ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • nwt နေဟမိ ၁:၁-၁၃:၃၁
  • နေဟမိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နေဟမိ
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
နေဟမိ

နေဟမိ

၁ ဟာခလိသား နေဟမိ*+ ရဲ့စကား– မင်းကြီး* နန်းစံ အနှစ် ၂၀ မြောက်၊ ခိသလုလ* မှာ ကျွန်တော်ဟာ ရှုရှန်နန်းတော်မှာ+ ရှိနေတယ်။ ၂ အဲဒီအချိန်မှာ ကျွန်တော့်ညီအစ်ကိုတွေဖြစ်တဲ့ ဟာနေနိနဲ့+ ယုဒပြည်သားတချို့ ရောက်လာကြတယ်။ ဒါနဲ့ သုံ့ပန်းဘဝကနေ လွတ်မြောက်လာတဲ့ ဂျူးအကြွင်းအကျန်တွေအကြောင်း၊+ ဂျေရုဆလင်မြို့အကြောင်း သူတို့ကို မေးကြည့်တယ်။ ၃ သူတို့က “သုံ့ပန်းဘဝကနေ လွတ်မြောက်လာပြီး ယုဒခရိုင်မှာနေထိုင်တဲ့ ကျန်ကြွင်းသူတွေဟာ အခြေအနေ တော်တော်ဆိုးနေတဲ့အပြင် ကဲ့ရဲ့ရှုတ်ချ ခံနေရတယ်။+ ဂျေရုဆလင်မြို့ရိုး ပြိုပျက်နေပြီး+ မြို့တံခါးတွေလည်း မီးလောင်ပျက်စီးကုန်ပါပြီ”+ လို့ပြန်ဖြေတယ်။

၄ အဲဒီစကားကို ကျွန်တော်ကြားတဲ့အခါ ထိုင်ပြီး ရက်ပေါင်းများစွာ ငိုကြွေးမြည်တမ်းတယ်။ အစာရှောင်ပြီး+ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ရှေ့မှာ ဆုတောင်းနေတယ်။ ၅ “ကောင်းကင်အုပ်စိုးရှင် ယေဟောဝါဘုရား၊ ကိုယ်တော်ဟာ ကြီးမြတ်ပြီး ရိုသေခန့်ညားဖွယ်ကောင်းတဲ့ ဘုရားသခင်၊ ပဋိညာဉ်ကို တည်စေတဲ့အရှင်ပါ။ ကိုယ်တော့်ကိုချစ်ပြီး ပညတ်စောင့်ထိန်းသူတွေကို ခိုင်မြဲတဲ့မေတ္တာပြတဲ့ အရှင်ပါ။+ ၆ ဒီနေ့ ကျွန်တော် ဆုတောင်းတာကို မြင်လှည့်ပါ၊ နားထောင်ပေးပါ။ ကိုယ်တော့်ကျွန် အစ္စရေးတွေနဲ့ ပတ်သက်ပြီး နေ့ညမပြတ် ဆုတောင်းနေပါတယ်။+ ကိုယ်တော့်ကို ပြစ်မှားတဲ့ အစ္စရေးတွေရဲ့ အပြစ်တွေကိုလည်း ဝန်ချတောင်းပန်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်အဖေရဲ့ အမျိုးတွေ ကိုယ်တော့်ကို ပြစ်မှားကြပါပြီ။+ ၇ ကိုယ်တော့်ကျွန် မောရှေကိုပေးတဲ့ ပညတ်ချက်တွေ၊ စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေကို မလိုက်နာဘဲ+ ဖောက်ပြန်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြပါပြီ။+

၈ “‘ငါ့ကို သစ္စာဖောက်မယ်ဆိုရင် မင်းတို့ကို လူမျိုးခြားတွေဆီ တကွဲတပြား ဖြစ်စေမယ်။+ ၉ ဒါပေမဲ့ ငါ့ဆီပြန်လှည့်လာပြီး ငါ့ပညတ်ချက်တွေကို လိုက်နာမယ်၊ နာခံမယ်ဆိုရင် မိုးကောင်းကင် တစ်ဖက်စွန်းအထိ မင်းတို့ကွဲလွင့်နေရင်တောင် ငါပြန်စုစည်းမယ်။+ နာမတော်တည်စေဖို့ ငါရွေးချယ်ထားတဲ့ နေရာဆီ ပြန်ခေါ်လာမယ်’+ ဆိုပြီး ကိုယ်တော့်ကျွန် မောရှေကို မိန့်မှာခဲ့တာ သတိရပေးပါ။ ၁၀ သူတို့ဟာ ကိုယ်တော့်ကျွန်တွေ၊ ကိုယ်တော့်လူတွေပါ။ ကြီးမားတဲ့တန်ခိုး၊ အားကြီးတဲ့လက်ရုံးနဲ့ ရွေးယူလာခဲ့သူတွေပါ။+ ၁၁ ယေဟောဝါဘုရား၊ ကျွန်တော့်ဆုတောင်းချက်၊ နာမတော်ကို ကြောက်ရွံ့ရိုသေရတာကို နှစ်သက်တဲ့ ကိုယ်တော့်ကျွန်တွေရဲ့ ဆုတောင်းချက်ကို ဂရုတစိုက်နားထောင်ပေးပါ။ ဒီနေ့ ကျွန်တော့်ကို အောင်မြင်ခွင့်ပေးပါ။ ကျွန်တော့်ကို မင်းကြီး သနားလာအောင် လုပ်ပေးပါ။”+

အဲဒီအချိန်မှာ ကျွန်တော်ဟာ မင်းကြီးရဲ့ ဖလားတော်ဝန်ပဲ။+

၂ အာတဇေရဇ်မင်း+ နန်းစံအနှစ် ၂၀၊+ နိသန်လမှာ* ကျွန်တော်က မင်းကြီးရှေ့မှာ တည်ခင်းထားတဲ့ စပျစ်ဝိုင်ကို ယူပြီး ခါတိုင်းလိုပဲ ဆက်သတယ်။+ ဒါပေမဲ့ ရှေ့တော်မှာ တစ်ခါမှ မျက်နှာမညှိုးဖူးတဲ့အတွက်၊ ၂ မင်းကြီးက “နေကောင်းလျက်နဲ့ ဘာဖြစ်လို့ ဒီလောက် မျက်နှာညှိုးနေတာလဲ။ စိတ်ညစ်စရာ တစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်” ဆိုပြီးပြောတော့ ကျွန်တော် လန့်ဖျပ်သွားတယ်။

၃ ဒါနဲ့ကျွန်တော်က“အရှင်မင်းကြီး၊ အသက်တော် ရှည်ပါစေ။ ကျွန်တော့်ဘိုးဘေးတွေရဲ့ သင်္ချိုင်းရှိရာမြို့ဟာ ပျက်စီးနေပြီး မြို့တံခါးတွေလည်း မီးလောင်ပျက်စီးကုန်ပါပြီ။ ဒါကြောင့် ကျွန်တော် မျက်နှာမညှိုးဘဲ ဘယ်နေနိုင်ပါ့မလဲ”+ လို့လျှောက်တင်တယ်။ ၄ ဒါနဲ့ မင်းကြီးက “မင်း ဘာဖြစ်စေချင်သလဲ” လို့မေးတော့ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ဆီ ကျွန်တော် ချက်ချင်း ဆုတောင်းလိုက်တယ်။+ ၅ အဲဒီနောက် “မင်းကြီး အလိုတော်ရှိတယ်၊ ကျွန်တော့်ကို မင်းကြီးစိတ်နဲ့ တွေ့တယ်ဆိုရင် ယုဒပြည်၊ ဘိုးဘေးတွေရဲ့ သင်္ချိုင်းရှိရာမြို့ကို သွားခွင့်ပြုပါ။ မြို့ကို ပြန်တည်ဆောက်ချင်ပါတယ်” ဆိုပြီး ခွင့်တောင်းတယ်။+ ၆ အဲဒီအခါ မိဖုရားနဲ့အတူ ထိုင်နေတဲ့ဘုရင်က “မင်းရဲ့ခရီးစဉ် ဘယ်လောက်ကြာမလဲ။ ဘယ်တော့ပြန်လာမလဲ” လို့မေးတယ်။ ဘုရင်က သွားခွင့်ပေးချင်နေတာကြောင့်+ ကျွန်တော်လည်း ခရီးစဉ်ကြာချိန်ကို ပြောပြလိုက်တယ်။+

၇ ပြီးတော့ “မင်းကြီး အလိုတော်ရှိမယ်ဆိုရင် ယုဒပြည်ကို ကျွန်တော် သွားတဲ့အခါ မြစ်ကြီး*+ တစ်ဖက်ကမ်းမှာရှိတဲ့ ဘုရင်ခံတွေ သူတို့ပြည်ကို ဖြတ်သွားခွင့်ပြုစေဖို့ အမိန့်တော်စာတွေ ပေးသနားပါ။ ၈ ဒါ့အပြင် ဗိမာန်တော်ရဲတိုက်ရဲ့+ တံခါးတွေအတွက်၊ မြို့ရိုးအတွက်၊+ ကျွန်တော်နေမယ့်အိမ်အတွက် သစ်တွေပေးဖို့ သစ်တောဝန် အာသပ်ဆီကို အမိန့်တော်စာ ပေးသနားပါ” လို့တောင်းဆိုတယ်။ ဘုရားသခင်ရဲ့ ထောက်မပေးမှုကြောင့်+ ကျွန်တော်တောင်းဆိုတာတွေကို မင်းကြီး ပေးသနားတယ်။+

၉ ကျွန်တော်က မင်းကြီးထည့်ပေးလိုက်တဲ့ ဗိုလ်ချုပ်တွေ၊ မြင်းစီးသူရဲတွေနဲ့အတူ မြစ်ကြီးတစ်ဖက်ကမ်းမှာရှိတဲ့ ဘုရင်ခံတွေဆီ ရောက်လာပြီး အမိန့်တော်စာတွေကို ပေးလိုက်တယ်။ ၁၀ အစ္စရေးတွေကို ကူညီဖို့ လူတစ်ယောက် လာနေပြီဆိုတဲ့ သတင်းကို ဗေသောရုန်မြို့သား သမ်ဘာလတ်၊+ အမ္မုန်အမျိုးသား+ အရာရှိတောဘိတို့+ ကြားတဲ့အခါ အရမ်း စိတ်အနှောင့်အယှက် ဖြစ်သွားကြတယ်။

၁၁ နောက်ဆုံးတော့ ဂျေရုဆလင်မြို့ကို ကျွန်တော်ရောက်လာပြီး အဲဒီမှာ သုံးရက်နေတယ်။ ၁၂ ညအချိန်မှာ ကျွန်တော်ထပြီး လူတချို့ကို ခေါ်တယ်။ ဂျေရုဆလင်မြို့အတွက် လုပ်ဆောင်ရမယ့်အရာနဲ့ ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲ ဘုရားသခင် ထည့်ပေးတဲ့ အကြံအစည်တွေကို ဘယ်သူ့ကိုမှ မပြောပြဘူး။ ကျွန်တော်စီးတဲ့ မြည်းကလွဲလို့ တခြားတိရစ္ဆာန် မပါဘူး။ ၁၃ ညအချိန်မှာ ချိုင့်ဝှမ်းတံခါးကနေ+ ကျွန်တော် ထွက်လာတယ်။ မြွေကြီးစမ်းရေတွင်း* ရှေ့ကနေ ဖြတ်ပြီး ပြာပုံတံခါးအထိ+ သွားတယ်။ အဲဒီလိုသွားရင်းနဲ့ ပြိုပျက်နေတဲ့ မြို့ရိုးတွေ၊ မီးလောင်ပျက်စီးနေတဲ့ မြို့တံခါးတွေကို အသေအချာ စစ်ဆေးတယ်။+ ၁၄ ပြီးတော့ စမ်းရေတွင်းတံခါးကို+ ဖြတ်ပြီး ဘုရင့်ရေကန်အထိ ဆက်သွားတယ်။ အဲဒီမှာ ကျွန်တော်စီးလာတဲ့မြည်း သွားစရာလမ်း မရှိတော့ဘူး။ ၁၅ ဒါနဲ့ ချိုင့်ဝှမ်းဘက်ကို+ ဆက်တက်သွားပြီး မြို့ရိုးကို ကြည့်ရှုစစ်ဆေးတယ်။ ပြီးတဲ့နောက် ပြန်လှည့်လာပြီး ချိုင့်ဝှမ်းတံခါးကနေ ပြန်ဝင်လာခဲ့တယ်။

၁၆ ကျွန်တော်က ဂျူးတွေ၊ ပုရောဟိတ်တွေ၊ အရာရှိတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ကျန်တဲ့အလုပ်သမားတွေကို ဘာတစ်ခုမှ မပြောပြသေးတဲ့အတွက် ကျွန်တော် ဘယ်သွားမှန်း၊ ဘာလုပ်နေမှန်း အုပ်ချုပ်ရေးမှူးတွေ+ မသိကြဘူး။ ၁၇ နောက်ဆုံးတော့ ကျွန်တော်က “ဂျေရုဆလင်မြို့ ပျက်စီးပြီး မြို့တံခါးတွေ မီးလောင်ကျွမ်းနေတာ၊ အခြေအနေ တော်တော်ဆိုးနေတာ ခင်ဗျားတို့အမြင်ပဲ။ ကျွန်တော်တို့ ဆက်ပြီး ကဲ့ရဲ့ရှုတ်ချမခံရအောင် အခု ဂျေရုဆလင်မြို့ရိုးကို ပြန်တည်ဆောက်ကြစို့” ဆိုပြီး သူတို့ကိုပြောတယ်။ ၁၈ ကျွန်တော့်ကို ဘုရားသခင် ဘယ်လို ထောက်မပေးနေတယ်၊+ မင်းကြီး ဘာပြောခဲ့တယ်ဆိုတာတွေကိုလည်း ပြောပြလိုက်တယ်။+ အဲဒီအခါ သူတို့က “အခုပဲ မြို့ရိုးကို ပြန်တည်ဆောက်ကြစို့” လို့ပြောပြီး လုပ်ငန်းစတင်ဖို့ အားတက်သရော ပြင်ဆင်ကြတော့တယ်။+

၁၉ ဒီအကြောင်းကို ဗေသောရုန်မြို့သား သမ်ဘာလတ်၊ အမ္မုန်အမျိုးသား+ အရာရှိတောဘိ၊+ အာရပ်လူ+ ဂေရှင်တို့ကြားတဲ့အခါ ကျွန်တော်တို့ကို လှောင်ပြောင်တယ်။+ “ဘာတွေ လျှောက်လုပ်နေတာလဲ။ မင်းကြီးကို ပုန်ကန်နေတာလား” ဆိုပြီး ကဲ့ရဲ့ပြောဆိုကြတယ်။+ ၂၀ ကျွန်တော်ကလည်း “ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က အောင်မြင်ခွင့် ပေးလိမ့်မယ်။+ ကျွန်တော်တို့ဟာ ဘုရားရဲ့ကျွန်တွေဖြစ်လို့ မြို့ရိုးကို စတင် တည်ဆောက်ကြမယ်။ ခင်ဗျားတို့ကတော့ ဂျေရုဆလင်မြို့နဲ့ ဘာမှမဆိုင်ဘူး။ ဘာပြောပိုင်ခွင့်မှ မရှိဘူး။ ဒီမြို့မှာ ခင်ဗျားတို့နဲ့ ပတ်သက်တဲ့ အမှတ်ရစရာ ဘာတစ်ခုမှမရှိဘူး”+ ဆိုပြီး သူတို့ကို ပြန်ပြောလိုက်တယ်။

၃ ပုရောဟိတ်မင်း ဧလျာရှိပ်နဲ့+ သူ့ညီအစ်ကို ပုရောဟိတ်တွေက သိုးတံခါးကို+ စပြီး တည်ဆောက်ကြတယ်။ အဲဒါကို ဆက်ကပ်ပြီး+ တံခါးရွက်တွေ တပ်တယ်။ သိုးတံခါးကနေ မေအာမျှော်စင်အထိ၊+ ဟာနနေလမျှော်စင်အထိ တည်ဆောက်ပြီး ဆက်ကပ်ကြတယ်။+ ၂ အဲဒီကနေ မြို့ရိုးနောက်တစ်ပိုင်းကို ယေရိခေါမြို့သားတွေ+ တည်ဆောက်ကြတယ်။ နောက်တစ်ပိုင်းကို အိမရိရဲ့သား ဇက္ကုရက တည်ဆောက်တယ်။

၃ ဟေသနာရဲ့ သားမြေးတွေက ငါးတံခါးကို တည်ဆောက်တယ်။+ တံခါးဘောင်ကို ဆင်ပြီးတဲ့နောက်+ တံခါးရွက်တွေ၊ မင်းတုပ်တွေ၊ ကန့်လန့်ကျင်တွေ တပ်ဆင်တယ်။ ၄ အဲဒီကနေ မြို့ရိုးနောက်တစ်ပိုင်းကို ဟက္ကုတ်ရဲ့မြေး၊ ဥရိယရဲ့သား မေရမုတ်က+ ပြုပြင်တယ်။ အဲဒီကနေ နောက်တစ်ပိုင်းကို မေရှဇဗေလရဲ့မြေး၊ ဗေရခိရဲ့သား မေရှုလံက+ ပြုပြင်တယ်။ အဲဒီကနေ နောက်တစ်ပိုင်းကို ဗာနရဲ့သား ဇာဒုတ်က ပြုပြင်တယ်။ ၅ အဲဒီကနေ နောက်တစ်ပိုင်းကို တေကောမြို့သားတွေက+ ပြုပြင်ကြတယ်။ ဒါပေမဲ့ သူတို့ထဲက အထင်ကရပုဂ္ဂိုလ်တွေဟာ ခေါင်းဆောင်တွေခိုင်းတာကို မလုပ်ချင်ကြဘူး။

၆ ပါသာရဲ့သား ယောယဒနဲ့ ဗေသောဒေယရဲ့သား မေရှုလံတို့က မြို့ဟောင်းတံခါးကို ပြုပြင်တယ်။+ တံခါးဘောင်ကို ဆင်ပြီးတဲ့နောက် တံခါးရွက်တွေ၊ မင်းတုပ်တွေ၊ ကန့်လန့်ကျင်တွေ တပ်ဆင်တယ်။ ၇ အဲဒီကနေ မြို့ရိုးနောက်တစ်ပိုင်းကို ဂိဗောင်မြို့သား+ မေလတိနဲ့ မေရောနုတ်အရပ်သား ယာဒုန်တို့က ပြုပြင်တယ်။ ဂိဗောင်မြို့သားတွေနဲ့ မိဇပါမြို့သားတွေဟာ+ မြစ်ကြီး*+ တစ်ဖက်ကမ်းမှာရှိတဲ့ ဘုရင်ခံရဲ့လက်အောက်မှာ ရှိတယ်။ ၈ အဲဒီကနေ မြို့ရိုးနောက်တစ်ပိုင်းကို ဟာဟာယရဲ့သား ရွှေပန်းထိမ်သမား သြဇေလက ပြုပြင်တယ်။ အဲဒီကနေ နောက်တစ်ပိုင်းကို ဆီမွှေးဖော်စပ်သူ ဟာနနိက ပြုပြင်တယ်။ သူတို့က မြို့ရိုးကျယ်အထိ ကျောက်ပြားခင်းတယ်။+ ၉ အဲဒီကနေ နောက်တစ်ပိုင်းကို ဟုရရဲ့သား၊ ဂျေရုဆလင်ခရိုင်တစ်ဝက်ကို အုပ်ချုပ်ရတဲ့ ရေဖာယက ပြုပြင်တယ်။ ၁၀ ဟာရုမပ်ရဲ့သား ယေဒါယက သူ့အိမ်ရှေ့က မြို့ရိုးတစ်ပိုင်းကို ပြုပြင်တယ်။ အဲဒီကနေ နောက်တစ်ပိုင်းကို ဟာရှဗနိရဲ့သား ဟတ္တုတ်က ပြုပြင်တယ်။

