ဘုရားသခင့်ရည်ရွယ်ချက် ယခုအထွတ်အထိပ်ရောက်နေ
က မ္ဘာကိုဖန်ဆင်းသည့်ဘုရားရည်ရွယ်ချက်မှာ ဖြောင့်မတ်သည့်အခြေအနေအောက် လူသားများပျော်ရွှင်စွာနေထိုင်ရန်ဖြစ်သည်။ အသက်ဆက်ရှင်ဖို့ရာ ဘုရားသခင့်ပညတ်တော်များကို နာခံဖို့လိုသည်။ သို့သော်၊ ပထမလူသားမောင်နှံ နာမခံခဲ့သောကြောင့် အပြစ်သားဘဝရောက်ပြီး သေဒဏ်ပေးခံခဲ့ရကြသည်။ သို့ဖြင့် သူတို့၏သားစဉ်မြေးဆက်အပေါ် အပြစ်နှင့်သေခြင်းကိုရောက်စေခဲ့သည်။—ကမ္ဘာဦး ၁:၂၇၊ ၂၈၊ ၂:၁၆၊ ၁၇၊ ၃:၁-၁၉။ ရောမ ၅:၁၂။
ယေဟောဝါအမည်ရှိသောဘုရားသခင်သည် နာမခံခြင်းနှင့် အပြစ်၏အကျိုးဆက်ကို မြေကြီးမှဖယ်ရှားပစ်ရန် ဆုံးဖြတ်တော်မူခဲ့သည်။ နောင်တစ်ချိန်တွင် လူသားများထဲမှသစ္စာရှိသူ အာဗြဟံဟုဘုရားသခင်အမည်ပြောင်းခဲ့သော အာဗြံဆိုသူကိုဘုရားသခင်တွေ့ရှိခဲ့သည်။ ဘုရားသခင်က အာဗြဟံကိုကတိပေးသည်မှာ သူ၏သားစဉ်မြေးဆက်သည် လူမျိုးကြီးဖြစ်လာပြီး ကမ္ဘာသားအားလုံး ကောင်းချီးခံစားစေမည့် မျိုးစေ့ကိုဘုရားသခင်ပေါ်ထွန်းစေမည်ဟူ၍ဖြစ်သည်။—ကမ္ဘာဦး ၁၂:၁-၃၊ ၁၈:၁၈၊ ၁၉၊ ၂၂:၁၈။ ဆာလံ ၈၃:၁၈။ ဟေဗြဲ ၁၁:၈-၁၆။
ခသမ ၁၆ ရာစုကုန်ခါနီးလောက်တွင် အာဗြဟံ၏မြေးယာကုပ်ခေါ်ဣသရေလမှ ပေါက်ဖွားလာသူ ၁၂ နွယ်သည်အီဂျစ်ပြည်တွင် ကျွန်ခံနေရကြသည်။ ယေဟောဝါသည် ထိုဣသရေလလူမျိုးကို အီဂျစ်ပြည်မှကယ်နှုတ်ပြီး လူမျိုးတစ်မျိုးအဖြစ်ဖွဲ့စည်းခဲ့သည်။ သိနာတောင်တွင် မောရှေမှတစ်ဆင့် ထိုလူမျိုးအတွက်အခြေခံဥပဒေကို ကိုယ်တော်ပေးခဲ့သည်။ ယေဟောဝါသည် သူတို့၏ဘုရင်၊ တရားသူကြီး၊ ဥပဒေပြုရှင်ဖြစ်ခဲ့သည်။ ဣသရေလလူမျိုးသည် ဘုရားရွေးချယ်သည့်လူမျိုး၊ ကိုယ်တော့်သက်သေများဖြစ်ပြီး ရည်ရွယ်တော်မူချက်များကို အကောင်အထည်ဖော်ပေးသည့်လူမျိုးဖြစ်လာသည်။ လူမျိုးအားလုံးအကျိုးအတွက် ထာဝရနိုင်ငံတည်ထောင်ပေးမည့် မေရှိယသည် သူတို့အထဲမှ ပေါ်ထွန်းလာမည်ဖြစ်သည်။—ထွက်မြောက်ရာ ၁၉:၅၊ ၆။ ၁ ရာဇဝင်ချုပ် ၁၇:၇-၁၄။ ၃ ဓမ္မရာဇဝင် ၄:၂၀၊ ၂၅။ ဟေရှာယ ၃၃:၂၂၊ ၄၃:၁၀-၁၂။ ရောမ ၉:၄၊ ၅။
ယင်းနောက်ပိုင်း ၁၅ ရာစု သို့မဟုတ် လွန်ခဲ့သည့်နှစ်ပေါင်း ၂,၀၀၀ ခန့်တွင် ဂျူးအပျိုကညာမာရိမှမွေးဖွားရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ကောင်းကင်မှမြေကြီးသို့စေလွှတ်ခဲ့သည်။ ထိုသားတော်၏အမည်မှာ ယေရှုဖြစ်ပြီး၊ ကိုယ်တော့်ဘိုးဘေးဒါဝိဒ်အား ဘုရားသခင်ကတိထားခဲ့သည့် နိုင်ငံတော်ကိုအမွေခံရမည့်သူဖြစ်သည်။ အသက် ၃၀ အရွယ်တွင်နှစ်ခြင်းဆရာယောဟန်ထံ၌ ရေနှစ်ခြင်းခံခဲ့ပြီး ဘုရားသခင့်နိုင်ငံတော်အကြောင်းစတင်ကြေညာခဲ့သည်။ ဖျားနာသူများကို ကုသပျောက်ကင်းပေးခဲ့ခြင်းဖြင့် ထိုနိုင်ငံသည်လူသားများကို မည်သို့ကောင်းချီးသက်ရောက်စေမည့်အကြောင်း သက်သေတင်ပြခဲ့သည်။ ထာဝရအသက်ရလိုသူအားလုံးအတွက် တောင်းဆိုချက်ကို ပုံဥပမာများဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ သို့နှင့်နှက်တိုင်ပေါ်တင်အသတ်ခံခဲ့ရခြင်းအားဖြင့် ကိုယ်တော်၏စုံလင်သောလူ့အသက်သည် လူသားအားလုံးအတွက်ရွေးနှုတ်ဖိုးဖြစ်လာသည်။—မဿဲ ၁:၁၈-၂၄။ ၃:၁၃-၁၆။ ၄:၁၇-၂၃။ ၆:၉၊ ၁၀။ အခန်းကြီး ၁၃။ ၂၀:၂၈။ လုကာ ၁:၂၆-၃၇၊ ၂:၁၄၊ ၄:၄၃၊ ၄၄၊ ၈:၁။ ယောဟန် ၃:၁၆။ တမန်တော် ၁၀:၃၇-၃၉။
မေရှိယနိုင်ငံတော်သည် စနစ်ဆုံးခန်းဖြစ်သော ဝေးလံသည့်အနာဂတ်၌တည်ထောင်ရန်ဖြစ်ကြောင်း ယေရှုရှင်းပြခဲ့သည်။ ထိုအခါကိုယ်တော်သည်စိုးစံနေသည့် မင်းအဖြစ်ကောင်းကင်၌မျက်မြင်မရနည်းဖြင့်ရောက်ရှိမည်ဖြစ်ပြီး မြေကြီးပေါ်သို့အာရုံလှည့်ခြင်းဖြင့် ကိုယ်တော်ရောက်ရှိကြောင်းသိရှိရမည်ဖြစ်သည်။ ၁၉၁၄ ခုနှစ်ကစတင်သော ဤကာလအတွင်း ကျွန်ုပ်တို့အသက်ရှင်လျက်ရှိကြောင်း ကမ္ဘာ့အခြင်းအရာတို့ကဖော်ပြသည်။ ယေရှုကြိုပြောခဲ့သည့်အတိုင်း နိုင်ငံတော်ဆိုင်ရာသတင်းကောင်းကို လူမျိုးအပေါင်းတို့အား သက်သေဖြစ်ရန် ကမ္ဘာချီဟောပြောနေပြီဖြစ်သည်။ ရလဒ်အနေနှင့် လူမျိုးအပေါင်းတို့အထဲမှ ဘုရားနိုင်ငံတော်ဘက်ရပ်တည်သူများစုသိမ်းခံနေရသည်။ သူတို့သည် လက်ရှိစနစ်အဆုံးကိုကပ်ကျော်ပြီး မေရှိယနိုင်ငံတော်အောက် ထာဝရအသက်ခံစားရကြမည်။—မဿဲ အခန်းကြီး ၂၄ နှင့် ၂၅။ ဗျာဒိတ် ၇:၉-၁၇။
ယနေ့ချာ့ချ်များစွာက မိမိတို့ဘုရားအလိုတော်ဆောင်နေကြသည်ဟုဆိုကြသည်။ သို့သော် စစ်မှန်သောခရစ်ယာန်အသင်းတော်ကို သင်မည်သို့ခွဲခြားသိမြင်နိုင်သနည်း။ သမ္မာကျမ်းစာ၌ ပထမရာစုခရစ်ယာန်အသင်းတော်အကြောင်းကို စစ်ဆေးကြည့်ရှုပြီး ယနေ့သူတို့ပုံစံအတိုင်း မည်သူများလိုက်လျှောက်နေသည်ကို ကြည့်ခြင်းအားဖြင့်ဖြစ်သည်။
• ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို အကောင်အထည်ဖော်ရာ၌ အာဗြဟံနှင့် ဣသရေလလူမျိုးသည် မည်သည့်အခန်းကဏ္ဍမှပါဝင်သနည်း။
• ယေရှု၏ဓမ္မအမှုနှင့်ကိုယ်တော့်သေခြင်းသည် ဘာကိုပြီးမြောက်စေခဲ့သနည်း။
• ကျွန်ုပ်တို့လက်ရှိကာလကို အမှတ်သညာပြုရန် အဘယ်အဖြစ်အပျက်များ ပရောဖက်ပြုခဲ့သနည်း။