့်မယ်။+ ၃၁ သေလွန်သူတွေ ရှင်ပြန်ထမြောက်လာမှာနဲ့ပတ်သက်ပြီး ဘုရားသခင်က၊ ၃၂ ‘ငါဟာ အာဗြဟံရဲ့ ဘုရား၊ အိဇက်ရဲ့ ဘုရား၊ ယာကုပ်ရဲ့ ဘုရားပဲ။’+ ဘုရားသခင်ဟာ သေလွန်သူတွေရဲ့ ဘုရား မဟုတ်ဘူး။ အသက်ရှင်သူတွေရဲ့ ဘုရား ဖြစ်တယ်လို့+ ပြောခဲ့တယ်။ ဒါကို ခင်ဗျားတို့ မဖတ်ဖူးဘူးလား” ဆိုပြီး ပြောတယ်။ ၃၃ ဒါကို ကြားတဲ့အခါ လူအုပ်က ယေရှုရဲ့ သွန်သင်ပုံကို အံ့သြကြတယ်။+
၃၄ ဇဒ္ဒုကဲတွေ နှုတ်ပိတ်သွားအောင် ယေရှု ဖြေလိုက်တဲ့အကြောင်း ဖာရိရှဲတွေ ကြားတဲ့အခါ ယေရှုဆီကို တစ်စုတစ်ဝေး ရောက်လာကြတယ်။ ၃၅ ပညတ်ကျမ်း နှံ့စပ်တဲ့ ဖာရိရှဲတစ်ယောက်က ယေရှုကို အကဲစမ်းတဲ့အနေနဲ့၊ ၃၆ “ဆရာ၊ ပညတ်ကျမ်းမှာ ဘယ်ပညတ်ဟာ အရေးကြီးဆုံးလဲ”+ ဆိုပြီး မေးတယ်။ ၃၇ ယေရှုက “‘ယေဟောဝါ* ဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊* ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်ပါ။’+ ၃၈ ဒီပညတ်ဟာ ပထမဆုံး၊ အရေးကြီးဆုံး ပညတ်ပဲ။ ၃၉ ပြီးတော့ ‘လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ’+ ဆိုတဲ့ ဒုတိယပညတ်ဟာ ပထမပညတ်နဲ့ဆင်တူတယ်။ ၄၀ ပညတ်ကျမ်းရော ပရောဖက်ကျမ်းရှိသမျှပါ အဲဒီပညတ်နှစ်ခုပေါ်မှာ အခြေခံထားတယ်” လို့ ဖြေတယ်။+
၄၁ ဖာရိရှဲတွေ တစ်စုတစ်ဝေး ရှိနေချိန်မှာ ယေရှုက၊+ ၄၂ “ခရစ်တော်ကို ဘယ်လို ထင်ကြသလဲ။ ဘယ်သူ့သားလဲ” လို့ မေးတဲ့အခါ “ဒါဝိဒ်ရဲ့ သား”+ လို့ ဖြေကြတယ်။ ၄၃ ယေရှုက “ဒါဆိုရင် ဒါဝိဒ်က စွမ်းအားတော် ရရှိပြီး+ ခရစ်တော်ကို သခင်ဆိုပြီး ဘာလို့ ခေါ်တာလဲ။ ၄၄ ‘ယေဟောဝါက* “ရန်သူတွေကို မင်းရဲ့ ခြေအောက်မှာ မချခင်အထိ ငါ့ညာဘက်မှာ ထိုင်နေပါ” လို့ ငါ့သခင်ကို ပြောတယ်’+ ဆိုပြီး ဒါဝိဒ် ပြောခဲ့တယ်။ ၄၅ ဒါဝိဒ်က ခရစ်တော်ကို သခင်လို့ ခေါ်ရင် ခရစ်တော်က ဘယ်လိုလုပ်ပြီး ဒါဝိဒ်ရဲ့ သား ဖြစ်နိုင်မှာလဲ”+ လို့ မေးတယ်။ ၄၆ အဲဒီအခါ တစ်ယောက်မှ ပြန်မဖြေနိုင်ဘူး။ အဲဒီနေ့ကစပြီး ယေရှုကို မေးခွန်း ထပ်မမေးရဲတော့ဘူး။