၁၁ မြို့ရိုးနောက်တစ်ပိုင်းနဲ့ မုန့်ဖိုမျှော်စင်ကို+ ဟာရိမ်ရဲ့သား+ မာလခိယနဲ့ ပါဟတ်မောဘရဲ့သား+ ဟာရှုပ်တို့က ပြုပြင်တယ်။ ၁၂ အဲဒီကနေ မြို့ရိုးနောက်တစ်ပိုင်းကို ဟာလောဟတ်ရဲ့သား၊ ဂျေရုဆလင်ခရိုင်တစ်ဝက်ကို အုပ်ချုပ်ရတဲ့ ရှလုံက ပြုပြင်တယ်။ သူ့သမီးတွေ ဝိုင်းကူကြတယ်။

၁၃ ဟာနုန်နဲ့ ဇာနောမြို့သားတွေက+ ချိုင့်ဝှမ်းတံခါးကို ပြုပြင်တယ်။+ တံခါးကိုတည်ဆောက်ပြီး တံခါးရွက်တွေ၊ မင်းတုပ်တွေ၊ ကန့်လန့်ကျင်တွေ တပ်ဆင်တယ်။ ပြာပုံတံခါးအထိ မြို့ရိုးအတောင် ၁,၀၀၀*ကို ပြုပြင်ကြတယ်။+ ၁၄ ရေခပ်ရဲ့သား၊ ဗေသကရင်ခရိုင်ကို+ အုပ်ချုပ်ရတဲ့ မာလခိယက ပြာပုံတံခါးကို ပြုပြင်တယ်။ တံခါးကို တည်ဆောက်ပြီး တံခါးရွက်တွေ၊ မင်းတုပ်တွေ၊ ကန့်လန့်ကျင်တွေ တပ်ဆင်တယ်။

၁၅ ကောလဟောဇရဲ့သား၊ မိဇပါခရိုင်ကို+ အုပ်ချုပ်ရတဲ့ ရှာလုန်က စမ်းရေတွင်းတံခါးကို+ ပြုပြင်တယ်။ တံခါးကို တည်ဆောက်၊ အမိုး,မိုးပြီး တံခါးရွက်တွေ၊ မင်းတုပ်တွေ၊ ကန့်လန့်ကျင်တွေ တပ်ဆင်တယ်။ ဘုရင့်ဥယျာဉ်နားက+ တူးမြောင်းကန်မြို့ရိုးကို+ ဒါဝိဒ်မြို့ကနေ+ ဆင်းသွားတဲ့ လှေကားအထိ+ ပြုပြင်တယ်။

၁၆ အာဇဗုတ်ရဲ့သား၊ ဗက်ဇုရခရိုင်တစ်ဝက်ကို+ အုပ်ချုပ်ရတဲ့ နေဟမိက ဒါဝိဒ်သင်္ချိုင်းရှေ့ကနေ+ တူးထားတဲ့ရေကန်အထိ၊+ စစ်သူရဲတွေရဲ့အိမ်အထိ မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်တယ်။

၁၇ လေဝိအမျိုးသားတွေထဲမှာ ဗာနိရဲ့သား ရေဟုံက ဦးစီးပြီး မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်တယ်။ ကိလာခရိုင်တစ်ဝက်ကို+ အုပ်ချုပ်ရတဲ့ ဟာရှဘိက မိမိခရိုင်ရဲ့တာဝန်ဖြစ်တဲ့ မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်တယ်။ ၁၈ အဲဒီကနေ နောက်တစ်ပိုင်းကို ဟေနဒဒ်ရဲ့သား၊ ကိလာခရိုင်တစ်ဝက်ကို အုပ်ချုပ်ရတဲ့ ဗာဝဲက ဦးစီးပြီးပြုပြင်တယ်။

၁၉ ယေရွှာရဲ့သား၊+ မိဇပါခရိုင်ကို အုပ်ချုပ်ရတဲ့ ဧဇာက ပြအိုးနားမှာရှိတဲ့ လက်နက်တိုက်ရှိရာကုန်းရဲ့ ရှေ့နားက မြို့ရိုးတစ်ပိုင်းကို ပြုပြင်တယ်။+

၂၀ ဇဗဲရဲ့သား+ ဗာရုတ်က ပြအိုးနားကနေ ပုရောဟိတ်မင်း ဧလျာရှိပ်ရဲ့+ အိမ်ပေါက်ဝအထိ မြို့ရိုးနောက်တစ်ပိုင်းကို အားကြိုးမာန်တက် ပြုပြင်တယ်။

၂၁ ဟက္ကုတ်ရဲ့မြေး၊ ဥရိယရဲ့သား မေရမုတ်က+ ဧလျာရှိပ်ရဲ့အိမ်ပေါက်ဝကနေ အိမ်ထောင့်စွန်းအထိ မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်တယ်။

၂၂ ဂျော်ဒန်မြစ်ဝှမ်းဒေသမှာ*+ နေထိုင်တဲ့ ပုရောဟိတ်တွေက မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်တယ်။ ၂၃ ဗင်ယာမိန်နဲ့ ဟာရှုပ်က သူတို့အိမ်ရှေ့နားက အပိုင်းကို ပြုပြင်တယ်။ အာနနိယရဲ့မြေး၊ မာသေယရဲ့သား အာဇရိက သူ့အိမ်နားက မြို့ရိုးတစ်ပိုင်းကို ပြုပြင်တယ်။ ၂၄ အဲဒီကနေ နောက်တစ်ပိုင်းကို ဟေနဒဒ်ရဲ့သား ဗိနွိက အာဇရိရဲ့အိမ်ကနေ ပြအိုးအထိ၊+ မြို့ရိုးထောင့်အထိ ပြုပြင်တယ်။

၂၅ ဥဇရဲ့သားပါလက ပြအိုးရှေ့မှာရှိတဲ့ မြို့ရိုးနောက်တစ်ပိုင်းနဲ့ အစောင့်ရင်ပြင်နားမှာရှိတဲ့+ အထက်မျှော်စင်ကို ပြုပြင်တယ်။ အဲဒီမျှော်စင်က နန်းတော်အပြင်ဘက်ကို ထွက်နေတယ်။+ အဲဒီကနေ နောက်တစ်ပိုင်းကို ပါရုတ်ရဲ့သား+ ပေဒါယက ပြုပြင်တယ်။

၂၆ သြဖေလအရပ်မှာနေထိုင်တဲ့+ ဗိမာန်တော်ကျွန်တွေက*+ အရှေ့ဘက် ရေတံခါးရှေ့နားအထိ၊+ အစွန်းထွက်နေတဲ့ မျှော်စင်အထိ ပြုပြင်တယ်။

၂၇ တေကောမြို့သားတွေက+ အစွန်းထွက်နေတဲ့မျှော်စင် အရှေ့ကနေ သြဖေလမြို့ရိုးအထိ နောက်တစ်ပိုင်းကို ပြုပြင်တယ်။

၂၈ ပုရောဟိတ်တွေက မြင်းတံခါးကနေစပြီး+ ကိုယ့်အိမ်ရှေ့မှာရှိတဲ့ မြို့ရိုးကို အသီးသီး ပြုပြင်ကြတယ်။

၂၉ အိမေရရဲ့သား ဇာဒုတ်က+ ကိုယ့်အိမ်ရှေ့မှာရှိတဲ့ မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်တယ်။

အဲဒီကနေ မြို့ရိုးနောက်တစ်ပိုင်းကို ရှေကနိရဲ့သား အရှေ့တံခါးမှူး+ ရှေမာယက ပြုပြင်တယ်။

၃၀ ရှေလမိရဲ့သား  ဟာနနိနဲ့ ဇာလပ်ရဲ့ ခြောက်ယောက်မြောက်သား ဟာနုန်က မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်တယ်။

ဗေရခိရဲ့သား မေရှုလံက+ ကိုယ့်အိမ်ခန်းရဲ့ ရှေ့နားက မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်တယ်။

၃၁ အဲဒီကနေ မြို့ရိုးနောက်တစ်ပိုင်းကို ရွှေပန်းထိမ်အသင်းဝင် မာလခိယက စစ်ဆေးရေး တံခါးနားမှာရှိတဲ့ ဗိမာန်တော်ကျွန်တွေနဲ့+ ကုန်သည်တွေရဲ့ အိမ်အထိ၊ မြို့ရိုးထောင့် အထက်ခန်းအထိ ပြုပြင်တယ်။

၃၂ မြို့ရိုးထောင့် အထက်ခန်းနဲ့ သိုးတံခါးကြားက+ မြို့ရိုးတစ်ပိုင်းကို ရွှေပန်းထိမ်သမားတွေနဲ့ ကုန်သည်တွေပြုပြင်တယ်။

၄ ကျွန်တော်တို့ မြို့ရိုးပြန်တည်ဆောက်နေတာကို သမ်ဘာလတ်+ ကြားတဲ့အခါ အကြီးအကျယ် စိတ်ဆိုးပြီး မကျေမနပ်ဖြစ်တယ်။ ဒါနဲ့ ဂျူးတွေကို သူ လှောင်ပြောင်တော့တယ်။ ၂ သူ့ညီအစ်ကိုတွေနဲ့ ရှမာရိတပ်ရှေ့မှာ “ချည့်နဲ့နေတဲ့ ဒီဂျူးတွေ ဘာလုပ်နေကြတာလဲ။ သူတို့အစွမ်းအစနဲ့ ဒါကြီးကို ဆောက်မယ်တဲ့လား။ ပူဇော်သက္ကာတွေ ဆက်သကြမယ်တဲ့လား။ တစ်ရက်တည်းနဲ့ အပြီးဆောက်မယ်တဲ့လား။ အုတ်ကျိုးအုတ်ပဲ့တွေကြားထဲက မီးကျွမ်းနေတဲ့ ကျောက်တုံးတွေကို သူတို့ပြန်အသက်သွင်းနိုင်မှာမို့လို့လား”+ ဆိုပြီးပြောတယ်။

၃ ဘေးမှာရပ်နေတဲ့ အမ္မုန်အမျိုးသား+ တောဘိကလည်း+ “သူတို့ဆောက်နေတဲ့ ကျောက်မြို့ရိုးက မြေခွေးတစ်ကောင် တက်ရင်တောင် ပြိုကျသွားမှာပါကွာ” ဆိုပြီး လှောင်ပြောင်တယ်။

၄ ဒါနဲ့ ကျွန်တော်က “ဘုရားသခင်၊ နားထောင်ပေးပါ။ ကျွန်တော်တို့ မထီလေးစား လုပ်ခံနေရလို့ပါ။+ သူတို့ကဲ့ရဲ့တဲ့အတိုင်း သူတို့ကို ပြန်ဆပ်ပေးပါ၊+ တိုက်ရာပါဥစ္စာတွေလို အသိမ်းခံရပြီး သုံ့ပန်းဘဝ ရောက်စေပါ။ ၅ သူတို့ရဲ့အမှားကို မဖုံးထားပါနဲ့။ သူတို့ရဲ့အပြစ်ကို ရှေ့တော်ကနေ မဖျက်ပစ်လိုက်ပါနဲ့။+ မြို့ရိုးတည်ဆောက်သူတွေကို သူတို့ စော်ကားနေလို့ပါ” ဆိုပြီး ဆုတောင်းတယ်။

၆ ကျွန်တော်တို့က မြို့ရိုးကို ဆက်ပြီး ပြုပြင်ကြတဲ့အတွက် မြို့ရိုးတစ်ခုလုံး အမြင့်တစ်ဝက်အထိ ပြီးသွားတယ်။ လူတွေလည်း အလုပ်ထဲမှာ စိတ်ကိုနှစ်ပြီး လုပ်ဆောင်ကြတယ်။

၇ ဂျေရုဆလင်မြို့ရိုးကို ဆက်ပြီး ပြုပြင်နေတဲ့အကြောင်း၊ မြို့ရိုးပြိုပျက်တဲ့ နေရာတွေကို ဖာထေးနေတဲ့အကြောင်း သမ်ဘာလတ်၊ တောဘိ၊+ အာရပ်လူတွေ၊+ အမ္မုန်လူတွေ၊ အာဇုတ်မြို့သားတွေ+ ကြားတဲ့အခါ ဒေါသထွက်ကြတယ်။ ၈ ဒါကြောင့် ဂျေရုဆလင်မြို့ကို လာတိုက်ပြီး မြို့ထဲမှာ ဆူဆူပူပူ ဖြစ်အောင်လုပ်ဖို့ သူတို့ ပူးပေါင်းကြံစည်ကြတယ်။ ၉ ဒါပေမဲ့ ကျွန်တော်တို့က ဘုရားသခင်ဆီ ဆုတောင်းပြီး သူတို့ရန်ကို ကာကွယ်ဖို့ နေ့ရောညပါ အစောင့်ချထားလိုက်တယ်။

၁၀ ဒါပေမဲ့ ယုဒလူတွေက “မြို့ရိုးဆောက်နေသူတွေ သိပ်ပင်ပန်းနေပြီ။ ရှင်းထုတ်ရမယ့် အုတ်ကျိုးအုတ်ပဲ့တွေလည်း အများကြီးရှိသေးတယ်။ ငါတို့ချည်းပဲဆိုရင် မြို့ရိုးကို ဆောက်နိုင်မှာမဟုတ်ဘူး” လို့ပြောနေကြတယ်။

၁၁ ရန်သူတွေကလည်း “သူတို့ အမှုမဲ့အမှတ်မဲ့ ဖြစ်နေချိန်မှာ ငါတို့ဝင်သွားပြီး သတ်ပစ်မယ်။ အလုပ်ရပ်ဆိုင်းသွားအောင် လုပ်မယ်” ဆိုပြီး ကြိမ်းနေကြတယ်။

၁၂ ရန်သူတွေအနီးမှာ နေထိုင်တဲ့ ဂျူးတွေကလည်း ရောက်လာတဲ့အခါတိုင်း “ပတ်ဝန်းကျင် အရပ်ရပ်ကနေ ရန်သူတွေ လာတိုက်နိုင်တယ်” ဆိုပြီး အကြိမ်ကြိမ် သတိပေးကြတယ်။

၁၃ ဒါကြောင့် ကျွန်တော်က မြို့ရိုးအနောက်ဘက် နိမ့်တဲ့နေရာတွေ၊ မြေကွက်လပ်တွေမှာ အစောင့်တွေ ချထားလိုက်တယ်။ သူတို့ကို ဓားတွေ၊ လှံတွေ၊ လေးတွေပေးပြီး ဆွေမျိုးစုအလိုက် နေရာချထားတယ်။ ၁၄ သူတို့ ကြောက်လန့်နေတာကို မြင်တော့ ချက်ချင်းပဲ အရာရှိတွေ၊+ အုပ်ချုပ်ရေးမှူးတွေနဲ့ လူတွေကို “ရန်သူတွေကို မကြောက်ပါနဲ့။+ ကြီးမြတ်ပြီး ရိုသေခန့်ညားဖွယ်ကောင်းတဲ့ ယေဟောဝါဘုရားကို သတိရကြပါ။+ ကိုယ့်ညီအစ်ကိုတွေ၊ သားမယားတွေ၊ ကိုယ့်အိုးကိုယ့်အိမ်တွေအတွက် တိုက်ခိုက်ကြပါ” လို့ အားပေးတယ်။

၁၅ ရန်သူတွေက သူတို့အကြံကို ကျွန်တော်တို့ သိသွားမှန်း၊ သူတို့အကြံအစည်ကို စစ်မှန်တဲ့ဘုရားသခင် ဖျက်ဆီးလိုက်မှန်း ကြားသိသွားတယ်။ ကျွန်တော်တို့ကတော့ မြို့ရိုးဆောက်တဲ့ အလုပ်ကို ဆက်လုပ်ကြတယ်။ ၁၆ အဲဒီနေ့ကစပြီး လူတစ်ဝက်က အလုပ်လုပ်တယ်။+ ကျန်တစ်ဝက်က လှံတွေ၊ ဒိုင်းလွှားတွေ၊ လေးတွေကိုင်ပြီး ချပ်ဝတ်တန်ဆာတွေ ဝတ်ထားကြတယ်။ ခေါင်းဆောင်တွေကလည်း+ ဂျူးတွေရဲ့နောက်မှာ ရပ်ပြီး ထောက်မပေးကြတယ်။ ၁၇ အဲဒီဂျူးတွေဟာ မြို့ရိုးတည်ဆောက်နေကြလို့ပဲ။ အထမ်းသမားတွေက လက်တစ်ဖက်နဲ့ အလုပ်လုပ်ပြီး ကျန်တစ်ဖက်နဲ့ လက်နက်ကိုင်ထားကြတယ်။ ၁၈ မြို့ရိုးဆောက်လုပ်သူတိုင်းက ခါးမှာ ဓားကိုယ်စီ ချိတ်ဆွဲပြီး အလုပ်လုပ်ကြတယ်။ တံပိုးမှုတ်မယ့်သူက+ ကျွန်တော့်နားမှာ ရပ်နေရတယ်။

၁၉ အဲဒီနောက် ကျွန်တော်က အရာရှိတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ လူတွေကို “အလုပ်က ကြီးမားကျယ်ပြန့်ပြီး မြို့ရိုးပေါ်မှာ တစ်ကွဲတစ်ပြားစီ လုပ်နေရတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အလှမ်းဝေးနေတယ်။ ၂၀ ဒါကြောင့် တံပိုးမှုတ်သံကြားရင် ကျွန်တော်တို့ရှိတဲ့ နေရာမှာ လာစုကြပါ။ ကျွန်တော်တို့အတွက် ဘုရားသခင် တိုက်ခိုက်ပေးလိမ့်မယ်”+ လို့မှာထားတယ်။

၂၁ အဲဒီနောက် အရုဏ်တက်ချိန်ကနေ ကြယ်ထွက်ချိန်အထိ လူတစ်ဝက်က မြို့ရိုးကိုတည်ဆောက်ပြီး ကျန်တစ်ဝက်က လှံတွေ ကိုင်ဆောင်ထားကြတယ်။ ၂၂ ကျွန်တော်က “ခင်ဗျားတို့အားလုံး ညဘက်မှာ ကိုယ့်နောက်လိုက်နဲ့အတူ ဂျေရုဆလင်မြို့ထဲမှာ ရှိနေရမယ်။ ညအချိန်မှာ ကင်းစောင့်ပြီး နေ့အချိန်မှာ အလုပ်လုပ်ရမယ်” လို့ လူတွေကို ပြောတယ်။ ၂၃ ကျွန်တော်အပါအဝင် ညီအစ်ကိုတွေ၊ နောက်လိုက်တွေ၊+ ကျွန်တော့်ရဲ့ နောက်လိုက်အစောင့်တွေ အားလုံးက ကိုယ့်အဝတ်ကို မချွတ်တမ်းဝတ်ထားပြီး ညာလက်မှာ လက်နက်ကိုယ်စီ ကိုင်ထားကြတယ်။

၅ ယောက်ျားမိန်းမ အတော်များများက ဂျူးလူမျိုး အချင်းချင်းကို ပြစ်တင်ပြောဆိုကြတယ်။+ ၂ တချို့က “ကျွန်တော်တို့မှာ သားသမီးတွေ အများကြီးပဲ။ အသက်ဆက်နိုင်ဖို့ စားစရာ ကောက်နှံတွေရမှ ဖြစ်မယ်” လို့ပြောကြတယ်။ ၃ တချို့က “အစာခေါင်းပါးနေတော့ ကောက်နှံတွေရဖို့ ကိုယ့်လယ်မြေ၊ စပျစ်ခြံ၊ အိမ်တွေကို ပေါင်ထားရတယ်” ဆိုပြီး ညည်းကြတယ်။ ၄ တချို့ကလည်း “ဘုရင်ကို ဆက်ကြေးပေးနိုင်ဖို့ လယ်မြေတွေ၊ စပျစ်ခြံတွေကို ပေါင်ပြီး ငွေချေးရတယ်။+ ၅ တကယ်ဆိုရင် ငါတို့ဟာ သွေးသားရင်းချာ ညီအစ်ကိုတွေပါ။ ငါတို့သားသမီးတွေလည်း သူတို့သားသမီးတွေလိုပါပဲ။ အခုတော့ ကိုယ့်သားသမီးတွေကို ကျွန်ခံခိုင်းရတော့မယ်။ ငါတို့သမီးတချို့ဆို ကျွန်တောင်ဖြစ်နေပြီ။+ ငါတို့လယ်မြေတွေ၊ စပျစ်ခြံတွေကို သူများပိုင်သွားပြီဆိုတော့ ဘာများ တတ်နိုင်တော့မှာလဲ” ဆိုပြီး ညည်းတွားနေကြတယ်။

