ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lr အခန်း ၉ စာ. ၅၂-၅၆
  • သွေးဆောင်မှုတွေကို တွန်းလှန်ရမယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သွေးဆောင်မှုတွေကို တွန်းလှန်ရမယ်
  • ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုကြုံရတဲ့ သွေးဆောင်မှုတွေကနေ သင်ယူနိုင်ရာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှုကို မာရ်နတ်စမ်းသပ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • နိုးကြားနေပါ—သင့်ကို စာတန် ဝါးမျိုချင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယေရှုခံရသော သွေးဆောင်မှုများမှ သင်ခန်းစာ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
နောက်ထပ် ကြည့်ပါ
ကြီးမြတ်သောဆရာထံမှ သင်ယူပါ
lr အခန်း ၉ စာ. ၅၂-၅၆

အခန်း ၉

သွေးဆောင်မှုတွေကို တွန်းလှန်ရမယ်

တစ်ယောက်ယောက်က မကောင်းတာလုပ်ဖို့ ကလေးတို့ကို ဆွယ်ဖူးသလား။— သတ္တိရှိရင် လုပ်ပါလားဆိုပြီး မခံချင်အောင် ပြောဖူးသလား။ သူပြောတဲ့အတိုင်း လုပ်ရင် ပျော်စရာကောင်းမယ်၊ ဘာမှ မမှားပါဘူးလို့ ပြောဖူးသလား။— တစ်ယောက်ယောက်က အဲဒီလို ပြောလာရင် သွေးဆောင်နေတာပဲ။

အဲဒီလို သွေးဆောင်ရင် ဘာလုပ်ရမလဲ။ အလျှော့ပေးပြီး အမှား လုပ်ရမလား။— အမှား လုပ်လိုက်ရင် ယေဟောဝါဘုရား ကြိုက်မှာ မဟုတ်ဘူးကွဲ့။ ဒါပေမဲ့ ဘယ်သူ ပျော်မလဲ၊ သိလား။— ဟုတ်တယ်၊ စာတန်မာရ်နတ် ပျော်မှာပေါ့။

စာတန်ဟာ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်သလို တို့အားလုံးရဲ့ ရန်သူလည်း ဖြစ်တယ်။ သူဟာ နာမ်ဝိညာဉ် ဖြစ်လို့ မမြင်ရဘူး။ သူကျတော့ တို့ကို မြင်ရတယ်။ တစ်နေ့၊ မာရ်နတ်က ကြီးမြတ်တဲ့ဆရာ ယေရှုကို စကားလာပြောတယ်၊ ယေရှုကို သွေးဆောင်ဖို့ပေါ့။ ဒါနဲ့ ယေရှု ဘာလုပ်ခဲ့သလဲဆိုတာ ကြည့်ရအောင်။ ဒါမှလည်း တို့ကိုယ်တိုင် သွေးဆောင်ခံရတဲ့အခါ ဘာလုပ်ရမယ်ဆိုတာ သိနိုင်မှာ။

နှစ်ခြင်းခံပြီးတာနဲ့ ယေရှု ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းနေစဉ်

နှစ်ခြင်းခံတဲ့အခါမှာ ယေရှု ဘာကို သတိရလာသလဲ

ယေရှုဟာ ဘုရားအလိုတော်ကို အမြဲတမ်း ဆောင်ရွက်ချင်တယ်။ ဂျော်ဒန်မြစ်မှာ နှစ်ခြင်းခံခြင်းအားဖြင့် အဲဒီသဘောကို ပွင့်ပွင့်လင်းလင်း ပြသခဲ့တယ်။ နှစ်ခြင်းခံပြီးပြီးချင်း ယေရှုကို စာတန်က သွေးဆောင်ဖို့ ကြိုးစားခဲ့တယ်။ ယေရှုအတွက် ‘ကောင်းကင် ပွင့်လာတယ်’ လို့ ကျမ်းစာ ဆိုတယ်။ (မဿဲ ၃:၁၆) အဲဒီအချက်ကို ထောက်ရင် ကောင်းကင်ဘုံမှာ ဘုရားသခင်နဲ့ အတူနေခဲ့တဲ့ အရင်အသက်တာကို ယေရှု စပြီး သတိရလာပြီလို့ ပြောနိုင်တယ်။