၆ အဲဒီလိုညည်းတွားနေတဲ့ စကားတွေကိုကြားတော့ ကျွန်တော် သိပ်စိတ်ဆိုးတယ်။ ၇ ဒါကြောင့် အဲဒီကိစ္စကို စဉ်းစားသုံးသပ်ပြီးနောက် အရာရှိတွေ၊ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး “ခင်ဗျားတို့ ကိုယ့်ညီအစ်ကိုတွေဆီကနေ မတန်တဆ အတိုးယူနေကြတာပဲ”+ လို့ ပြောလိုက်တယ်။

သူတို့ရဲ့လုပ်ရပ်ကြောင့် အစည်းအဝေးကြီးတစ်ခု လုပ်ဖို့လည်း စီစဉ်လိုက်တယ်။ ၈ ပြီးတော့ “တခြားလူမျိုးတွေဆီမှာ ရောင်းစားခံခဲ့ရတဲ့ ညီအစ်ကိုတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ပြန်ဝယ်ခဲ့တယ်။ အခု ခင်ဗျားတို့က ကိုယ့်ညီအစ်ကိုတွေကို ပြန်ရောင်းစားဦးမလို့လား။+ သူတို့ကို ကျွန်တော်တို့ ပြန်ဝယ်ရဦးမှာလား” လို့ ကျွန်တော်ပြောတော့ သူတို့ ဘာမှပြန်မပြောနိုင်ဘဲ နှုတ်ဆိတ်နေကြတယ်။ ၉ “ခင်ဗျားတို့ရဲ့ လုပ်ရပ်ဟာ လုံးဝမသင့်တော်ဘူး။ တကယ်တော့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ ခင်ဗျားတို့ လုပ်ဆောင်သင့်တာ။+ ဒါမှ ရန်သူလူမျိုးခြားတွေရဲ့ ကဲ့ရဲ့မှုကနေ လွတ်တော့မှာပေါ့။ ၁၀ ကျွန်တော်နဲ့ ညီအစ်ကိုတွေ၊ နောက်လိုက်တွေလည်း လူတွေကို ငွေနဲ့ကောက်နှံ ချေးငှားပေးနေတာပဲ။ အခုလို အတိုးနဲ့ချေးငှားတာမျိုးကို ရပ်တန်းက ရပ်လိုက်ကြစို့။+ ၁၁ သူတို့ရဲ့လယ်မြေတွေ၊ စပျစ်ခြံတွေ၊ သံလွင်ခြံတွေ၊ အိမ်တွေကို ဒီနေ့ပဲ ပြန်ပေးဖို့ ကျွန်တော် မေတ္တာရပ်ခံပါတယ်။+ ငွေ၊ ကောက်နှံ၊ စပျစ်ဝိုင်အသစ်၊ ဆီအတွက် ခင်ဗျားတို့ယူထားတဲ့အတိုး ၁ ရာခိုင်နှုန်းကို* ကိုလည်း ပြန်ပေးလိုက်ပါ” လို့ပြောလိုက်တယ်။

၁၂ အဲဒီအခါ သူတို့က “ကျွန်တော်တို့ ပြန်ပေးပါ့မယ်။ သူတို့ဆီကနေ ဘာမှ မတောင်းတော့ပါဘူး။ ခင်ဗျားပြောတဲ့အတိုင်း တိတိကျကျ လုပ်ပါ့မယ်” လို့ ကတိပေးတဲ့အတွက် ကျွန်တော်လည်း ပုရောဟိတ်တွေကို ခေါ်လိုက်တယ်။ ပြီးတော့ ကတိအတိုင်း လုပ်ပါ့မယ်လို့ အဲဒီလူတွေကို ကျိန်ဆိုခိုင်းတယ်။ ၁၃ ဒါ့အပြင် ကျွန်တော်က အင်္ကျီရင်ဖုံးကို ခါချပြီး “စစ်မှန်တဲ့ ဘုရားသခင်က ကတိအတိုင်း မလုပ်တဲ့သူကို သူ့အိမ်ကနေ၊ သူ့ပိုင်ဆိုင်ရာကနေ အခုလိုပဲ ခါချပစ်ပါစေ။ အခုလိုပဲ ဘာမှမကျန်အောင် ခါချပစ်ပါစေ” လို့ပြောလိုက်တယ်။ အဲဒီအခါ လူအားလုံးက “အာမင်”* လို့ပြောပြီး ယေဟောဝါကို ချီးမွမ်းကြတယ်။ ကတိပေးတဲ့အတိုင်း လုပ်ကြတယ်။

၁၄ ဒါ့အပြင် ယုဒဘုရင်ခံအဖြစ်+ အာတဇေရဇ်မင်း+ ခန့်အပ်ချိန်ကစပြီး၊ မင်းကြီး နန်းစံအနှစ် ၂၀ ကနေ+ ၃၂ နှစ်အထိ+ ၁၂ နှစ်လုံး ကျွန်တော်နဲ့ ညီအစ်ကိုတွေက ဘုရင်ခံရိက္ခာကို မယူဘူး။+ ၁၅ ကျွန်တော့်အရင် ဘုရင်ခံတွေကတော့ လူတွေကို ဝန်လေးအောင် လုပ်ခဲ့ကြတယ်။ အစားအစာနဲ့ စပျစ်ဝိုင်အတွက် ငွေ ရှယ်ကယ်* ၄၀ ကို နေ့တိုင်းယူတယ်။ သူတို့ရဲ့ နောက်လိုက်တွေလည်း လူတွေကို ဖိနှိပ်တာပဲ။ ကျွန်တော်ကတော့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့အတွက်+ အဲဒီလိုမလုပ်ဘူး။+

၁၆ ကျွန်တော်နဲ့ ကျွန်တော့်နောက်လိုက်တွေက မြို့ရိုးဆောက်နေတာကိုလည်း ဝိုင်းကူပေးတယ်။ ဒါပေမဲ့ မြေတစ်ကွက်မှ ကျွန်တော်တို့ မယူဘူး။+ ၁၇ ဂျူးတွေနဲ့ အုပ်ချုပ်ရေးမှူး ၁၅၀ အပြင် ပတ်ဝန်းကျင် လူမျိုးတွေဆီကနေ ရောက်လာသူတွေကိုပါ ကျွန်တော့်စားပွဲမှာ ကျွေးမွေးတယ်။ ၁၈ နွားထီးတစ်ကောင်၊ အကောင်းဆုံးသိုး ခြောက်ကောင်နဲ့ ငှက်တွေကို နေ့တိုင်း ချက်ပြုတ်ပေးတယ်။ စပျစ်ဝိုင် အမျိုးမျိုးကိုလည်း ဆယ်ရက်တစ်ကြိမ် အလျှံပယ်ပေးတယ်။ အဲဒီလောက် ကုန်ကျပေမဲ့ ဘုရင်ခံရထိုက်တဲ့ ရိက္ခာကို ကျွန်တော် မတောင်းဘူး။ မင်းကြီးအတွက် လုပ်ဆောင်ပေးရတာနဲ့ပဲ လူတွေ ပင်ပန်းလှပြီ။ ၁၉ ဘုရားသခင်၊ ဒီလူတွေအတွက် ကျွန်တော်လုပ်ပေးသမျှ အားလုံးကိုထောက်ပြီး ကျွန်တော့်ကို သတိရပေးပါ။ မျက်နှာသာ ပေးတော်မူပါ။+

၆ မြို့ရိုးပြိုပျက်တဲ့နေရာ တစ်နေရာမှ မကျန်အောင် ကျွန်တော် ပြန်တည်ဆောက်နေပြီဆိုတဲ့သတင်း+ သမ်ဘာလတ်၊ တောဘိ၊+ အာရပ်လူ+ ဂေရှင်နဲ့ ရန်သူတွေဆီ ရောက်သွားတယ်။ (အဲဒီအချိန်တုန်းက မြို့တံခါးတွေမှာ တံခါးရွက်တွေ မတပ်ရသေးဘူး။)+ ၂ ချက်ချင်းပဲ သမ်ဘာလတ်နဲ့ ဂေရှင်က “သြနောချိုင့်ဝှမ်းထဲက+ ရွာတစ်ရွာမှာ ဆုံကြရအောင်” ဆိုပြီး သတင်းပို့လာတယ်။ တကယ်တော့ ကျွန်တော့်ကို ဒုက္ခပေးဖို့ သူတို့ ကြံစည်နေကြတာ။ ၃ ဒါကြောင့် ကျွန်တော်က တမန်တွေလွှတ်ပြီး “ကျွန်တော် လုပ်ငန်းကြီး လုပ်နေတာမို့ ဆင်းမလာနိုင်ဘူး။ အလုပ်ကိုထားခဲ့ပြီး ဆင်းလာမယ်ဆိုရင် လုပ်ငန်းရပ်ဆိုင်းသွားမှာပေါ့” လို့ အကြောင်းပြန်လိုက်တယ်။ ၄ ဒါပေမဲ့ သူတို့ အဲဒီအတိုင်း လေးကြိမ် သတင်းပို့လာတယ်။ ကျွန်တော်လည်း အကြိမ်တိုင်းမှာ အဲဒီလိုပဲ အကြောင်းပြန်တယ်။

၅ သမ်ဘာလတ်က သူ့နောက်လိုက်ကို ငါးကြိမ်မြောက် စေလွှတ်ပြီး အဲဒီလိုပဲ ပြောခိုင်းပြန်တယ်။ တံဆိပ်မခတ်ထားတဲ့ စာတစ်စောင်ကိုလည်း ထည့်ပေးလိုက်တယ်။ ၆ စာထဲမှာ “တခြားလူမျိုးတွေရော ဂေရှင်ကပါ+ ပြောနေကြပြီ။ ခင်ဗျားနဲ့ဂျူးတွေက ပုန်ကန်ဖို့အကြံနဲ့ မြို့ရိုးကို တည်ဆောက်နေတာတဲ့။+ ဒီသတင်းအရဆိုရင် ခင်ဗျား ဘုရင်လုပ်တော့မယ်ပေါ့။ ၇ ပရောဖက်တွေကိုလည်း ‘ယုဒပြည်မှာ ဘုရင်ရှိတယ်’ လို့ ဂျေရုဆလင်မြို့အနှံ့ ကြေညာခိုင်းထားတယ်ဆို။ အခု ဒီအကြောင်းတွေကို မင်းကြီးဆီ လျှောက်ထားကြလိမ့်မယ်။ ဒီတော့ ကျုပ်တို့ ဆွေးနွေးရအောင်။ အရောက်လာခဲ့ပါ” ဆိုပြီး ရေးထားတယ်။

၈ ဒါပေမဲ့ ကျွန်တော်က “ခင်ဗျားပြောတာတွေ တစ်ခုမှ မမှန်ဘူး။ ဒါ လုပ်ကြံပြောဆိုနေတာပဲ” ဆိုပြီး အကြောင်းပြန်လိုက်တယ်။ ၉ သူတို့က ကျွန်တော်တို့ ကြောက်သွားအောင် ခြိမ်းခြောက်ပြီး “ဒီလူတွေ လက်လျှော့သွားမှာပါ။ အလုပ်ကို လက်စသတ်နိုင်မယ် မထင်ဘူး”+ လို့ပြောကြတယ်။ ဒါနဲ့ ခွန်အားပေးပါဆိုပြီး ဘုရားကို ကျွန်တော် ဆုတောင်းတယ်။+

၁၀ အဲဒီအချိန်မှာ မဟေတဗေလရဲ့မြေး၊ ဒေလာယရဲ့သား ရှေမာယက ဘယ်မှမသွားဘဲ အိမ်ထဲအောင်းနေတယ်။ ကျွန်တော် သူ့ဆီသွားတဲ့အခါ သူက “စစ်မှန်တဲ့ ဘုရားသခင်ရဲ့အိမ်တော်ဖြစ်တဲ့ ဗိမာန်တော်ထဲမှာ ဆုံကြရအောင်။ ညဘက်မှာ ခင်ဗျားကိုသတ်ဖို့ သူတို့လာကြမှာမို့လို့ ဗိမာန်တော်တံခါးတွေကို ပိတ်ပြီး ပုန်းနေရအောင်” ဆိုပြီးပြောတယ်။ ၁၁ “ကျွန်တော့်လိုလူက ထွက်ပြေးပုန်းရှောင် နေရမှာလား။ ကျွန်တော် ဗိမာန်တော်ထဲ ဝင်ရင်ကော သေဒဏ်ကနေ လွတ်ပါ့မလား။+ မဝင်ဘူး” လို့ပြန်ပြောလိုက်တယ်။ ၁၂ ရှေမာယ အဲဒီလို ပရောဖက်ပြုတာက ဘုရားသခင် စေခိုင်းလို့မဟုတ်ဘဲ တောဘိနဲ့ သမ်ဘာလတ်တို့+ ငှားရမ်းပြီး ပြောခိုင်းလို့ဆိုတာ ကျွန်တော် ရိပ်မိသွားတယ်။ ၁၃ သူ့ကို ငှားရမ်းထားတာက ကျွန်တော့်ကို ခြိမ်းခြောက်ဖို့၊ အပြစ်ကျူးလွန်မိစေဖို့ပဲ။ အဲဒီအတိုင်းသာဖြစ်လာရင် ကျွန်တော် နာမည်ပျက်ပြီး သူတို့ကဲ့ရဲ့ဖို့ အကွက်တွေ့သွားမှာပေါ့။

၁၄ အို ဘုရားသခင်၊ တောဘိနဲ့+ သမ်ဘာလတ်တို့ လုပ်ခဲ့တာတွေကို မှတ်ထားပေးပါ။ ကျွန်တော့်ကို တစ်ချိန်လုံး ခြိမ်းခြောက်နေတဲ့ ပရောဖက်မ နောဒိနဲ့ ကျန်တဲ့ပရောဖက်တွေကိုလည်း မှတ်ထားပေးပါ။

၁၅ နောက်ဆုံးတော့ ဧလုလ* ၂၅ ရက်နေ့မှာ မြို့ရိုး တည်ဆောက်ပြီးသွားတယ်။ ၅၂ ရက်ကြာ ဆောက်လုပ်ခဲ့ကြတယ်။

၁၆ ဒီသတင်းကို ရန်သူတွေ ကြားတဲ့အခါ၊ ပတ်ဝန်းကျင်လူမျိုးတွေ မြင်တဲ့အခါ အကြီးအကျယ် အရှက်ရသွားကြတယ်။+ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘုရားသခင်ရဲ့ အကူအညီနဲ့ ဒီအလုပ်ပြီးစီးသွားမှန်း သဘောပေါက်သွားကြတယ်။ ၁၇ အဲဒီအချိန်အတွင်းမှာ ယုဒအရာရှိတွေက+ တောဘိဆီ စာတွေအများကြီး ရေးပို့တယ်။ တောဘိကလည်း စာပြန်လေ့ရှိတယ်။ ၁၈ တောဘိဟာ အာရာရဲ့သား+ ရှေကနိရဲ့ သမက်ဖြစ်တဲ့အပြင် သားယေဟောဟနန်ကလည်း ဗေရခိရဲ့သား မေရှုလံရဲ့သမီးနဲ့+ ယူထားတာကြောင့် ယုဒလူအများစုက သူ့ဘက် ရပ်တည်ပါ့မယ်လို့ ကတိသစ္စာပြုထားကြတယ်။ ၁၉ သူတို့က တောဘိရဲ့ ကောင်းကြောင်းတွေ လာပြောတတ်သလို ကျွန်တော်ပြောတာတွေကိုလည်း သူ့ဆီ သတင်းပို့တတ်တယ်။ အဲဒီအခါ တောဘိက ကျွန်တော့်ဆီ ခြိမ်းခြောက်စာတွေ ပို့လေ့ရှိတယ်။+

၇ မြို့ရိုးပြန်တည်ဆောက်ပြီးတာနဲ့+ တံခါးရွက်တွေကို ကျွန်တော် တပ်ဆင်တယ်။+ တံခါးစောင့်တွေ၊+ သီချင်းသည်တွေ၊+ လေဝိအမျိုးသားတွေကိုလည်း+ ခန့်အပ်တယ်။ ၂ ပြီးတော့ ဂျေရုဆလင်မြို့ကို ကြီးကြပ်ကွပ်ကဲဖို့ ကျွန်တော့်ညီ ဟာနေနိနဲ့+ ရဲတိုက်မှူး+ ဟာနနိကို ခန့်ထားတယ်။ ဟာနနိဟာ တကယ် ယုံကြည်စိတ်ချထိုက်သူ၊ စစ်မှန်တဲ့ ဘုရားသခင်ကို အလွန်ကြောက်ရွံ့ရိုသေသူ ဖြစ်တယ်။+ ၃ “ဂျေရုဆလင်မြို့တံခါးတွေကို နေမမြင့်မချင်း မဖွင့်ရဘူး။ မြို့တံခါးကို စောင့်ကြပ်တဲ့အခါ တံခါးတွေပိတ်ပြီး မင်းတုပ်ချထားရမယ်။ မြို့သားတချို့ကို ကင်းတဲမှာ၊ တချို့ကိုတော့ ကိုယ့်အိမ်ရှေ့မှာ ကင်းစောင့်တာဝန် ချထားရမယ်” ဆိုပြီး သူတို့ကို ကျွန်တော်မှာတယ်။ ၄ မြို့က ကြီးမားကျယ်ဝန်းသလောက် နေထိုင်သူ နည်းနည်းလေးပဲ ရှိတယ်။+ အိမ်တွေကိုလည်း ပြန်မဆောက်ရသေးဘူး။

၅ အရာရှိတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ လူတွေကို စုဝေးပြီး ဆွေစဉ်မျိုးဆက်စာရင်း ပြုစုသင့်တယ်ဆိုတဲ့အကြံ ကျွန်တော့်စိတ်ထဲ ပေါ်လာအောင် ဘုရားသခင် လုပ်ပေးတယ်။+ ဦးဆုံးပြန်ရောက်လာသူတွေရဲ့ ဆွေစဉ်မျိုးဆက်စာရင်းကိုလည်း တွေ့တယ်။ အဲဒီမှာ အခုလိုရေးထားတယ်-

၆ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ+ ဖမ်းခေါ်သွားတဲ့အတွက် ဗာဗုလုန်ရဲ့ ခရိုင်မြို့တွေမှာ သုံ့ပန်းဘဝရောက်ပြီး+ နောက်ပိုင်းမှာ ဂျေရုဆလင်မြို့နဲ့ ယုဒပြည်၊ ကိုယ့်မြို့ကိုယ့်ရွာဆီ ပြန်လာတဲ့သူတွေရှိတယ်။+ ၇ ဇေရုဗဗေလ၊+ ယေရွှာ၊+ နေဟမိ၊ အာဇရိ၊ ရေမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံ၊ ဗာနာတို့နဲ့အတူ သူတို့ပြန်လာကြတယ်။

အဲဒီအစ္စရေးအမျိုးသားတွေရဲ့ အရေအတွက်ကတော့–+ ၈ ပါရုတ်ရဲ့သားမြေး ၂,၁၇၂ ယောက်၊ ၉ ရှေဖတိရဲ့သားမြေး ၃၇၂ ယောက်၊ ၁၀ အာရာရဲ့သားမြေး+ ၆၅၂ ယောက်၊ ၁၁ ပါဟတ်မောဘရဲ့ သားမြေး၊+ ယေရွှာရဲ့ သားမြေးနဲ့ ယွာဘရဲ့သားမြေး+ စုစုပေါင်း ၂,၈၁၈ ယောက်၊ ၁၂ ဧလံရဲ့ သားမြေး+  ၁,၂၅၄ ယောက်၊ ၁၃ ဇတ်တုရဲ့သားမြေး ၈၄၅ ယောက်၊ ၁၄ ဇက်ကဲရဲ့သားမြေး ၇၆၀၊ ၁၅ ဗိနွိရဲ့သားမြေး ၆၄၈ ယောက်၊ ၁၆ ဗေဗဲရဲ့သားမြေး ၆၂၈ ယောက်၊ ၁၇ အာဇဂဒ်ရဲ့သားမြေး ၂,၃၂၂ ယောက်၊ ၁၈ အဒေါနိကံရဲ့သားမြေး ၆၆၇ ယောက်၊ ၁၉ ဗိဂဝဲရဲ့သားမြေး ၂,၀၆၇ ယောက်၊ ၂၀ အာဒိန်ရဲ့သားမြေး  ၆၅၅ ယောက်၊ ၂၁ ဟေဇကိအမျိုး အာတာရဲ့သားမြေး ၉၈ ယောက်၊ ၂၂ ဟာရှုံရဲ့သားမြေး ၃၂၈ ယောက်၊ ၂၃ ဗေဇဲရဲ့သားမြေး ၃၂၄ ယောက်၊ ၂၄ ဟာရိပ်ရဲ့သားမြေး ၁၁၂ ယောက်၊ ၂၅ ဂိဗောင်မြို့သား+ ၉၅ ယောက်၊ ၂၆ ဘက်သလီဟင်မြို့သားနဲ့ နေတောဖရွာသား ၁၈၈ ယောက်၊ ၂၇ အာနသုတ်မြို့သား+ ၁၂၈ ယောက်၊ ၂၈ ဗက်အာဇမာဝက်မြို့သား ၄၂ ယောက်၊ ၂၉ ကိရယတ်ယာရိမ်မြို့သား၊+ ခေဖိရာမြို့သား၊ ဗေရုတ်မြို့သား+ စုစုပေါင်း ၇၄၃ ယောက်၊ ၃၀ ရာမမြို့နဲ့ဂေဘမြို့သား+ ၆၂၁ ယောက်၊ ၃၁ မိတ်မတ်မြို့သား+ ၁၂၂ ယောက်၊ ၃၂ ဗေသလမြို့နဲ့+ အာအိမြို့သား+ ၁၂၃ ယောက်၊ ၃၃ တခြားနေဗောမြို့သား ၅၂ ယောက်၊ ၃၄ ဧလံ နောက်တစ်ယောက်ရဲ့သားမြေး ၁,၂၅၄ ယောက်၊ ၃၅ ဟာရိမ်ရဲ့သားမြေး ၃၂၀၊ ၃၆ ယေရိခေါမြို့သား ၃၄၅ ယောက်၊ ၃၇ လောဒမြို့၊ ဟာဒိမြို့နဲ့ သြနောမြို့သား+ စုစုပေါင်း ၇၂၁ ယောက်၊ ၃၈ ရှေနာအရပ်သား ၃,၉၃၀ ဖြစ်တယ်။

၃၉ ပုရောဟိတ်တွေကတော့+ ယေရွှာအမျိုး ယေဒါယရဲ့ သားမြေး ၉၇၃ ယောက်၊ ၄၀ အိမေရရဲ့ သားမြေး ၁,၀၅၂ ယောက်၊ ၄၁ ပါရှုရရဲ့သားမြေး+ ၁,၂၄၇ ယောက်၊ ၄၂ ဟာရိမ်ရဲ့သားမြေး+ ၁,၀၁၇ ယောက်ဖြစ်တယ်။

၄၃ လေဝိအမျိုးသားတွေကတော့+ ဟောဒေဝကနေ ဆင်းသက်လာတဲ့ ယေရွှာနဲ့ ကာဒမေလရဲ့သားမြေး+ ၇၄ ယောက်၊ ၄၄ အာသပ်ရဲ့သားမြေး+ သီချင်းသည်+ ၁၄၈ ယောက်၊ ၄၅ တံခါးစောင့်တွေဖြစ်တဲ့+ ရှလုံရဲ့သားမြေး၊ အာတာရဲ့သားမြေး၊ တာလမုန်ရဲ့သားမြေး၊ အက္ကုပ်ရဲ့သားမြေး၊+ ဟတိတရဲ့သားမြေး၊ ရှောဗဲရဲ့သားမြေး စုစုပေါင်း ၁၃၈ ယောက်ဖြစ်တယ်။

၄၆ ဗိမာန်တော်ကျွန်တွေ*+ ကတော့– ဇိဟရဲ့သားမြေး၊ ဟသုဖရဲ့သားမြေး၊ တဗောက်ရဲ့သားမြေး၊ ၄၇ ကေရုတ်ရဲ့သားမြေး၊ သယရဲ့သားမြေး၊ ပါဒုန်ရဲ့သားမြေး၊ ၄၈ လေဗနရဲ့သားမြေး၊ ဟာဂဘရဲ့သားမြေး၊ ရှာလမဲရဲ့သားမြေး၊ ၄၉ ဟာနန်ရဲ့သားမြေး၊ ဂိဒေလရဲ့သားမြေး၊ ဂါဟာရဲ့သားမြေး၊ ၅၀ ရာယရဲ့သားမြေး၊ ရေဇိန်ရဲ့သားမြေး၊ နေကောဒရဲ့သားမြေး၊ ၅၁ ဂဇမ်ရဲ့သားမြေး၊ သြဇရဲ့သားမြေး၊ ပါသာရဲ့သားမြေး၊ ၅၂ ဗေသဲရဲ့သားမြေး၊ မဟုနိမ်ရဲ့သားမြေး၊ နေဖိရှေသိမ်ရဲ့သားမြေး၊ ၅၃ ဗာကဗုတ်ရဲ့သားမြေး၊ ဟကုဖရဲ့သားမြေး၊ ဟာရဟုရရဲ့သားမြေး၊ ၅၄ ဗာဇလိတ်ရဲ့သားမြေး၊ မဟိဒရဲ့သားမြေး၊ ဟာရရှရဲ့သားမြေး၊ ၅၅ ဗာကုတ်ရဲ့သားမြေး၊ သိသရရဲ့သားမြေး၊ တာမရဲ့သားမြေး၊ ၅၆ နေဇိရဲ့သားမြေး၊ ဟတိဖရဲ့သားမြေးတို့ဖြစ်တယ်။

၅၇ ရှောလမုန်ကျွန်တွေရဲ့ သားမြေးတွေကတော့+ သောတဲရဲ့သားမြေး၊ သောဖရက်ရဲ့သားမြေး၊ ပေရိဒရဲ့သားမြေး၊ ၅၈ ယာလရဲ့သားမြေး၊ ဒါကုန်ရဲ့သားမြေး၊ ဂိဒေလရဲ့သားမြေး၊ ၅၉ ရှေဖတိရဲ့သားမြေး၊ ဟတိလရဲ့သားမြေး၊ ပေါခရက်ဟေဇဗိမ်ရဲ့ သားမြေး၊ အာမုန်ရဲ့သားမြေးတို့ဖြစ်တယ်။ ၆၀ ဗိမာန်တော်ကျွန်တွေနဲ့+ ရှောလမုန်ကျွန်တွေရဲ့ သားမြေး စုစုပေါင်း ၃၉၂ ယောက်ရှိတယ်။

၆၁ တေလမေလမြို့၊ တေလဟာသမြို့၊ ခေရုပ်မြို့၊ အာဒန်မြို့၊ အိမေရမြို့ကနေ ထွက်လာခဲ့ပေမဲ့ ဘယ်ဆွေမျိုးစု၊ ဘယ်မျိုးရိုးဖြစ်မှန်း သက်သေမပြနိုင်တဲ့အတွက် အစ္စရေးဟုတ်မဟုတ် မသေချာသူတွေလည်း ရှိတယ်။+ ၆၂ အဲဒီလူတွေကတော့ ဒေလာယရဲ့သားမြေး၊ တောဘိရဲ့သားမြေး၊ နေကောဒရဲ့သားမြေး စုစုပေါင်း ၆၄၂ ယောက်ရှိတယ်။ ၆၃ ပုရောဟိတ်တွေထဲမှာ ဟဗာယရဲ့သားမြေး၊ ဟက္ကုတ်ရဲ့သားမြေး၊+ ဂိလဒ်ပြည်သား ဗာဇိလဲရဲ့+ သမီးတစ်ယောက်နဲ့လက်ထပ်ပြီး အဲဒီမိသားစုနာမည်ကို ခံယူလိုက်တဲ့ ဗာဇိလဲရဲ့သားမြေးတို့ ဖြစ်တယ်။ ၆၄ ဆွေစဉ်မျိုးဆက်စာရင်းထဲမှာ သူတို့ပါမပါ ရှာပေမဲ့လည်း မတွေ့တဲ့အတွက် အတည်ပြုလို့မရဘူး။ ဒါကြောင့် သူတို့ဟာ ပုရောဟိတ်အဖွဲ့ဝင်ဖြစ်ဖို့ အရည်အချင်း မပြည့်မီကြဘူး။+ ၆၅ ဒါနဲ့ ဘုရင်ခံက*+ ဥရိမ်နဲ့သုမိမ်ကို သုံးပြီး မေးမြန်းနိုင်တဲ့ ပုရောဟိတ် မရှိမချင်း+ အသန့်ရှင်းဆုံးအရာတွေကို သူတို့မစားရဘူးလို့+ အမိန့်ချလိုက်တယ်။

၆၆ လူတစ်စုလုံးရဲ့ လူဦးရေက ၄၂,၃၆၀ ရှိတယ်။+ ၆၇ ဒါ့အပြင် ကျွန်ယောက်ျား ကျွန်မိန်းမ+ ၇,၃၃၇ ယောက်၊ သီချင်းသည် ယောက်ျားမိန်းမ+ ၂၄၅ ယောက် ရှိတယ်။ ၆၈ မြင်း ၇၃၆ ကောင်၊ လား ၂၄၅ ကောင်၊ ၆၉ ကုလားအုတ် ၄၃၅ ကောင်၊ မြည်းအကောင် ၆,၇၂၀ ရှိတယ်။

၇၀ ဆွေမျိုးစုခေါင်းဆောင်တချို့က လုပ်လက်စလုပ်ငန်းအတွက်* ပေးလှူကြတယ်။+ ဘုရင်ခံကလည်း ရွှေဒရက်မာ* ၁,၀၀၀၊ ဖလား ၅၀၊ ပုရောဟိတ်ဝတ်လုံ ၅၃၀ ကို+ ဘဏ္ဍာတိုက်ဆီ ပေးလှူတယ်။ ၇၁ ဆွေမျိုးစုခေါင်းဆောင်တချို့က ရွှေဒရက်မာ ၂၀,၀၀၀၊ ငွေ မိုင်နာ* ၂,၂၀၀ ကို စီမံကိန်းဘဏ္ဍာတိုက်ဆီ ပေးလှူကြတယ်။ ၇၂ ကျန်တဲ့လူတွေက ရွှေဒရက်မာ ၂၀,၀၀၀၊ ငွေမိုင်နာ ၂,၀၀၀၊ ပုရောဟိတ်ဝတ်လုံ ၆၇ စုံကို ပေးလှူကြတယ်။

၇၃ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေ၊ တံခါးစောင့်တွေ၊ သီချင်းသည်တွေ၊+ ပြည်သူပြည်သားတချို့၊ ဗိမာန်တော်ကျွန်တွေနဲ့* ကျန်တဲ့အစ္စရေးအားလုံးက ကိုယ့်မြို့ကိုယ့်ရွာမှာ ပြန်အခြေချကြတယ်။+ ဒီလိုနဲ့ ခုနစ်လပိုင်း ရောက်တဲ့အခါ+ အားလုံး အခြေကျနေပြီ။+

၈ အဲဒီနောက် ရေတံခါးရှေ့မှာရှိတဲ့+ လူထုရင်ပြင်မှာ လူအားလုံး တညီတညွတ်တည်း စုဝေးကြတယ်။ အစ္စရေးတွေအတွက် ယေဟောဝါပေးခဲ့တဲ့+ မောရှေပညတ်ကျမ်းကို+ ယူလာပါဆိုပြီး ကျမ်းကူးသူ ဧဇရကို+ ပြောတော့၊ ၂ ခုနစ်လပိုင်း တစ်ရက်နေ့မှာ+ ပုရောဟိတ်ဧဇရက ယောက်ျားမိန်းမတွေ၊ ကြားတဲ့အရာကို နားလည်နိုင်သူတွေပါဝင်တဲ့ လူစုကြီးရှေ့ကို ပညတ်ကျမ်း ယူလာတယ်။+ ၃ သူက ရေတံခါးရှေ့ လူထုရင်ပြင်မှာရောက်နေတဲ့ ယောက်ျားမိန်းမတွေ၊ နားလည်နိုင်သူတွေ အားလုံးရှေ့မှာ မနက်မိုးလင်းချိန်ကနေ နေ့လယ်အထိ ပညတ်ကျမ်းကို အသံကျယ်ကျယ် ဖတ်ပြတယ်။+ လူတွေလည်း အာရုံစိုက် နားထောင်ကြတယ်။+ ၄ အဲဒီအခါသမယအတွက် လုပ်ထားတဲ့ သစ်သားစင်မြင့်ပေါ်မှာ ကျမ်းကူးသူဧဇရ ရပ်နေတယ်။ သူ့ရဲ့ညာဘက်မှာ မာတသိ၊ ရှေမာ၊ အာနယ၊ ဥရိယ၊ ဟိလခိ၊ မာသေယ၊ ဘယ်ဘက်မှာ ပေဒါယ၊ မိရှေလ၊ မာလခိယ၊+ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိ၊ မေရှုလံတို့ ရပ်နေတယ်။

၅ ဧဇရဟာ လူအားလုံးထက် မြင့်တဲ့နေရာမှာ ရပ်နေတော့ လူတွေက သူ့ကို ကြည့်နေတယ်။ ပညတ်ကျမ်းကို သူဖွင့်လိုက်တဲ့အခါ လူအားလုံး မတ်တတ်ရပ်နေကြတယ်။ ၆ အဲဒီနောက် ဧဇရက ကြီးမြတ်တဲ့အရှင်၊ စစ်မှန်တဲ့ဘုရား ယေဟောဝါကို ချီးမွမ်းတဲ့အခါ လူအားလုံးက “အာမင်၊ အာမင်”*+ လို့ပြောပြီး ကောင်းကင်ပေါ် လက်ဖြန့်ကြတယ်။ ပြီးတော့ ယေဟောဝါကို ဦးချပျပ်ဝပ်ကြတယ်။ ၇ အဲဒီနောက် လူတွေ မတ်တတ်ရပ်ကြတယ်။ လေဝိအမျိုးသားတွေဖြစ်တဲ့ ယေရွှာ၊ ဗာနိ၊ ရှေရဘိ၊+ ယာမိန်၊ အက္ကုပ်၊ ရှဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗတ်၊+ ဟာနန်နဲ့ ပေလာယတို့က လူတွေကို ပညတ်တရားအကြောင်း ရှင်းပြတယ်။+ ၈ သူတို့က ဘုရားသခင်ရဲ့ ပညတ်ကျမ်းကို အသံကျယ်ကျယ်ဖတ်ပြီး အနက်အဓိပ္ပာယ်ကို ရှင်းပြတယ်။ ဖတ်ပြတဲ့အရာကို လူတွေ သဘောပေါက်အောင် ကူညီပေးတယ်။+

၉ လူတွေဟာ ပညတ်ကျမ်းမှာပါတဲ့ စကားတွေကို ကြားရတဲ့အခါ ငိုကြတယ်။ ဒါကြောင့် ဘုရင်ခံ* နေဟမိ၊ ကျမ်းကူးသူ ပုရောဟိတ်ဧဇရ၊+ လူတွေကို သွန်သင်ပေးတဲ့ လေဝိအမျိုးသားတွေက “ဒီနေ့ဟာ ယေဟောဝါဘုရားအတွက် မြင့်မြတ်တဲ့နေ့ပဲ။+ ဒါကြောင့် ဝမ်းမနည်းကြပါနဲ့။ မငိုကြပါနဲ့” ဆိုပြီးပြောတယ်။ ၁၀ ပြီးတော့ နေဟမိက “သွားကြ။ စားကောင်းသောက်ဖွယ်တွေကို စားသောက်ကြပါ။ အစားအစာပြင်ဆင်ဖို့ မတတ်နိုင်သူတွေအတွက်လည်း ပို့ပေးလိုက်ပါ။+ ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ သခင်အတွက် မြင့်မြတ်တဲ့နေ့ပဲ။ စိတ်မကောင်း မဖြစ်ကြပါနဲ့။  ယေဟောဝါဘုရား ပေးသနားတဲ့ ဝမ်းမြောက်ခြင်းဟာ ခင်ဗျားတို့အတွက် ရဲတိုက်ပဲ” ဆိုပြီး ပြောတယ်။ ၁၁ လေဝိအမျိုးသားတွေကလည်း “တိတ်ပါတော့။ ဝမ်းမနည်းကြပါနဲ့တော့။ ဒီနေ့ဟာ မြင့်မြတ်တဲ့နေ့ပဲ” ဆိုပြီး လူတွေကို နှစ်သိမ့်ပေးကြတယ်။ ၁၂ လူတွေလည်း ကြားနာခဲ့ရတဲ့ ကျမ်းစကားတွေကို သဘောပေါက်သွားတဲ့အတွက်+ စားသောက်ဖို့၊ စားစရာဝေစုတွေ ပို့ပေးဖို့၊ အားပါးတရ ရွှင်လန်းဖို့ ထွက်သွားကြတယ်။+

၁၃ ဒုတိယနေ့မှာ ဆွေမျိုးစုခေါင်းဆောင်တွေ၊ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေက ပညတ်ကျမ်းမှာပါတဲ့ စကားတွေကို ဒီထက်ပိုပြီး ထိုးထွင်းသိမြင်နိုင်ဖို့ ကျမ်းကူးသူ ဧဇရဆီ လာကြတယ်။ ၁၄ အဲဒီအခါ ခုနစ်လပိုင်းမှာ ကျင်းပတဲ့ ပွဲတော်အတွင်း အစ္စရေးတွေ တဲတွေနဲ့နေရမယ်ဆိုပြီး မောရှေကတစ်ဆင့် ယေဟောဝါပေးခဲ့တဲ့ ပညတ်ကျမ်းမှာ ရေးထားတာကို တွေ့ကြတယ်။+ ၁၅ ဒါနဲ့ သူတို့က “တောင်ပေါ်ကိုသွားပြီး သံလွင်ပင်၊ ထင်းရှူးပင်၊ မုရတုပင်၊* စွန်ပလွံပင်တွေရဲ့ သစ်ကိုင်းသစ်ခက်တွေ ခုတ်လာခဲ့။ တခြားအပင်တွေရဲ့ သစ်ခက်တွေကိုပါ ယူလာကြ။ ပညတ်ကျမ်းမှာ ရေးထားတဲ့အတိုင်း တဲတွေထိုးရမယ်” ဆိုပြီး ဂျေရုဆလင်မြို့နဲ့ မြို့ရွာအားလုံးမှာ ကြေညာခိုင်းလိုက်တယ်။+