နှစ်ခြင်းခံပြီးတာနဲ့ ယေရှုဟာ သတိရလာတာတွေကို တွေးတောဖို့ တောကန္တာရထဲ သွားတယ်။ ရက်ပေါင်း လေးဆယ် နေတယ်။ အဲဒီအတောအတွင်း ယေရှု ဘာမှ မစားဘူး။ ဒီတော့ အခု သိပ်ဆာနေပြီပေါ့။ ဒီအချိန်မှာပဲ ယေရှုကို သွေးဆောင်ဖို့ စာတန် ကြိုးစားလာတယ်။

မာရ်နတ်က “မင်း ဘုရားသခင်ရဲ့သား မှန်ရင် ဒီကျောက်ခဲတွေကို မုန့်ဖြစ်စေလို့ အမိန့်ပေးလိုက်လေ” ဆိုပြီး ပြောတယ်။ မုန့်ဖြစ်လာရင် ဘယ်လောက် စားကောင်းလိုက်မလဲနော်။ ဒါပေမဲ့ ယေရှုဟာ ကျောက်ခဲကို မုန့်ဖြစ်အောင် လုပ်နိုင်ပါ့မလား။— လုပ်နိုင်တာပေါ့။ ဘုရားသားတော် ယေရှုမှာ ထူးခြားတဲ့တန်ခိုး ရှိတယ်လေ။

မာရ်နတ်က ကျောက်ခဲကို သုံးပြီး ယေရှုကို သွေးဆောင်နေစဉ်

မာရ်နတ်က ကျောက်ခဲကို သုံးပြီး ယေရှုကို ဘယ်လို သွေးဆောင်သလဲ

မာရ်နတ်က ခိုင်းရင် ကလေးတို့ ကျောက်ခဲကို မုန့်ဖြစ်အောင် လုပ်မလား။— ယေရှုဟာ အဲဒီအချိန်မှာ ဆာနေတယ်။ ဒီတော့ တစ်ခါလောက် လုပ်ရင် မှားမလား။— ယေရှုဟာ သူ့ရဲ့တန်ခိုးတွေကို အဲဒီလို သုံးရင် မှားမှန်း သိတယ်။ အဲဒီတန်ခိုးတွေ ယေဟောဝါ ပေးထားတာဟာ ကိုယ်ကျိုးအတွက် သုံးဖို့ မဟုတ်ဘူး၊ လူတွေကို ဘုရားသခင်နဲ့ ရင်းနှီးလာအောင် လုပ်တဲ့နေရာမှာ သုံးဖို့ ဖြစ်တယ်။

ဒါကြောင့် ယေရှုက စာတန် ခိုင်းတဲ့အတိုင်း မလုပ်ဘဲ “လူဟာ အစားအစာနဲ့ပဲ အသက်ရှင်ရမှာ မဟုတ်ဘူး၊ ယေဟောဝါရဲ့ နှုတ်ထွက်စကား မှန်သမျှနဲ့ အသက်ရှင်ရမယ်” ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အကြောင်း ပြန်ပြောလိုက်တယ်။ ယေရှုအနေနဲ့ ယေဟောဝါ နှစ်သက်တဲ့အရာတွေကို လုပ်တာဟာ အစာစားရတာထက် ပိုအရေးကြီးတယ်ဆိုတာ နားလည်ထားတယ်။

ဒါပေမဲ့ မာရ်နတ်က နောက်တစ်ခါ ကြိုးစားပြန်တယ်။ ယေရှုကို ဂျေရုဆလင်မြို့ထဲ ခေါ်သွားတယ်။ ပြီးတော့ ဗိမာန်တော် ထိပ်ဖျားမှာ ရပ်ခိုင်းပြီး ‘မင်း ဘုရားသခင်ရဲ့သား မှန်ရင် ဒီကနေ ခုန်ချလိုက်ပါလား။ ကောင်းကင်တမန်တွေက လက်နဲ့ ပင့်ထားမှာမို့ မင်း ကျောက်တုံးနဲ့ ထိမိခိုက်မိမှာ မဟုတ်ဘူး’ ဆိုပြီး ပြောတယ်။