၁၆ လူတွေလည်း ထွက်သွားပြီး သစ်ကိုင်းသစ်ခက်တွေ ယူလာတယ်။ အိမ်မိုးပေါ်မှာ၊ ခြံဝင်းထဲမှာ၊ ဘုရားသခင့်အိမ်တော်ဝင်းထဲမှာ၊+ ရေတံခါးရှေ့ လူထုရင်ပြင်မှာ၊+ ဧဖရိမ်တံခါးရှေ့ လူထုရင်ပြင်မှာ+ တဲတွေထိုးကြတယ်။ ၁၇ သုံ့ပန်းဘဝကနေ ပြန်လာတဲ့ လူစုကြီးတစ်ခုလုံး တဲတွေထိုးပြီး နေထိုင်တယ်။ နုန်ရဲ့သား ယောရှုလက်ထက်ကစပြီး+ အခုချိန်အထိ တဲနေပွဲကို ဒီလိုမျိုး မကျင်းပဖူးတဲ့အတွက် အစ္စရေးတွေ အကြီးအကျယ် ပျော်ရွှင်နေကြတယ်။+ ၁၈ ဘုရားသခင်ရဲ့ ပညတ်ကျမ်းကို ပထမနေ့ကနေ နောက်ဆုံးနေ့အထိ နေ့တိုင်း ဖတ်ပြပေးတယ်။+ ပွဲတော်ကို ခုနစ်ရက် လုပ်ပြီးတဲ့နောက် သတ်မှတ်ထားတဲ့အတိုင်း ရှစ်ရက်မြောက်နေ့မှာ အထူးစည်းဝေးပွဲ ကျင်းပကြတယ်။+

၉ ခုနစ်လပိုင်း၊ ၂၄ ရက်နေ့မှာ အစ္စရေးတွေ စုရုံးပြီး အစာရှောင်ကြတယ်။ အထည်ကြမ်း* ဝတ်ပြီး ခေါင်းပေါ်မှာ မြေမှုန့်တွေ တင်တယ်။+ ၂ အစ္စရေးမျိုးရိုးကနေ ဆင်းသက်လာသူတွေက တိုင်းတစ်ပါးသားတွေနဲ့ ကင်းကင်းရှင်းရှင်း နေတယ်။+ ကိုယ့်နေရာမှာ ရပ်ပြီး ကိုယ့်အပြစ်တွေ၊ ဘိုးဘေးတွေရဲ့ အမှားတွေကို ဝန်ချတောင်းပန်ကြတယ်။+ ၃ ယေဟောဝါဘုရားရဲ့ ပညတ်ကျမ်းကို အသံကျယ်ကျယ်နဲ့ သုံးနာရီကြာ* ဖတ်ပြတယ်။+ နောက်ထပ်သုံးနာရီကြာ အပြစ်ဝန်ချတောင်းပန်ပြီး ယေဟောဝါဘုရားကို ဦးချပျပ်ဝပ်ကြတယ်။

၄ ယေရွှာ၊ ဗာနိ၊ ကာဒမေလ၊ ရှေဗနိ၊ ဗုနိ၊ ရှေရဘိ၊+ ဗာနိနဲ့ ခေနိတို့က လေဝိအမျိုးသားတွေအတွက် ဆောက်ထားတဲ့ စင်မြင့်ပေါ်မှာ ရပ်ပြီး+ ယေဟောဝါ ဘုရားဆီ အသံကျယ်ကျယ် ဆုတောင်းကြတယ်။ ၅ လေဝိအမျိုးသားတွေဖြစ်တဲ့ ယေရွှာ၊ ကာဒမေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိနဲ့ ပေသဟိတို့က “မတ်တတ်ရပ်ကြပါ။ ယေဟောဝါဘုရားကို အစဉ်ထာဝရ ချီးမွမ်းကြပါ။+ အို ဘုရားသခင်၊ ဂုဏ်ကျက်သရေရှိလှတဲ့ နာမတော်ကို သူတို့ဂုဏ်တင်ကြပါစေ။ နာမတော်ဟာ ချီးမွမ်းဂုဏ်တင်လို့ မဆုံးနိုင်ပါဘူး။

၆ “ကိုယ်တော်တစ်ပါးတည်းသာ ယေဟောဝါဖြစ်တယ်။+ မိုးကောင်းကင်နဲ့ အမြင့်ဆုံးကောင်းကင်ကိုတောင် ကိုယ်တော်ဖန်ဆင်းတယ်။ ကောင်းကင်ပေါ်ကအရာတွေ၊* မြေကြီးနဲ့ မြေကြီးပေါ်ကအရာတွေ၊ ပင်လယ်နဲ့ ပင်လယ်ထဲက အရာတွေကိုလည်း ဖန်ဆင်းပြီး အဲဒါတွေအားလုံးကို အသက်ရှင်စေတယ်။ ကောင်းကင်ပေါ်ကအရာတွေက ကိုယ်တော့်ကို ပျပ်ဝပ်ကိုးကွယ်နေကြတယ်။ ၇ ကိုယ်တော်ဟာ စစ်မှန်တဲ့ဘုရား ယေဟောဝါပါ။ အာဗြံကို ရွေးချယ်ပြီး+ ခါလဒဲပြည်၊ ဥရမြို့ကနေ ခေါ်ထုတ်လာပြီးနောက်+ အာဗြဟံလို့ နာမည်ပေးတယ်။+ ၈ သူဟာ ရှေ့တော်မှာ သစ္စာရှိသူဖြစ်မှန်း ကိုယ်တော်တွေ့တဲ့အတွက်+ သူနဲ့ မျိုးနွယ်ကို ခါနန်၊ ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ယေဗုသိ၊ ဂိရဂါရှိလူမျိုးတို့ရဲ့ ပြည်ကိုပေးမယ်ဆိုပြီး သူနဲ့ပဋိညာဉ်ဖွဲ့တယ်။+ ကိုယ်တော်ဟာ ဖြောင့်မတ်တဲ့အရှင် ဖြစ်တဲ့အတွက် ကတိတည်ခဲ့ပါတယ်။

၉ “အီဂျစ်ပြည်မှာ ဘိုးဘေးတွေ ဒုက္ခရောက်တာကို ကိုယ်တော်မြင်တယ်။+ ပင်လယ်နီမှာ အော်ဟစ်အကူအညီတောင်းတာကိုလည်း ကြားတယ်။ ၁၀ ဖာရောနဲ့ မင်းမှုထမ်းတွေ၊ တိုင်းသူပြည်သားတွေက ကိုယ်တော့်လူမျိုးကို နှိပ်စက်မှန်း+ ကိုယ်တော်သိတဲ့အတွက် သူတို့ရှေ့မှာ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေ လုပ်ပြခဲ့တယ်။+ ဒီနည်းနဲ့ နာမတော်ကို ဒီနေ့အထိ ထင်ရှားစေခဲ့ပြီ။+ ၁၁ သူတို့ရှေ့မှာ ပင်လယ်ကို နှစ်ခြမ်းခွဲလိုက်တဲ့အတွက် ခြောက်သွေ့တဲ့မြေပေါ်မှာ သူတို့ ဖြတ်လျှောက်သွားကြတယ်။+ နောက်ကနေလိုက်လာတဲ့ ရန်သူတွေကိုတော့ ရေနက်ထဲ ပစ်ချခဲ့တယ်။ လှိုင်းထန်တဲ့ ပင်လယ်ထဲ ကျောက်တုံးကို ပစ်ချသလိုပါပဲ။+ ၁၂ နေ့အချိန်မှာ မိုးတိမ်တိုင်နဲ့ လမ်းပြပြီး ညအချိန်မှာ မီးတိုင်နဲ့ သူတို့သွားရမယ့်လမ်းကို အလင်းပေးတယ်။+ ၁၃ ဆိုင်းနိုင်းတောင်ပေါ်+ ကိုယ်တော်ဆင်းလာပြီး ကောင်းကင်ကနေ စကားပြောတယ်။+ ဖြောင့်မတ်တဲ့ တရားစီရင်ချက်တွေ၊ မှန်ကန်တဲ့ဥပဒေတွေ၊ ကောင်းမွန်တဲ့ စည်းမျဉ်းတွေနဲ့ ပညတ်ချက်တွေကို ပေးတယ်။+ ၁၄ ကိုယ်တော်ရဲ့ မြင့်မြတ်တဲ့ဥပုသ်နေ့ကို သိစေပြီး+ ကိုယ်တော့်ကျွန် မောရှေကတစ်ဆင့် ပညတ်ချက်တွေ၊ စည်းမျဉ်းတွေနဲ့ ပညတ်တရားကို ပေးခဲ့တယ်။ ၁၅ သူတို့ဆာလောင်တဲ့အခါ ကောင်းကင်ကနေ မုန့်ချပေးတယ်။+ ရေငတ်တဲ့အခါ ကျောက်ဆောင်ထဲကနေ ရေထွက်စေတယ်။+ သူတို့ကိုပေးမယ်လို့ ကျိန်ဆိုခဲ့တဲ့ပြည်ကို ဝင်ရောက်သိမ်းပိုက်ပါဆိုပြီး ကိုယ်တော်ပြောခဲ့တယ်။

၁၆ “ဒါပေမဲ့ ဘိုးဘေးတွေဟာအတင့်ရဲတဲ့လုပ်ရပ်တွေ လုပ်ပြီး+ ခေါင်းမာတယ်။+ ပညတ်ချက်တွေကို နားမထောင်ဘူး။ ၁၇ သူတို့မှာ နားထောင်ချင်စိတ် မရှိဘူး။+ ကိုယ်တော်လုပ်ပေးခဲ့တဲ့ ထူးဆန်းအံ့သြဖွယ် လုပ်ရပ်တွေကိုလည်း သတိမရတော့ဘဲ ခေါင်းမာတယ်။ ကျွန်ခံရာအီဂျစ်ပြည်ကို ပြန်ဖို့ ခေါင်းဆောင်တစ်ယောက်ကို ခန့်ထားတယ်။+ ဒါပေမဲ့ ကိုယ်တော်ဟာ ခွင့်လွှတ်ဖို့ အသင့်ရှိတဲ့ဘုရား၊ သနားစာနာပြီး ကရုဏာရှိတဲ့ဘုရား၊ ဒေါသထွက်နှေးပြီး ခိုင်မြဲတဲ့မေတ္တာ ကြွယ်ဝတဲ့ ဘုရားဖြစ်တာကြောင့်+ သူတို့ကို မစွန့်ပစ်ခဲ့ဘူး။+ ၁၈ နွားသငယ်ရုပ်တုကို သွန်းလုပ်ပြီးနောက် ‘ငါတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတာ ဒီဘုရားသခင်ပဲ’+ လို့ပြောပြီး မထီလေးစား လုပ်ရပ်တွေကို သူတို့ ကျူးလွန်ကြတာတောင်၊ ၁၉ ကိုယ်တော်ကတော့ ကြီးမားလှတဲ့ ကရုဏာကြောင့် သူတို့ကို တောကန္တာရမှာ မစွန့်ပစ်ခဲ့ဘူး။+ နေ့အချိန်မှာ လမ်းပြပေးတဲ့ မိုးတိမ်တိုင်ရော ညအချိန်မှာ သွားရမယ့်လမ်းကို အလင်းပေးတဲ့ မီးတိုင်ပါ သူတို့ပေါ်ကနေ မခွာခဲ့ဘူး။+ ၂၀ သူတို့ထိုးထွင်းသိမြင်နိုင်ဖို့ ကောင်းမြတ်တဲ့ စွမ်းအားတော်ကို ပေးတယ်။+ မန္နမုန့်မကျွေးဘဲ မနေခဲ့ဘူး။+ ရေငတ်တဲ့အခါ ရေပေးတယ်။+ ၂၁ တောကန္တာရမှာ နှစ်ပေါင်း ၄၀ လုံးလုံး အစာရေစာ ကျွေးမွေးခဲ့တယ်။+ သူတို့မှာ လိုလေသေးမရှိ ပြည့်စုံခဲ့တယ်။ အဝတ်တွေ မဟောင်းနွမ်းခဲ့ဘူး၊+ ခြေထောက်တွေလည်း မရောင်ခဲ့ဘူး။

၂၂ “ကိုယ်တော်က တိုင်းနိုင်ငံတွေနဲ့ လူမျိုးတွေကို သူတို့လက်ထဲ ပေးအပ်တယ်။ အဲဒီလူမျိုးတွေရဲ့ နယ်မြေကို အပိုင်းလိုက် ခွဲဝေပေးတယ်။+ ဒါကြောင့် ဟေရှဘုန်ဘုရင်+ ရှိဟုန်ရဲ့ပြည်၊+ ဗာရှန်ဘုရင် သြဂတ်ရဲ့ပြည်ကို+ သူတို့ သိမ်းပိုက်ခဲ့တယ်။ ၂၃ သူတို့ရဲ့သားသမီးတွေကို ကောင်းကင်ကြယ်တွေလို များပြားစေတယ်။+ အဲဒီနောက် ဘိုးဘေးတွေကို ကတိပေးခဲ့တဲ့ပြည်ကို ဝင်ရောက်သိမ်းပိုက်နိုင်ဖို့ အဲဒီပြည်ထဲ ခေါ်ဆောင်သွားတဲ့အတွက်၊+ ၂၄ သူတို့ရဲ့ သားသမီးတွေ ဝင်ရောက်သိမ်းပိုက်ခဲ့ကြတယ်။+ အဲဒီပြည်မှာနေထိုင်တဲ့ ခါနန်လူတွေကို သူတို့ရှေ့မှာပဲ ကိုယ်တော်နှိမ်နင်းခဲ့တယ်။+ အဲဒီလူမျိုးရဲ့ ဘုရင်တွေ၊ ပြည်သူပြည်သားတွေကို စိတ်တိုင်းကျလုပ်နိုင်အောင် သူတို့လက်ထဲ အပ်လိုက်တယ်။ ၂၅ သူတို့က ခံတပ်မြို့တွေနဲ့+ မြေသြဇာကောင်းတဲ့ပြည်ကို+ သိမ်းပိုက်တယ်။ ကောင်းမွန်ရာအမျိုးမျိုး ပြည့်နေတဲ့အိမ်၊ တူးပြီးသား ရေတွင်း၊ စပျစ်ခြံ၊ သံလွင်ခြံ၊+ လှိုင်လှိုင်သီးတဲ့ အပင်တွေကိုလည်း သိမ်းယူတယ်။ ဝဝလင်လင် စားသောက်ပြီး ဝဖြိုးလာကြတယ်။ ကိုယ်တော်ရဲ့ ကြီးမားလှတဲ့ ကောင်းမြတ်မှုကို ခံစားရတယ်။

၂၆ “ဒါပေမဲ့ သူတို့က ကိုယ်တော့်ကို မနာခံဘဲ ပုန်ကန်တယ်။+ ပညတ်တရားကို ကျောခိုင်းခဲ့တယ်။ ကိုယ်တော့်ဆီ ပြန်လှည့်လာဖို့ သတိပေးတဲ့ ပရောဖက်တွေကိုလည်း သတ်ပစ်တယ်။ မထီလေးစား လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်။+ ၂၇ ဒါကြောင့် ဒုက္ခပေးတဲ့ ရန်သူတွေလက်ထဲ သူတို့ကို ကိုယ်တော် အပ်လိုက်တယ်။+ သူတို့ဒုက္ခရောက်ချိန်မှာ အော်ဟစ်အကူအညီတောင်းတဲ့အခါ ကောင်းကင်ကနေ ကိုယ်တော်ကြားတယ်။ ကရုဏာကြီးမားလှတဲ့အတွက် ရန်သူလက်ကနေ ကယ်တင်မယ့်သူတွေကို ပေါ်ထွန်းစေတယ်။+

၂၈ “ဒါပေမဲ့ သူတို့သက်သာရာရတဲ့အခါ ရှေ့တော်မှာ မကောင်းတာတွေ ပြန်လုပ်တဲ့အတွက်+ သူတို့ကိုကြီးစိုးမယ့် ရန်သူတွေလက်ထဲ ကိုယ်တော် အပ်လိုက်တယ်။+ အဲဒီအခါ ကိုယ်တော့်ဆီ ပြန်လှည့်လာပြီး အော်ဟစ်အကူအညီတောင်းတော့+ ကောင်းကင်ကနေ ကြားတယ်။ ကရုဏာ ကြီးမားလှတဲ့အတွက် သူတို့ကို အကြိမ်ကြိမ် ကယ်တင်ခဲ့တယ်။+ ၂၉ ပညတ်တရားကို လိုက်နာဖို့ သတိပေးပေမဲ့ သူတို့က ပညတ်ချက်တွေကို နားမထောင်ဘဲ အတင့်ရဲတဲ့ လုပ်ရပ်တွေ လုပ်တယ်။+ ကိုယ်တော့် စီရင်ဆုံးဖြတ်ချက်တွေကို မလိုက်နာဘဲ ပြစ်မှားခဲ့ကြတယ်။ အဲဒီအတိုင်းသာ လိုက်နာမယ်ဆိုရင် အသက်ရှင်ကြမှာ။+ ဒါပေမဲ့ သူတို့ ကလန်ကဆန်လုပ်ပြီး ကျောခိုင်းကြတယ်။ ခေါင်းမာတဲ့အပြင် နားထောင်ချင်စိတ်လည်းမရှိဘူး။ ၃၀ သူတို့ကို နှစ်ပေါင်းများစွာ ကိုယ်တော် သည်းခံခဲ့တယ်။+ စွမ်းအားတော်ရထားတဲ့ ပရောဖက်တွေကတစ်ဆင့် အမြဲသတိပေးပေမဲ့ သူတို့ နားမထောင်ကြဘူး။ နောက်ဆုံးတော့ ပတ်ဝန်းကျင်လူမျိုးတွေလက်ထဲ အပ်လိုက်တယ်။+ ၃၁ ဒါပေမဲ့ ကရုဏာတော် ကြီးမားလှတဲ့အတွက် သူတို့ကို မစွန့်ပစ်ဘူး။ အစတုံး မဖျက်ဆီးခဲ့ဘူး။+ ကိုယ်တော်ဟာ သနားစာနာပြီး ကရုဏာရှိတဲ့ ဘုရားသခင် ဖြစ်လို့ပါပဲ။+

၃၂ “ဘုရားသခင်၊ ကိုယ်တော်ဟာ ကြီးမြတ်တဲ့အရှင်၊ တန်ခိုးကြီးပြီး ရိုသေခန့်ညားဖွယ်ကောင်းတဲ့ ဘုရားသခင်၊ ပဋိညာဉ်ကို တည်စေပြီး ခိုင်မြဲသောမေတ္တာပြတဲ့ အရှင်ပါ။+ အဆီးရီးယားဘုရင်တွေ လက်ထက်ကစပြီး+ အခုချိန်အထိ ကျွန်တော်တို့ရဲ့ ဘုရင်တွေ၊ မှူးမတ်တွေ၊+ ပုရောဟိတ်တွေ၊+ ပရောဖက်တွေ၊+ ဘိုးဘေးတွေနဲ့ ကိုယ်တော့်လူမျိုးတွေ ကြုံရတဲ့ ဆင်းရဲဒုက္ခကို အသေးအဖွဲလို့ သဘောမထားပါနဲ့။ ၃၃ ကျွန်တော်တို့ကို ကိုယ်တော် ပြစ်ဒဏ်ပေးတာ တရားပါတယ်။ ကိုယ်တော်က သစ္စာရှိရှိ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ကသာ မိုက်မိုက်မဲမဲ လုပ်ခဲ့တာပါ။+ ၃၄ ကျွန်တော်တို့ရဲ့ ဘုရင်တွေ၊ မှူးမတ်တွေ၊ ပုရောဟိတ်တွေ၊ ဘိုးဘေးတွေက ပညတ်တရားကို မလိုက်နာကြဘူး။ ကိုယ်တော့်ပညတ်ချက်တွေ၊ သတိပေးချက်တွေကိုလည်း အာရုံမစိုက်ကြဘူး။ ၃၅ သူတို့ရဲ့နိုင်ငံမှာ နေထိုင်ပြီး ကိုယ်တော်ပေးတဲ့ ကောင်းချီးတွေကို အလျှံပယ် ခံစားနေချိန်၊ ကျယ်ဝန်းပြီး မြေသြဇာကောင်းတဲ့ပြည်မှာ ရှိနေချိန်မှာတောင် ကိုယ်တော့်ကို ဝတ်မပြုကြဘူး။+ အကျင့်ဆိုးတွေကို မစွန့်ပစ်ဘူး။ ၃၆ ဒါကြောင့် အခုချိန်မှာ ကျွန်တော်တို့ဟာ ကျွန်တွေဖြစ်နေရပြီ။+ ပြည်ထွက်သီးနှံတွေ၊ ကောင်းမွန်တဲ့ အရာတွေကို စားသုံးဖို့ ဘိုးဘေးတွေကို ကိုယ်တော်ပေးခဲ့တဲ့ ပြည်မှာ ကျွန်တွေ ဖြစ်နေပါပြီ။ ၃၇ ကျွန်တော်တို့ရဲ့ အပြစ်ကြောင့် ကျွန်တော်တို့ကို အုပ်ချုပ်ဖို့ ကိုယ်တော်ခန့်ထားတဲ့ တိုင်းတစ်ပါးဘုရင်တွေက ဒီပြည်ထွက်သီးနှံတွေကို စားသုံးနေကြပြီ။+ သူတို့က ကျွန်တော်တို့ကိုရော တိရစ္ဆာန်တွေကိုပါ ကြိုက်သလို ခိုင်းစားနေတဲ့အတွက် အကြီးအကျယ် ဒုက္ခရောက်နေကြပါပြီ။

၃၈ “ဒါတွေအားလုံးကြောင့် ကျွန်တော်တို့က ကတိခံဝန်ချက်ကို ရေးသားပြီး+ မှူးမတ်တွေ၊ လေဝိအမျိုးသားတွေ၊ ပုရောဟိတ်တွေက တံဆိပ်ခတ်နှိပ်ကြတယ်။”+

၁၀ အဲဒီကတိခံဝန်ချက်ကို တံဆိပ်ခတ်သူတွေကတော့-+

ဟာခလိရဲ့သား ဘုရင်ခံ* နေဟမိ၊

ဇေဒကိ၊ ၂ စရာယ၊ အာဇရိ၊ ယေရမိ၊ ၃ ပါရှုရ၊ အာမရိ၊ မာလခိယ၊ ၄ ဟတ္တုတ်၊ ရှေဗနိ၊ မာလုတ်၊ ၅ ဟာရိမ်၊+ မေရမုတ်၊ သြဗဒိ၊ ၆ ဒံယေလ၊+ ဂိနေသုန်၊ ဗာရုတ်၊ ၇ မေရှုလံ၊ အဘိယ၊ မိယာမိန်၊ ၈ မာဇိ၊ ဗိလဂဲနဲ့ ရှေမာယတို့ ဖြစ်တယ်။ သူတို့ဟာ ပုရောဟိတ်တွေပဲ။

၉ လေဝိအမျိုးသားတွေကတော့– အာဇနိရဲ့သား ယေရွှာ၊ ဟေနဒဒ်ရဲ့ သားမြေးတွေမှာ ဗိနွိ၊ ကာဒမေလ၊+ ၁၀ ရှေဗနိ၊ ဟောဒိယ၊ ကေလိတ၊ ပေလာယ၊  ဟာနန်၊ ၁၁ မိက္ခာ၊ ရဟောဘ၊ ဟာရှဘိ၊ ၁၂ ဇက္ကုရ၊ ရှေရဘိ၊+ ရှေဗနိ၊ ၁၃ ဟောဒိယ၊ ဗာနိ၊ ဗေနိနုတို့ ဖြစ်တယ်။

၁၄ ခေါင်းဆောင်တွေကတော့– ပါရုတ်၊ ပါဟတ်မောဘ၊+ ဧလံ၊ ဇတ်တု၊ ဗာနိ၊ ၁၅ ဗုနိ၊ အာဇဂဒ်၊ ဗေဗဲ၊ ၁၆ အဒေါနိယ၊ ဗိဂဝဲ၊ အာဒိန်၊ ၁၇ အာတာ၊ ဟေဇကိ၊ အာဇုရ၊ ၁၈ ဟောဒိယ၊ ဟာရှုံ၊ ဗေဇဲ၊ ၁၉ ဟာရိပ်၊ အာနသုတ်၊ နေဗဲ၊ ၂၀ မာဂပျာရှ၊ မေရှုလံ၊ ဟေဇိရ၊ ၂၁ မေရှဇဗေလ၊ ဇာဒုတ်၊ ယာဒွါ၊ ၂၂ ပေလတိ၊ ဟာနန်၊ အာနယ၊ ၂၃ ဟောရှာ၊ ဟာနနိ၊ ဟာရှုပ်၊ ၂၄ ဟာလောဟတ်၊ ပိလဟ၊ ရှောဗ၊ ၂၅ ရေဟုံ၊ ဟာရှဗန၊ မာသေယ၊ ၂၆ အဟိယ၊ ဟာနန်၊ အာနန်၊ ၂၇ မာလုတ်၊ ဟာရိမ်၊ ဗာနာတို့ဖြစ်တယ်။

၂၈ ကျန်တဲ့သူတွေဖြစ်တဲ့ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေ၊ တံခါးစောင့်တွေ၊ သီချင်းသည်တွေ၊ ဗိမာန်တော်ကျွန်တွေ၊* စစ်မှန်တဲ့ ဘုရားသခင်ရဲ့ ပညတ်ကို လိုက်နာနိုင်ဖို့ ပတ်ဝန်းကျင်လူမျိုးတွေနဲ့ ကင်းကင်းရှင်းရှင်း နေသူတွေ၊+ သူတို့ရဲ့ သားမယားတွေ၊ သိနားလည်နိုင်တဲ့ အရွယ်ရှိသူ အားလုံးဟာ၊ ၂၉ သူတို့ရဲ့ ညီအစ်ကိုတွေဖြစ်တဲ့ အထင်ကရပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းပြီးနောက် စစ်မှန်တဲ့ ဘုရားသခင်ရဲ့ကျွန် မောရှေကတစ်ဆင့်ပေးခဲ့တဲ့ ပညတ်အတိုင်း လိုက်လျှောက်ဖို့၊ ယေဟောဝါဘုရားရဲ့ ပညတ်ချက်၊ တရားစီရင်ချက်၊ စည်းမျဉ်းတွေ အားလုံးကို ဂရုတစိုက် လိုက်နာဖို့ သစ္စာဆိုကြတယ်။ ဒီကတိသစ္စာကို ချိုးဖောက်ရင်တော့ ကျိန်စာသင့်လိမ့်မယ်။ ၃၀ ကျွန်တော်တို့က ကိုယ့်သမီးတွေကို ပတ်ဝန်းကျင်လူမျိုးတွေနဲ့ မပေးစားတော့ဘူး။ ကိုယ့်သားတွေကိုလည်း သူတို့ရဲ့သမီးတွေနဲ့ မပေးစားတော့ဘူး။+

၃၁ ဥပုသ်နေ့မှာ ပတ်ဝန်းကျင်လူမျိုးတွေက ကုန်ပစ္စည်းတွေနဲ့ ကောက်နှံမျိုးစုံကို ရောင်းဖို့ယူလာတဲ့အခါ ဥပုသ်နေ့မှာဖြစ်စေ၊+ သန့်ရှင်းမြင့်မြတ်တဲ့နေ့မှာဖြစ်စေ+ သူတို့ဆီကနေ ကျွန်တော်တို့ ဘာမှမဝယ်ဘူး။ ခုနစ်နှစ်မြောက်မှာ မြေကိုအနားပေးမယ့်အပြင်+ မရသေးတဲ့ အကြွေးတွေကိုလည်း မတောင်းတော့ဘူး။+

၃၂ ဒါ့အပြင် ကျွန်တော်တို့အားလုံး နှစ်စဉ် တစ်ယောက်ကို တစ်ရှယ်ကယ်* ရဲ့သုံးပုံတစ်ပုံကို မပျက်မကွက် ပေးလှူမယ်။ အဲဒီငွေဟာ ဘုရားသခင်ရဲ့အိမ်တော် လုပ်ငန်းအတွက်၊+ ၃၃ ဥပုသ်နေ့နဲ့+ လဆန်းနေ့မှာ+ ဆက်သဖို့ အဆင့်ဆင့်စီထားတဲ့မုန့်၊*+ ပုံမှန်ကောက်နှံအလှူနဲ့+ ပုံမှန်မီးရှို့ရာအလှူတွေအတွက်၊ ရာသီပွဲတော်တွေ၊+ သန့်ရှင်းမြင့်မြတ်ရာတွေ၊ အစ္စရေးတွေရဲ့ အပြစ်ကို ဖြေပေးဖို့ အပြစ်ဖြေရာအလှူတွေအတွက်၊+ ဘုရားသခင့်အိမ်တော်လုပ်ငန်း အားလုံးအတွက် ဖြစ်တယ်။

၃၄ ဒါ့အပြင် ပညတ်ကျမ်းမှာ ရေးထားတဲ့အတိုင်း နှစ်စဉ် သတ်မှတ်ထားချိန်မှာ ယေဟောဝါဘုရားရဲ့ အိမ်တော်ထဲက ပူဇော်ရာပလ္လင်အတွက် လိုအပ်တဲ့ထင်းတွေကို ဘယ်ဆွေမျိုးစု ယူလာရမယ်ဆိုတာ သိနိုင်ဖို့ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေနဲ့ လူတွေကို ကျွန်တော်တို့ မဲချပြီးဆုံးဖြတ်တယ်။+ ၃၅ ကျွန်တော်တို့ပြည်ကထွက်တဲ့ သီးဦးသီးဖျား အမှည့်တွေနဲ့ ပေါ် ဦးပေါ်ဖျား သစ်သီးအမှည့်အမျိုးမျိုးကို ယေဟောဝါရဲ့ အိမ်တော်ဆီ နှစ်တိုင်း ယူလာမယ်။+ ၃၆ ကျွန်တော်တို့ရဲ့ သားဦးတွေ၊ သိုးနွားတိရစ္ဆာန် သားဦးတွေကို+ ပညတ်ကျမ်းမှာ ရေးထားတဲ့အတိုင်း ဘုရားသခင့်အိမ်တော်ဆီ၊ အိမ်တော်မှာ အမှုဆောင်နေတဲ့ ပုရောဟိတ်တွေဆီ ယူလာမယ်။+ ၃၇ ပြီးတော့ သီးဦးသီးဖျား ဂျုံကြမ်းတွေ၊+ အလှူပစ္စည်းတွေ၊ သစ်သီးအမျိုးမျိုး၊+ စပျစ်ဝိုင်အသစ်နဲ့ ဆီကို+ ဘုရားသခင့်အိမ်တော်ရဲ့ သိုလှောင်ခန်းတွေမှာရှိတဲ့ ပုရောဟိတ်တွေဆီ ယူလာမယ်။+ ထွန်ယက်စိုက်ပျိုးတဲ့ မြို့တိုင်းမှာ ဆယ်ဖို့တစ်ဖို့ ကောက်ခံကြတဲ့ လေဝိအမျိုးသားတွေဆီ ကျွန်တော်တို့ရဲ့ မြေထွက်သီးနှံ ဆယ်ဖို့တစ်ဖို့ကို ယူလာမယ်။+

၃၈ လေဝိအမျိုးသားတွေ ဆယ်ဖို့တစ်ဖို့ ကောက်ခံတဲ့အခါ အာရုန်အမျိုး ပုရောဟိတ်တွေ အနားမှာ ရှိရမယ်။ လေဝိအမျိုးသားတွေက ဆယ်ဖို့တစ်ဖို့ထဲကနေ  ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင့်အိမ်တော်ဆီ၊+ သိုလှောင်ရုံထဲက အခန်းတွေဆီ ယူလာရမယ်။ ၃၉ အစ္စရေးတွေနဲ့ လေဝိအမျိုးသားတွေက အလှူပစ္စည်းဖြစ်တဲ့+ ကောက်နှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကို+ သိုလှောင်ခန်းတွေဆီ ယူလာရမယ်။ အဲဒီမှာ သန့်ရှင်းရာဌာနတော်ရဲ့ အသုံးအဆောင်ပစ္စည်းတွေအပြင် အမှုဆောင်နေတဲ့ ပုရောဟိတ်တွေ၊ တံခါးစောင့်တွေနဲ့ သီချင်းသည်တွေလည်း ရှိနေတယ်။ ဘုရားသခင်ရဲ့ အိမ်တော်ကို ကျွန်တော်တို့ပစ်ထားမှာ မဟုတ်ဘူး။+

၁၁ အဲဒီအချိန်မှာ အစ္စရေးခေါင်းဆောင်တွေက ဂျေရုဆလင်မြို့မှာ နေထိုင်တယ်။+ ကျန်တဲ့လူတွေထဲက ဆယ်အိမ်ထောင်မှာ တစ်အိမ်ထောင်ဟာ သန့်ရှင်းတဲ့ ဂျေရုဆလင်မြို့မှာနေပြီး ကျန်တဲ့ကိုးအိမ်ထောင်ကတော့ တခြားမြို့တွေမှာနေဖို့ မဲချပြီး+ ဆုံးဖြတ်ကြတယ်။ ၂ ဂျေရုဆလင်မြို့မှာ ဆန္ဒအလျောက် သွားနေထိုင်သူတွေကိုလည်း ဆုမွန်ကောင်း တောင်းပေးကြတယ်။

၃ ယုဒခရိုင်ဝန်တွေက ဂျေရုဆလင်မြို့မှာ နေထိုင်တယ်။ (ကျန်တဲ့အစ္စရေးတွေ၊ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေ၊ ဗိမာန်တော်ကျွန်တွေနဲ့*+ ရှောလမုန်ကျွန်တွေရဲ့ သားမြေးတွေကတော့+ တခြားယုဒမြို့တွေမှာ၊ ကိုယ့်မြို့ကိုယ့်ရွာမှာ နေထိုင်ကြတယ်။+

၄ ယုဒနဲ့ ဗင်ယာမိန်အမျိုးသား တချို့လည်း ဂျေရုဆလင်မြို့မှာ နေထိုင်တယ်။) ယုဒအနွယ်မှာ ဖာရက်မိသားစုထဲက+ အသာယ (အသာယရဲ့ဖခင်က ဩဇိ၊ သြဇိရဲ့ဖခင်က ဇာခရိ၊ ဇာခရိရဲ့ဖခင်က အာမရိ၊ အာမရိရဲ့ဖခင်က ရှေဖတိ၊ ရှေဖတိရဲ့ဖခင်က မဟာလေလ)၊ ၅ ရှေလ,မိသားစုထဲက မာသေယ (မာသေယရဲ့ဖခင်က ဗာရုတ်၊ ဗာရုတ်ရဲ့ဖခင်က ကောလဟောဇ၊ ကောလဟောဇရဲ့ဖခင်က ဟဇာယ၊ ဟဇာယရဲ့ဖခင်က အဒါယ၊ အဒါယရဲ့ဖခင်က ယောယရိပ်၊ ယောယရိပ်ရဲ့ဖခင်က ဇာခရိ)၊ ၆ ဖာရက်ရဲ့သားမြေးထဲက လုပ်ရည်ကိုင်ရည်ရှိသူ ၄၆၈ ယောက်တို့က ဂျေရုဆလင်မြို့မှာ နေထိုင်ကြတယ်။

၇ ဗင်ယာမိန် အမျိုးသားတွေထဲမှာ စာလု+ (စာလုရဲ့ဖခင်က မေရှုလံ၊ မေရှုလံရဲ့ဖခင်က ယောဒဒ်၊ ယောဒဒ်ရဲ့ဖခင်က ပေဒါယ၊ ပေဒါယရဲ့ဖခင်က ကောလာယ၊ ကောလာယရဲ့ဖခင်က မာသေယ၊ မာသေယရဲ့ဖခင်က အိသေလ၊ အိသေလရဲ့ဖခင်က ယေရှာယ)။ ၈ ပြီးတော့ ဂါဗဲနဲ့စာလဲအမျိုး စုစုပေါင်း ၉၂၈ ယောက်လည်း ပါတယ်။ ၉ ဇိခရိရဲ့သား ယောလက ကြီးကြပ်ရေးမှူးဖြစ်ပြီး ဟာသေနွာရဲ့သား ယုဒက လက်ထောက်မြို့အုပ်ဖြစ်တယ်။

၁၀ ပုရောဟိတ်တွေထဲမှာ ယောယရိပ်ရဲ့သား ယေဒါယ၊ ယာခိန်၊+ ၁၁ ဘုရားသခင့် အိမ်တော်ခေါင်းဆောင် စရာယ (စရာယရဲ့ဖခင်က ဟိလခိ၊ ဟိလခိရဲ့ဖခင်က မေရှုလံ၊ မေရှုလံရဲ့ဖခင်က ဇာဒုတ်၊ ဇာဒုတ်ရဲ့ဖခင်က မေရာယုတ်၊ မေရာယုတ်ရဲ့ဖခင်က အဟိတုပ်+)၊ ၁၂ အိမ်တော်မှာ အလုပ်လုပ်တဲ့ သူတို့ညီအစ်ကို ၈၂၂ ယောက်၊ အဒါယ (အဒါယရဲ့ဖခင်က ယေရောဟံ၊ ယေရောဟံရဲ့ဖခင်က ပေလလိ၊ ပေလလိရဲ့ဖခင်က အံဇိ၊ အံဇိရဲ့ဖခင်က ဇာခရိ၊ ဇာခရိရဲ့ဖခင်က ပါရှုရ၊+ ပါရှုရရဲ့ဖခင်က မာလခိယ)၊ ၁၃ သူ့ညီအစ်ကို ဆွေမျိုးစုခေါင်းဆောင် ၂၄၂ ယောက်၊ အာမရှဲ (အာမရှဲရဲ့ဖခင်က အာဇာရေလ၊ အာဇာရေလရဲ့ဖခင်က အာဇိ၊ အာဇိရဲ့ဖခင်က မေရှိလမုတ်၊ မေရှိလမုတ်ရဲ့ဖခင်က အိမေရ)၊ ၁၄ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ သူတို့ရဲ့ညီအစ်ကို ၁၂၈ ယောက်ရှိတယ်။ ကြီးကြပ်ရေးမှူးကတော့ ဆွေကြီးမျိုးကြီးထဲက ဇာဗဒေလဖြစ်တယ်။

၁၅ လေဝိအမျိုးသားတွေထဲမှာ ဗုနိရဲ့တီ၊ ဟာရှဘိရဲ့မြစ်၊ အာဇရိကံရဲ့မြေး၊ ဟာရှုပ်ရဲ့သား ရှေမာယ၊+ ၁၆ ဘုရားသခင့်အိမ်တော် အပြင်ပိုင်းလုပ်ငန်းတွေကို ကြီးကြပ်ရတဲ့ လေဝိအမျိုးသား ခေါင်းဆောင်တွေထဲက ရှဗေသဲနဲ့+ ယောဇဗတ်၊+ ၁၇ အာသပ်ရဲ့မြစ်၊+ ဇာဗဒိရဲ့မြေး၊ မိက္ခာရဲ့သား ဂီတမှူး မသနိနဲ့+ လက်ထောက် ဗာဗုကိ၊ ယေဒုသုန်ရဲ့မြစ်၊+ ဂါလာရဲ့မြေး၊ ရှမွာရဲ့သား အာဗဒတို့ဖြစ်တယ်။ မသနိက ဆုတောင်းတဲ့အခါ ကျေးဇူးတင်ချီးမွမ်းတဲ့သီချင်းကို ဦးဆောင်သီဆိုသူလည်း+ ဖြစ်တယ်။ ၁၈ သန့်ရှင်းတဲ့မြို့မှာနေထိုင်သူ လေဝိအမျိုးသား စုစုပေါင်း ၂၈၄ ယောက်ရှိတယ်။