စာတန်က ဘာကြောင့် အဲဒီလို ပြောသလဲ။— ယေရှုကို မိုက်ရူးရဲဆန်ဆန် လုပ်ဖို့ သွေးဆောင်တာလေ။ ဒီတစ်ခါလည်း စာတန်ရဲ့စကားကို ယေရှု နားမထောင်ဘူး။ “‘ယေဟောဝါဘုရားကို အကဲမစမ်းရ’ လို့လည်း ကျမ်းစာမှာ ရေးထားတယ်” ဆိုပြီး စာတန်ကို ပြန်ပြောလိုက်တယ်။ အသက်ကို ရင်းပြီး ယေဟောဝါကို အကဲစမ်းတာ မှားမှန်း ယေရှု သိတယ်။

ဒါတောင်မှ စာတန်က လက်မလျှော့သေးဘူး။ နောက်တစ်ခါကျတော့ ယေရှုကို အင်မတန် မြင့်တဲ့ တောင်တစ်ခုပေါ် ခေါ်သွားတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ တိုင်းနိုင်ငံ၊ အစိုးရအားလုံးနဲ့ အဲဒီနိုင်ငံတွေရဲ့ ဘုန်းစည်းစိမ်တွေကို ပြတယ်။ ပြီးတော့ “ငါ့ကို တစ်ကြိမ်ပဲ ရှိခိုးဦးချမယ်ဆိုရင် ဒါတွေအားလုံး မင်းကို ပေးမယ်” ဆိုပြီး ယေရှုကို ပြောတယ်။

မာရ်နတ် ကမ်းလှမ်းတာကို စဉ်းစားကြည့်။ ဒီတိုင်းနိုင်ငံတွေ၊ ဒါမှမဟုတ် ဒီအစိုးရတွေ အားလုံးကို စာတန် တကယ် ပိုင်သလား။— စာတန့်ဥစ္စာ မဟုတ်ဘူးလို့ ယေရှု မငြင်းခဲ့ဘူး။ တကယ်လို့ စာတန့်ဥစ္စာ မဟုတ်ဘူးဆိုရင် ယေရှု ငြင်းခဲ့မှာပဲ။ ဟုတ်ပါတယ်၊ စာတန်ဟာ လောကနိုင်ငံအားလုံးကို အုပ်စိုးတဲ့မင်း အစစ် ဖြစ်တယ်။ ကျမ်းစာက သူ့ကို “ဒီလောကရဲ့ မင်း” လို့တောင် ခေါ်ထားတယ်။—ယောဟန် ၁၂:၃၁။

လောကတိုင်းနိုင်ငံအားလုံး ပေးမယ်ဆိုတဲ့ စာတန်ရဲ့ ကမ်းလှမ်းမှုကို ယေရှု ငြင်းဆန်နေစဉ်

ဒီတိုင်းနိုင်ငံတွေအားလုံးကို စာတန်က ယေရှုကို ဘာကြောင့် ကမ်းလှမ်းနိုင်တာလဲ

တကယ်လို့ မာရ်နတ်က ငါ့ကို ကိုးကွယ်ရင် ဘာပေးမယ်၊ ညာပေးမယ်ဆိုပြီး ကတိတွေ ပေးလာရင် ကလေးတို့ ဘာလုပ်ကြမလဲ။— ဘာကြီးပဲရရ မာရ်နတ်ကို ကိုးကွယ်တာ မှားမှန်း ယေရှု သိတယ်။ ဒါကြောင့် ယေရှုက ‘စာတန်၊ ထွက်သွားစမ်း။ ယေဟောဝါဘုရားကိုပဲ ကိုးကွယ်ရမယ်၊ ကိုယ်တော်တစ်ပါးတည်းကိုပဲ ဝတ်ပြုရမယ်လို့ ကျမ်းစာ ဆိုထားတယ်’ ဆိုပြီး ပြန်ပြောလိုက်တယ်။—မဿဲ ၄:၁-၁၀။ လုကာ ၄:၁-၁၃။