၁၉ တံခါးစောင့်တွေကတော့ အက္ကုပ်၊ တာလမုန်နဲ့+ သူတို့ညီအစ်ကို ၁၇၂ ယောက်ရှိတယ်။

၂၀ ကျန်တဲ့အစ္စရေးတွေ၊ ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေက ကိုယ်အမွေရထားတဲ့ တခြားယုဒမြို့တွေမှာ နေထိုင်ကြတယ်။ ၂၁ ဗိမာန်တော်ကျွန်တွေက*+ သြဖေလအရပ်မှာ+ နေထိုင်ကြတယ်။ ဇိဟနဲ့ ဂိသပက သူတို့ကို ကြီးကြပ်တယ်။

၂၂ ဂျေရုဆလင်မြို့မှာ နေထိုင်တဲ့ လေဝိအမျိုးသားတွေရဲ့ ကြီးကြပ်ရေးမှူးကတော့ သီချင်းသည် အာသပ်ကနေ ဆင်းသက်လာတဲ့ သြဇေဖြစ်တယ်။ သြဇေရဲ့ဖခင်က ဗာနိ၊ ဗာနိရဲ့ဖခင်က ဟာရှဘိ၊ ဟာရှဘိရဲ့ဖခင်က မသနိ၊+ မသနိရဲ့ဖခင်က မိက္ခာ။ သြဇေက ဘုရားသခင်ရဲ့ အိမ်တော်လုပ်ငန်းကိုလည်း ကြီးကြပ်ရတယ်။ ၂၃ သီချင်းသည်တွေ လိုအပ်တဲ့ရိက္ခာကို နေ့စဉ်ပေးရမယ်ဆိုပြီး အမိန့်တော် ထုတ်ပြန်ထားတယ်။+ ၂၄ ယုဒအနွယ် ဇေရရဲ့မြေး၊ မေရှဇဗေလရဲ့သား ပေသဟိက လူတွေရဲ့ အရေးကိစ္စအားလုံးအတွက် ဘုရင်ကို အကြံပေးရတဲ့သူဖြစ်တယ်။

၂၅ ပတ်ဝန်းကျင် နယ်မြေအပါအဝင် မြို့ရွာတွေရဲ့ စာရင်းကတော့ ကိရယအာဘမြို့နဲ့+ ပတ်ဝန်းကျင်မြို့ငယ်တွေ၊ ဒိဘုန်မြို့နဲ့ ပတ်ဝန်းကျင်မြို့ငယ်တွေ၊ ယေကပ်ဇေလမြို့နဲ့+ ကျေးရွာတွေမှာ ယုဒလူတချို့ နေထိုင်ကြတယ်။ ၂၆ ယေရွှာမြို့၊ မောလဒမြို့၊+ ဗက်ပါလက်မြို့၊+ ၂၇ ဟာဇာရှုအာမြို့၊+ ဗေရရှေဘမြို့နဲ့ ပတ်ဝန်းကျင်မြို့ငယ်တွေ၊ ၂၈ ဇိကလတ်မြို့၊+ မေကောနမြို့နဲ့ ပတ်ဝန်းကျင်မြို့ငယ်တွေ၊ ၂၉ အင်ရိမုန်မြို့၊+ ဇောရာမြို့၊+ ယာမုတ်မြို့၊ ၃၀ ဇာနောမြို့၊+ အဒုလံမြို့နဲ့ ကျေးရွာတွေ၊ လာခိရှမြို့နဲ့+ နယ်မြေတွေ၊ အဇေကာမြို့နဲ့+ ပတ်ဝန်းကျင်မြို့ငယ်တွေမှာလည်း နေထိုင်တယ်။ ဗေရရှေဘမြို့ကနေ ဟိန်နုံချိုင့်ဝှမ်းအထိ+ အခြေချနေထိုင်ကြတယ်။

၃၁ ဗင်ယာမိန်အမျိုးသားတွေက ဂေဘမြို့၊+ မိတ်မတ်မြို့၊ အာအိယမြို့၊ ဗေသလမြို့နဲ့+ ပတ်ဝန်းကျင်မြို့ငယ်တွေ၊ ၃၂ အာနသုတ်မြို့၊+ နောဗမြို့၊+ အာနနိယမြို့၊ ၃၃ ဟာဇော်မြို့၊ ရာမမြို့၊+ ဂိတိမ်အရပ်၊ ၃၄ ဟာဒိမြို့၊ ဇေဘိုင်မြို့၊ နေဗလတ်အရပ်၊ ၃၅ လောဒမြို့နဲ့ လက်မှုပညာသည်ချိုင့်ဝှမ်းဖြစ်တဲ့ သြနောမြို့မှာ+ နေထိုင်ကြတယ်။ ၃၆ ယုဒနယ်မြေမှာ နေထိုင်ခဲ့ရတဲ့ လေဝိအမျိုးသားအုပ်စုတချို့က ဗင်ယာမိန်နယ်မြေမှာ နေထိုင်ရတယ်။

၁၂ ရှာလသေလရဲ့သား+ ဇေရုဗဗေလ၊+ ယေရွှာတို့နဲ့အတူ+ ဂျေရုဆလင်မြို့ကို ပြန်လာတဲ့ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေကတော့– စရာယ၊ ယေရမိ၊ ဧဇရ၊ ၂ အာမရိ၊ မာလုတ်၊ ဟတ္တုတ်၊ ၃ ရှေခနိ၊ ရေဟုံ၊ မေရမုတ်၊ ၄ အိဒေါ၊ ဂိနေသို၊ အဘိယ၊ ၅ မိယာမိန်၊ မာဒိယ၊ ဗိလဂ၊ ၆ ရှေမာယ၊ ယောယရိပ်၊ ယေဒါယ၊ ၇ စာလု၊ အာမောက်၊ ဟိလခိ၊ ယေဒါယတို့ဖြစ်တယ်။ သူတို့ဟာ ယေရွှာလက်ထက်မှာ သူတို့ညီအစ်ကိုတွေနဲ့ ပုရောဟိတ်တွေရဲ့ ခေါင်းဆောင်တွေပဲ။

၈ လေဝိအမျိုးသားတွေကတော့ ယေရွှာ၊ ဗိနွိ၊ ကာဒမေလ၊+ ရှေရဘိ၊ ယုဒနဲ့ မသနိ။+ မသနိက ညီအစ်ကိုတွေနဲ့အတူ ကျေးဇူးတင်ချီးမွမ်းသီချင်းတွေကို ဦးဆောင်သီဆိုသူဖြစ်တယ်။ ၉ သူတို့ညီအစ်ကိုတွေဖြစ်တဲ့ ဗာဗုကိနဲ့ ဥနိက မျက်နှာချင်းဆိုင်မှာ ရပ်ပြီး စောင့်ကြပ်ရတယ်။* ၁၀ ယေရွှာရဲ့သားက ယောယကိမ်၊ ယောယကိမ်ရဲ့သားက ဧလျာရှိပ်၊+ ဧလျာရှိပ်ရဲ့သားက ယောယဒ၊+ ၁၁ ယောယဒရဲ့သားက ယောနသန်၊ ယောနသန်ရဲ့သားက ယာဒွါဖြစ်တယ်။

၁၂ ယောယကိမ် လက်ထက်မှာရှိတဲ့ ပုရောဟိတ်တွေ၊ ဆွေမျိုးစုခေါင်းဆောင်တွေကတော့– စရာယဆွေမျိုးစုမှာ+ မေရာယ၊ ယေရမိဆွေမျိုးစုမှာ ဟာနနိ၊ ၁၃ ဧဇရဆွေမျိုးစုမှာ+ မေရှုလံ၊ အာမရိဆွေမျိုးစုမှာ ယေဟောဟနန်၊ ၁၄ မာလုတ်ကိဆွေမျိုးစုမှာ ယောနသန်၊ ရှေဗနိဆွေမျိုးစုမှာ ယောသပ်၊ ၁၅ ဟာရိမ်ဆွေမျိုးစုမှာ+ အာဒန၊ မေရာယုတ်ဆွေမျိုးစုမှာ ဟေလကဲ၊ ၁၆ အိဒေါဆွေမျိုးစုမှာ ဇာခရိ၊ ဂိနေသုန်ဆွေမျိုးစုမှာ မေရှုလံ၊ ၁၇ အဘိယဆွေမျိုးစုမှာ+ ဇိခရိ၊ မိညာမိန်ဆွေမျိုးစုမှာ . . .၊* မောဒါဆွေမျိုးစုမှာ ပိလတဲ၊ ၁၈ ဗိလဂဆွေမျိုးစုမှာ+ ရှမွာ၊ ရှေမာယဆွေမျိုးစုမှာ ယေဟောနသန်၊ ၁၉ ယောယရိပ်ဆွေမျိုးစုမှာ မာတနဲ၊ ယေဒါယဆွေမျိုးစုမှာ+ ဩဇေ၊ ၂၀ စာလဲဆွေမျိုးစုမှာ ကာလဲ၊ အာမောက်ဆွေမျိုးစုမှာ ဧဗာ၊ ၂၁ ဟိလခိဆွေမျိုးစုမှာ ဟာရှဘိ၊ ယေဒါယဆွေမျိုးစုမှာ နာသနေလတို့ဖြစ်တယ်။

၂၂ ဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်နဲ့ ယာဒွါ+ တို့လက်ထက်မှာ ဆွေမျိုးစုခေါင်းဆောင်တွေဖြစ်တဲ့ လေဝိအမျိုးသားတွေကိုရော ပုရောဟိတ်တွေကိုပါ ပါးရှားဘုရင် ဒါရိလက်ထက်အထိ စာရင်းသွင်းထားတယ်။

၂၃ လေဝိအမျိုးသား ဆွေမျိုးစုခေါင်းဆောင်တွေကို ဧလျာရှိပ်ရဲ့သား ယောဟနန်လက်ထက်အထိ သမိုင်းမှတ်တမ်းမှာ စာရင်းသွင်းထားတယ်။ ၂၄ လေဝိအမျိုးသား ခေါင်းဆောင်တွေကတော့ ဟာရှဘိ၊ ရှေရဘိ၊ ကာဒမေလရဲ့သား+ ယေရွှာ+ တို့ဖြစ်တယ်။ သူတို့ညီအစ်ကိုတွေဟာ မျက်နှာချင်းဆိုင်မှာ ရပ်ပြီး ဘုရားသခင့်လူဒါဝိဒ်ရဲ့ ညွှန်ကြားချက်အတိုင်း ကျေးဇူးတင်ချီးမွမ်းတဲ့ သီချင်းကို သီဆိုရတယ်။+ အစောင့်အုပ်စုတွေက တစ်စုနဲ့တစ်စု ဘေးချင်းယှဉ်ပြီး စောင့်ကြပ်နေရတယ်။ ၂၅ မသနိ၊+ ဗာဗုကိ၊ သြဗဒိ၊ မေရှုလံ၊ တာလမုန်၊ အက္ကုပ်တို့ဟာ+ ဗိမာန်တော်တံခါးနားက သိုလှောင်ရုံတွေကို စောင့်ကြပ်တဲ့ တံခါးစောင့်တွေ+ ဖြစ်တယ်။ ၂၆ သူတို့ဟာ ယောဇဒက်ရဲ့မြေး၊ ယေရွှာရဲ့သား+ ယောယကိမ်လက်ထက်၊ ဘုရင်ခံနေဟမိနဲ့ ကျမ်းကူးသူ ပုရောဟိတ်ဧဇရတို့+ လက်ထက်မှာ အမှုဆောင်သူတွေဖြစ်တယ်။

၂၇ ဂျေရုဆလင်မြို့ရိုးအပ်နှံပွဲ ကျင်းပချိန်ရောက်တဲ့အခါ လင်းကွင်း၊ ကြိုးတပ်တူရိယာ၊ စောင်းတွေ တီးခတ်ပြီး ကျေးဇူးတင်ချီးမွမ်းတဲ့ သီချင်းတွေကို ဝမ်းမြောက်စွာ သီဆိုနိုင်ဖို့+ လေဝိအမျိုးသားတွေကို ရှာပြီး သူတို့နေရာအရပ်ရပ်ကနေ ဂျေရုဆလင်မြို့ဆီ ခေါ်လာတယ်။ ၂၈ သီချင်းသည်တွေက အနီးအနားခရိုင်ကနေ၊ ဂျေရုဆလင်မြို့ဝန်းကျင် အရပ်ရပ်ကနေ၊ နေတောဖကျေးရွာတွေကနေ၊+ ၂၉ ဗက်ဂိလဂါလမြို့၊+ ဂေဘမြို့နဲ့+ အာဇမာဝက်မြို့ရဲ့+ ကျေးလက်ဒေသကနေ စုရုံးလာတယ်။ သီချင်းသည်တွေက ဂျေရုဆလင်မြို့ပတ်ဝန်းကျင် အရပ်ရပ်မှာ ရွာတွေတည်ထားကြတယ်။ ၃၀ ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေက ကိုယ်ကိုသန့်ရှင်းစေကြတယ်။ လူတွေ၊+ မြို့တံခါးတွေနဲ့+ မြို့ရိုးကိုလည်း+ သန့်ရှင်းစေကြတယ်။

၃၁ အဲဒီနောက် ယုဒခေါင်းဆောင်တွေကို မြို့ရိုးပေါ် ကျွန်တော်ခေါ်သွားတယ်။ ဒါ့အပြင် ကျေးဇူးတင်ချီးမွမ်းတဲ့ တေးသံစုံအဖွဲ့နဲ့ နောက်ကနေ စီတန်းလှည့်လည်တဲ့အဖွဲ့ကို နှစ်ဖွဲ့ ခွဲလိုက်တယ်။ တစ်ဖွဲ့က ပြာပုံတံခါးဆီ+ ဦးတည်ပြီး မြို့ရိုးပေါ်မှာ လက်ယာရစ် လှည့်သွားတယ်။ ၃၂ ဟောရှာယနဲ့ ယုဒခေါင်းဆောင်တစ်ဝက်က နောက်ကနေလိုက်တယ်။ ၃၃ အာဇရိ၊ ဧဇရ၊ မေရှုလံ၊ ၃၄ ယုဒ၊ ဗင်ယာမိန်၊ ရှေမာယ၊ ယေရမိလည်း ပါတယ်။ ၃၅ ခရာမှုတ်ပြီး+ နောက်ကနေလိုက်တဲ့ ပုရောဟိတ်တချို့ကတော့ ယောနသန်ရဲ့သား ဇာခရိနဲ့ (ယောနသန်ရဲ့အဖေက ရှေမာယ၊ ရှေမာယရဲ့အဖေက မသနိ၊ မသနိရဲ့အဖေက မိက္ခာယ၊ မိက္ခာယရဲ့အဖေက ဇက္ကုရ၊ ဇက္ကုရရဲ့အဖေက အာသပ်)၊+ ၃၆ သူ့ညီအစ်ကိုတွေဖြစ်တဲ့ ရှေမာယ၊ အာဇာရေလ၊ မိလလဲ၊ ဂိလလဲ၊ မာအိ၊ နာသနေလ၊ ယုဒ၊ ဟာနေနိတို့ဖြစ်တယ်။ ဘုရားသခင့်လူဒါဝိဒ်ရဲ့ တူရိယာတွေ တီးမှုတ်ပြီး သူတို့လိုက်ကြတယ်။+ ကျမ်းကူးသူ ဧဇရက+ သူတို့ရှေ့ကနေ သွားတယ်။ ၃၇ စမ်းရေတွင်းတံခါးကို+ သူတို့ရောက်လာတဲ့အခါ ဒါဝိဒ်မြို့ရဲ့+ လှေကားကို ဖြတ်ပြီး+ မြို့ရိုးအတက်လမ်းအတိုင်း ဒါဝိဒ်ရဲ့နန်းတော် အထက်ဘက်ကို တည့်တည့်တက်သွားတယ်။ ပြီးတော့ အရှေ့ဘက်မှာရှိတဲ့ ရေတံခါးဆီ+ ဆက်သွားကြတယ်။

၃၈ ကျေးဇူးတင်ချီးမွမ်းတဲ့တေးသံစုံ နောက်တစ်ဖွဲ့က မြို့ရိုးပေါ်မှာလက်ဝဲရစ် လှည့်သွားတယ်။ ကျွန်တော်နဲ့ ကျန်တဲ့လူတွေက နောက်ကနေလိုက်တယ်။ မုန့်ဖိုမျှော်စင်ကို+ ဖြတ်ပြီး မြို့ရိုးကျယ်အထိ+ ဆက်သွားတယ်။ ၃၉ ပြီးတော့ ဧဖရိမ်တံခါးကို+ ဖြတ်ပြီး မြို့ဟောင်းတံခါး၊+ ငါးတံခါး၊+ ဟာနနေလမျှော်စင်၊+ မေအာမျှော်စင်၊ သိုးတံခါးအထိ+ ဆက်သွားတယ်။ အစောင့်တံခါးကို ရောက်တဲ့အခါ ရပ်နေကြတယ်။

၄၀ အဲဒီနောက် ကျေးဇူးတင်ချီးမွမ်းတဲ့ တေးသံစုံအဖွဲ့ နှစ်ဖွဲ့စလုံး ရောက်လာပြီး ဘုရားသခင့်အိမ်တော်ရှေ့မှာ ရပ်နေကြတယ်။ ကျွန်တော်နဲ့ အုပ်ချုပ်ရေးမှူးတစ်ဝက်လည်း ပါတယ်။ ၄၁ ခရာမှုတ်သူ ပုရောဟိတ်တွေဖြစ်တဲ့ ဧလျာကိမ်၊ မာသေယ၊ မိညာမိန်၊ မိက္ခာယ၊ ဧလိသြနဲ၊ ဇာခရိ၊ ဟာနနိ၊ ၄၂ မာသေယ၊ ရှေမာယ၊ ဧလာဇာ၊ ဩဇေ၊ ယေဟောဟနန်၊ မာလခိယ၊ ဧလံ၊ ဧဇာတို့လည်း ပါတယ်။ အိဇရဟိ ဦးဆောင်တဲ့ သီချင်းသည်တွေက ကျယ်လောင်စွာ သီဆိုကြတယ်။

၄၃ အဲဒီနေ့မှာ ပူဇော်သက္ကာတွေ အများကြီးဆက်သကြတယ်။ ဘုရားသခင်က ဝမ်းမြောက်ခွင့်ပေးတဲ့အတွက် သူတို့ အကြီးအကျယ် ရွှင်လန်းဝမ်းမြောက်ကြတယ်။+ အမျိုးသမီးတွေ၊ ကလေးတွေလည်း ပျော်ရွှင်နေကြတယ်။+ ဂျေရုဆလင်မြို့မှာ ရွှင်လန်းဝမ်းမြောက်နေတဲ့ အသံကို အဝေးကြီးကတောင် ကြားရတယ်။+

၄၄ အလှူပစ္စည်းတွေ၊+ သီးဦးသီးဖျားတွေ၊+ ဆယ်ဖို့တစ်ဖို့တွေထားတဲ့+ သိုလှောင်ခန်းတွေကို+ ကြီးကြပ်ဖို့ အမျိုးသားတွေကို အဲဒီနေ့မှာ တာဝန်ပေးတယ်။ သူတို့က ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေအတွက်+ ပညတ်တရားမှာ ပြဋ္ဌာန်းထားတဲ့ ဝေစုတွေကို မြို့အသီးသီးရဲ့ လယ်မြေတွေကနေ ကောက်ခံပြီး သိုလှောင်ခန်းတွေမှာ စုသိမ်းရမယ်။+ ဗိမာန်တော်မှာ ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေ အမှုဆောင်နေတဲ့အတွက် ယုဒလူတွေ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်။ ၄၅ ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေက ဘုရားသခင်ပေးတဲ့ တာဝန်တွေ၊ စင်ကြယ်စေခြင်းနဲ့ဆိုင်တဲ့ တာဝန်တွေကို စတင်ထမ်းဆောင်ကြတယ်။ သီချင်းသည်တွေ၊ တံခါးစောင့်တွေကလည်း ဒါဝိဒ်နဲ့ သားတော်ရှောလမုန် ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ကြတယ်။ ၄၆ ရှေးအချိန် ဒါဝိဒ်နဲ့ အာသပ်လက်ထက်မှာဆိုရင် သီချင်းသည်တွေကို ဦးဆောင်ပြီး ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းတဲ့ သီချင်းတွေစပ်ဆိုတဲ့ ဂီတမှူးတွေရှိခဲ့တယ်။+ ၄၇ ဇေရုဗဗေလနဲ့+ နေဟမိလက်ထက်မှာ အစ္စရေးတွေက သီချင်းသည်တွေနဲ့+ တံခါးစောင့်တွေအတွက်+ နေ့စဉ်လိုအပ်တဲ့ ဝေစုတွေကို ပေးကြတယ်။ လေဝိအမျိုးသားတွေအတွက်လည်း ဝေစုကို သီးသန့်ဖယ်ထားကြတယ်။+ လေဝိအမျိုးသားတွေကလည်း သူတို့ရတဲ့ဝေစုထဲကနေ အာရုန်ရဲ့ သားမြေးတွေအတွက် သီးသန့်ဖယ်ထားကြတယ်။

၁၃ အဲဒီနေ့မှာ မောရှေရဲ့ ပညတ်ကျမ်းကို လူတွေကြားအောင် ဖတ်ပြတဲ့အခါ+ အမ္မုန်လူမျိုးနဲ့ မောဘလူမျိုး+ တစ်ယောက်မှ ဘုရားသခင့်လူမျိုး အစုအဝေးထဲ မပါရဘူးဆိုပြီး+ ရေးထားတာကို တွေ့ရတယ်။ ၂ သူတို့က အစ္စရေးတွေကို အစာရေစာ မထောက်ပံ့ပေးတဲ့အပြင် ကျိန်စာတိုက်ဖို့ ဗာလမ်ကို ငှားရမ်းခဲ့ကြတယ်။+ ဒါပေမဲ့ ဘုရားသခင်က ကျိန်စာကို ကောင်းချီးအဖြစ် ပြောင်းလဲပေးခဲ့တယ်။+ ၃ အဲဒီပညတ်ကို ကြားတဲ့အခါ တိုင်းတစ်ပါးမျိုးနွယ်က ဆင်းသက်လာသူတွေကို အစ္စရေးတွေထဲကနေ ပယ်ထုတ်လိုက်ကြတယ်။+

၄ အဲဒီမတိုင်ခင်မှာ ဘုရားသခင့်အိမ်တော် သိုလှောင်ခန်းတာဝန်ခံ+ ပုရောဟိတ် ဧလျာရှိပ်က+ တောဘိနဲ့ အမျိုးတော်တဲ့အတွက်၊+ ၅ တောဘိကို သိုလှောင်ခန်းကြီးတစ်ခန်း ပေးထားတယ်။ အရင်တုန်းက အဲဒီအခန်းမှာ ကောက်နှံအလှူ၊ လောဗန်၊* အသုံးအဆောင်ပစ္စည်းတွေအပြင် လေဝိအမျိုးသားတွေ၊+ သီချင်းသည်တွေနဲ့ တံခါးစောင့်တွေ ရထိုက်တဲ့ ကောက်နှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ရဲ့+ ဆယ်ဖို့တစ်ဖို့၊ ပုရောဟိတ်တွေအတွက်ပေးတဲ့ အလှူပစ္စည်းတွေကိုပါ ထားလေ့ရှိတယ်။+

၆ အဲဒီအတောအတွင်း ကျွန်တော် ဂျေရုဆလင်မြို့မှာ မရှိဘူး။ ဗာဗုလုန်ဘုရင် အာတဇေရဇ်+ နန်းစံ ၃၂ နှစ်မှာ+ ဘုရင့်ဆီ ပြန်သွားလိုက်တာ။ အတော်လေးကြာတော့ ကျွန်တော်က ဘုရင့်ဆီ ခွင့်ပြုချက်တောင်းပြီး၊ ၇ ဂျေရုဆလင်မြို့ကို ပြန်ရောက်လာတဲ့အခါ ဧလျာရှိပ်က+ ဘုရားသခင်ရဲ့အိမ်တော် ဝင်းထဲမှာ တောဘိအတွက်+ အခန်းတစ်ခန်းပေးထားမှန်း ကျွန်တော် သိလိုက်ရတယ်။ ဒါဟာ တော်တော်ဆိုးတဲ့လုပ်ရပ်ပဲ။ ၈ ကျွန်တော်လည်း ဒေါသထွက်လွန်းလို့ အဲဒီအခန်းထဲက တောဘိရဲ့ ပရိဘောဂအားလုံးကို အပြင်ထုတ်ပစ်လိုက်တယ်။ ၉ အဲဒီနောက် သိုလှောင်ခန်းတွေကို သန့်ရှင်းရေး လုပ်ခိုင်းလိုက်တယ်။ ဘုရားသခင့်အိမ်တော် အသုံးအဆောင်ပစ္စည်းတွေ၊+ ကောက်နှံအလှူတွေ၊ လောဗန်တွေကို+ အဲဒီအခန်းမှာ ပြန်ထားလိုက်တယ်။

၁၀ လေဝိအမျိုးသားတွေလည်း ရထိုက်တဲ့ဝေစုတွေ+ မရကြဘူး။+ ဒါကြောင့် အမှုဆောင်နေတဲ့ လေဝိအမျိုးသားတွေ၊ သီချင်းသည်တွေက ကိုယ့်လယ်မြေဆီ ပြန်သွားနေရမှန်း ကျွန်တော်သိလိုက်ရတယ်။+ ၁၁ ဒါနဲ့ အုပ်ချုပ်ရေးမှူးတွေကို “စစ်မှန်တဲ့ဘုရားသခင်ရဲ့ အိမ်တော်ကို ဘာလို့ပစ်ထားကြတာလဲ”+ ဆိုပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုလိုက်တယ်။+ လေဝိအမျိုးသားတွေကို ပြန်စုစည်းပြီး တာဝန်ထမ်းဆောင်ခိုင်းတယ်။ ၁၂ ယုဒလူတွေကလည်း ကောက်နှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ရဲ့ ဆယ်ဖို့တစ်ဖို့ကို+ သိုလှောင်ခန်းတွေဆီ ယူလာကြတယ်။+ ၁၃ အဲဒီနောက် ကျွန်တော်က ပုရောဟိတ်ရှေလမိ၊ ကျမ်းကူးသူ ဇာဒုတ်နဲ့ လေဝိအမျိုးသား ပေဒါယကို သိုလှောင်ခန်းတာဝန်ခံအဖြစ် ခန့်ထားတယ်။ မသနိရဲ့မြေး၊ ဇက္ကုရရဲ့သား ဟာနန်က လက်ထောက်ဖြစ်တယ်။ သူတို့ဟာ ယုံကြည်စိတ်ချထိုက်သူတွေဖြစ်ပြီး ညီအစ်ကိုတွေအတွက် ဝေစုခွဲဝေပေးရတဲ့တာဝန် ရထားကြတယ်။

၁၄ ဘုရားသခင်၊ ဒီအတွက် ကျွန်တော့်ကို သတိရပေးပါ။+ ဘုရားသခင့်အိမ်တော်နဲ့ အိမ်တော်လုပ်ငန်းတွေအတွက် ကျွန်တော်လုပ်ခဲ့တဲ့ ခိုင်မြဲတဲ့မေတ္တာပါလုပ်ရပ်တွေကို မမေ့လိုက်ပါနဲ့။+

၁၅ အဲဒီအချိန်တုန်းက ယုဒလူတွေဟာ ဥပုသ်နေ့မှာ+ စပျစ်သီးနယ်တာ၊ မြည်းတွေပေါ် ကောက်နှံတွေ တင်လာတာ၊ စပျစ်ဝိုင်၊ စပျစ်သီးတွေ၊ သဖန်းသီးတွေနဲ့ ဝန်ထုပ်အမျိုးမျိုးကို ဂျေရုဆလင်မြို့ထဲ သယ်လာတာကို ကျွန်တော် တွေ့တယ်။+ ဒါကြောင့် ဥပုသ်နေ့မှာ အစားအစာတွေ မရောင်းကြဖို့ သတိပေးခဲ့တယ်။* ၁၆ ဂျေရုဆလင်မြို့မှာ နေထိုင်တဲ့ တိုင်ရာလူမျိုးတွေကလည်း ငါးနဲ့ ကုန်ပစ္စည်း အမျိုးမျိုးကို ယူလာပြီး မြို့ထဲက ယုဒလူတွေကို ဥပုသ်နေ့မှာ ရောင်းကြတယ်။+ ၁၇ အဲဒီအခါ ကျွန်တော်က ယုဒအရာရှိတွေကို “ခင်ဗျားတို့လုပ်ပုံက ဆိုးရွားလိုက်တာ။ ဥပုသ်နေ့ကိုတောင် မစောင့်ထိန်းကြပါလား။ ၁၈ ဘိုးဘေးတွေ အဲဒီလိုလုပ်ခဲ့လို့ ဘုရားသခင်က ကျွန်တော်တို့နဲ့ ဒီမြို့အပေါ်မှာ အခုလို ဘေးဆိုးတွေ ကျရောက်စေခဲ့တယ် မဟုတ်လား။ ဒါတောင် ခင်ဗျားတို့က ဥပုသ်နေ့ကို မစောင့်ထိန်းဘဲ အစ္စရေးတွေကို ဘုရားသခင် ပိုပြီးအမျက်ထွက်အောင် လုပ်နေကြပါလား” ဆိုပြီး ပြင်းပြင်းထန်ထန် အပြစ်တင်တယ်။+

၁၉ အဲဒီနောက် ကျွန်တော်က ဥပုသ်နေ့မစခင် ဂျေရုဆလင်မြို့တံခါးတွေမှာ မှောင်ရိပ်ကျတာနဲ့ တံခါးတွေ ပိတ်ခိုင်းလိုက်တယ်။ ဥပုသ်နေ့ မကုန်မချင်း တံခါးမဖွင့်ရဘူးလို့လည်း မှာထားတယ်။ ပြီးတော့ ဥပုသ်နေ့မှာ ဘာပစ္စည်းမှ မြို့ထဲ မသယ်လာနိုင်အောင် ကျွန်တော့်နောက်လိုက်တချို့ကို မြို့တံခါးတွေမှာ အစောင့်ချထားတယ်။ ၂၀ ဒါကြောင့် ကုန်သည်တွေနဲ့ ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချသူတွေက မြို့ပြင်မှာ တစ်ကြိမ်နှစ်ကြိမ် ညအိပ်သေးတယ်။ ၂၁ အဲဒီအခါ ကျွန်တော်က “မြို့ရိုးရှေ့မှာ ဘာလို့ အိပ်ကြတာလဲ။ နောက်တစ်ခါတွေ့ရင်တော့ ဖမ်းမယ်” ဆိုပြီး သူတို့ကို သတိပေးလိုက်တယ်။ အဲဒီအချိန်ကစပြီး ဥပုသ်နေ့မှာ မလာကြတော့ဘူး။

၂၂ ပြီးတော့ လေဝိအမျိုးသားတွေကို ပုံမှန် ကိုယ်ကိုစင်ကြယ်စေပြီး မြို့တံခါးတွေမှာ လာစောင့်ကြပ်ရမယ်လို့ ကျွန်တော်မှာထားတယ်။ ဒါမှ ဥပုသ်နေ့ကို မြင့်မြတ်တဲ့နေ့အဖြစ် စောင့်ထိန်းနိုင်မယ်။+ ဘုရားသခင်၊ ကျွန်တော် အခုလို လုပ်ဆောင်တာကိုလည်း သတိရပေးပါ။ ကိုယ်တော်ရဲ့ ခိုင်မြဲသောမေတ္တာ ကြီးမားလှတဲ့အတွက် ကျွန်တော့်ကို သနားပါ။+

၂၃ ဒါ့အပြင် အဲဒီအချိန်တုန်းက ဂျူးတွေဟာ အာဇုတ်မြို့သူတွေ၊+ အမ္မုန်အမျိုးသမီးတွေ၊ မောဘအမျိုးသမီးတွေနဲ့+ လက်ထပ်ထားမှန်း+ ကျွန်တော် သိလိုက်ရတယ်။ ၂၄ သူတို့ရဲ့သားသမီးတစ်ယောက်မှ ဂျူးဘာသာစကားကို မပြောတတ်ဘူး။ တစ်ဝက်လောက်က အာဇုတ်စကားကို ပြောတယ်။ ကျန်တာတွေကတော့ တခြားဘာသာစကားကို ပြောကြတယ်။ ၂၅ ဒါကြောင့် ကျွန်တော်က သူတို့ကို ပြင်းပြင်းထန်ထန် ပြစ်တင်ပြီး ဘုရားသခင် ဆုံးမတာ ခံရမယ်လို့ သတိပေးလိုက်တယ်။ တချို့ကို ရိုက်နှက်ပြီး+ ဆံပင်ဆွဲနုတ်ပစ်တယ်။ အဲဒီနောက် ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆိုခိုင်းတယ်– “ကိုယ့်သမီးတွေကို သူတို့ရဲ့သားတွေနဲ့ မပေးစားနဲ့။ သူတို့ရဲ့သမီးတွေကို ကိုယ်တိုင်လည်း မယူနဲ့။ ကိုယ့်သားတွေနဲ့လည်း မပေးစားနဲ့။+ ၂၆ အစ္စရေးဘုရင် ရှောလမုန်က အဲဒီလိုလုပ်ပြီး ပြစ်မှားခဲ့တယ် မဟုတ်လား။ လူမျိုးတွေထဲမှာ သူ့လိုဘုရင်မျိုး မရှိဘူး။+ ဘုရားသခင်က သူ့ကို ချစ်တဲ့အတွက်+ အစ္စရေးဘုရင်အဖြစ် ခန့်အပ်တယ်။ ဒါပေမဲ့ တိုင်းတစ်ပါးမိန်းမတွေက သူအပြစ်ကျူးလွန်အောင် လုပ်နိုင်ခဲ့တယ်။+ ၂၇ အခု ခင်ဗျားတို့က တိုင်းတစ်ပါးမိန်းမတွေနဲ့ လက်ထပ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့ကြပြီ။ ဒီလောက်ဆိုးရွားတဲ့လုပ်ရပ်ဟာ လူကြားလို့မှ ကောင်းသေးရဲ့လား”+ ဆိုပြီး ပြောလိုက်တယ်။

၂၈ ပြီးတော့ ပုရောဟိတ်မင်း ဧလျာရှိပ်ရဲ့မြေး၊+ ယောယဒရဲ့+ သားတစ်ယောက်ဟာ ဟောရုန်မြို့သား သမ်ဘာလတ်ရဲ့ သမက်ဖြစ်နေလို့+ အဲဒီသားကို ကျွန်တော် မောင်းထုတ်လိုက်တယ်။

၂၉ ဘုရားသခင်၊ သူတို့က ပုရောဟိတ်တာဝန်ကို ညစ်ညူးစေတဲ့အပြင် လေဝိအမျိုးသားတွေ၊+ ပုရောဟိတ်တွေနဲ့ဖွဲ့တဲ့ ပဋိညာဉ်ကိုလည်း+ ညစ်ညူးစေခဲ့တဲ့အတွက် သူတို့ကို အပြစ်ဒဏ်ပေးဖို့ သတိရပါ။

၃၀ အဲဒီနောက် ကျွန်တော်က လူတွေကို တိုင်းတစ်ပါး လွှမ်းမိုးမှုမှန်သမျှကနေ ကင်းစင်သွားအောင် လုပ်ပေးတယ်။ ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေကို တာဝန်ကိုယ်စီ ခွဲဝေပေးတယ်။+ ၃၁ သီးဦးသီးဖျား အမှည့်တွေ၊ သတ်မှတ်ထားချိန်မှာ ယူလာရမယ့် ထင်းတွေအတွက် စီစဉ်ပေးတယ်။+

ဘုရားသခင်၊ ကျွန်တော့်ကို သတိရပေးပါ။ မျက်နှာသာ ပေးတော်မူပါ။+

အဓိပ္ပာယ်၊ “ယေဟောဝါ နှစ်သိမ့်ပေး။”

အာတဇေရဇ်မင်း။

နောက်ဆက်တွဲ ခ၁၅ ကိုကြည့်။

နောက်ဆက်တွဲ ခ၁၅ ကိုကြည့်။

ယူဖရေးတီးမြစ်။

တချို့ကျမ်းစာမှာ “နဂါးစမ်းရေတွင်း။”

ယူဖရေးတီးမြစ်။

၄၄၅ မီတာ (ပေ ၁၄၆၀) ခန့်။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

“အနီးဝန်းကျင်ဒေသမှာ” လည်းဖြစ်နိုင်။

ဒါမှမဟုတ်၊ “နက်သနင်။” မူရင်း၊ “ပေးအပ်ခံရသူ။”

မူရင်း၊ “တစ်ရာပုံ တစ်ပုံ။” လစဉ်အတိုးနှုန်းကိုဆိုလို။

ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”

တစ်ရှယ်ကယ်က ၁၁.၄ ဂရမ်နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

နောက်ဆက်တွဲ ခ၁၅ ကိုကြည့်။

ဒါမှမဟုတ်၊ “နက်သနင်တွေ။” မူရင်း၊ “ပေးအပ်ခံရသူတွေ။”

ဒါမှမဟုတ်၊ “တိရှရိသာ၊” ပါရှားဘုရင်ခံရဲ့ ဘွဲ့နာမည်။

ဗိမာန်တော် ပြန်တည်ဆောက်တဲ့ လုပ်ငန်းအတွက်။

ဒရက်မာတစ်ပြားဟာ ၈.၄ ဂရမ်ရှိတဲ့ ပါးရှားရွှေဒင်္ဂါးနဲ့ညီ။ ဂရိကျမ်းစောင်မှာပါတဲ့ ဒရက်မာနဲ့မတူ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

ဟီဘရူးကျမ်းစောင်တွေမှာပါတဲ့ တစ်မိုင်နာက ၅၇၀ ဂရမ်နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

ဒါမှမဟုတ်၊ “နက်သနင်တွေ။” မူရင်း၊ “ပေးအပ်ခံရသူတွေ။”

ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”

ဒါမှမဟုတ်၊ “တိရှရိသာ၊” ပါရှားဘုရင်ခံရဲ့ ဘွဲ့နာမည်။

အရွက်ပြောင်လက်ပြီး အပွင့်ဖြူဖွေး မွှေးကြိုင်တဲ့ ချုံပင်။

ခက်ဆစ်ကိုကြည့်။

မူရင်း၊ “နေ့တာရဲ့ လေးပုံတစ်ပုံ။”

မူရင်း၊ “ကောင်းကင်ဗိုလ်ခြေတွေ။” ကောင်းကင်တမန်တွေရော ကြယ်တွေပါ ဆိုလိုနိုင်။

ဒါမှမဟုတ်၊ “တိရှရိသာ၊” ပါးရှားဘုရင်ခံရဲ့ ဘွဲ့နာမည်။

ဒါမှမဟုတ်၊ “နက်သနင်တွေ။” မူရင်း၊ “ပေးအပ်ခံရသူတွေ။”

တစ်ရှယ်ကယ်က ၁၁.၄ ဂရမ်နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

ရှေ့တော်မုန့်။

ဒါမှမဟုတ်၊ “နက်သနင်တွေနဲ့။” မူရင်း၊ “ပေးအပ်ခံရသူတွေ။”

ဒါမှမဟုတ်၊ “နက်သနင်တွေက။” မူရင်း၊ “ပေးအပ်ခံရသူတွေ။”

“သီချင်းဆိုဖို့ တာဝန်ရတယ်” လည်းဖြစ်နိုင်။

ဟီဘရူးစာသားမှာ နာမည်ချန်လှပ်ထား။

မီးရှို့တဲ့အခါ မွှေးကြိုင်တဲ့ အဖြူရောင် သစ်စေးတစ်မျိုး။

“အစားအစာတွေ မရောင်းကြဖို့ ဥပုသ်နေ့မှာ သတိပေးခဲ့တယ်” လည်းဖြစ်နိုင်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