မိန်းကလေး မုန့်ကို မက်မက်မောမော ကြည့်နေစဉ်

ကလေးတို့ သွေးဆောင်ခံရရင် ဘာလုပ်မလဲ

တို့တစ်တွေလည်း သွေးဆောင်မှုတွေ ခံရတာပဲ။ ဘာတွေလဲ သိလား။— ဥပမာတစ်ခုကို ကြည့်ပါ။ ကလေးတို့မေမေက အချိုပွဲအတွက် သိပ်အရသာရှိတဲ့မုန့် လုပ်ထားတယ် ဆိုပါတော့။ ထမင်းစားချိန် မတိုင်ခင် မုန့်မစားရဘူးလို့ မေမေက ပြောထားမယ်။ ဒါပေမဲ့ ကလေးတို့ သိပ်ဆာနေမယ်။ အဲဒီတော့ သိပ်စားချင်မယ်။ ဒီလိုနဲ့ စားချင်တဲ့စိတ်က သွေးဆောင်မှာပဲ။ မေမေ့စကားကို နားထောင်မလား။— စာတန်ကတော့ ကလေးတို့ နားထောင်တာကို လိုလားမှာ မဟုတ်ဘူး။

ယေရှုကို ပြန်သတိရလိုက်ပါ။ သူလည်း သိပ်ဆာခဲ့တာပဲ။ ဒါပေမဲ့ ဘုရားသခင် နှစ်သက်တာကို လုပ်ဆောင်တာဟာ အစာစားတာထက် ပိုအရေးကြီးမှန်း ယေရှု သိတယ်။ ကလေးတို့လည်း မေမေ ပြောတဲ့အတိုင်း လိုက်လုပ်ရင် ယေရှုနဲ့ တူတယ်ဆိုတာ ပြတာပဲ။

ကလေးတချို့က မင်းတို့ကို ဆေးလုံးတွေ သောက်ခိုင်းရင် ခိုင်းမယ်။ လုပ်ပါ၊ သိပ်ပျော်စရာ ကောင်းတယ်ဆိုပြီး ပြောလိမ့်မယ်။ ဒါပေမဲ့ ဒီဆေးလုံးတွေဟာ မူးယစ်ဆေးတွေ ဖြစ်ချင်ဖြစ်နေမှာ။ အဲဒါတွေက အကြီးအကျယ် နေထိုင်မကောင်း ဖြစ်စေနိုင်ရုံမက သေတောင် သေစေနိုင်တယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်က မူးယစ်ဆေး ပါတဲ့ စီးကရက်ကို ပေးပြီး မသောက်ရဲဘူးလားဆိုပြီး မခံချင်အောင် ပြောရင် ပြောမယ်။ ကလေးတို့ ဘယ်လို လုပ်မလဲ။—

ယောက်ျားလေးနှစ်ယောက်က စီးကရက် ကမ်းပေးနေစဉ်။ တစ်ယောက်က ယူပြီး တစ်ယောက်က ထွက်သွားစဉ်

ယေရှုကို သတိရပါ။ စာတန်က ယေရှုကို ဗိမာန်တော်ပေါ်ကနေ သက်စွန့်ဆံဖျား ခုန်ချဖို့ သွေးဆောင်ခဲ့တယ်။ ဒါပေမဲ့ ယေရှု ခုန်မချခဲ့ဘူး။ တစ်ယောက်ယောက်က အန္တရာယ်ရှိတာတစ်ခုကို သတ္တိရှိရင် လုပ်ပါလားလို့ စိန်ခေါ်လာရင် ကလေးတို့ ဘာလုပ်မလဲ။— ယေရှုဟာ စာတန်ရဲ့စကားကို နားမထောင်ခဲ့ဘူး။ ကလေးတို့လည်း အမှား လုပ်ဖို့ အားပေးတဲ့ ဘယ်သူ့စကားကိုမှ နားမယောင်သင့်ဘူးကွဲ့။

မိန်းကလေး ပုတီး ကိုင်ထားစဉ်

ကိုးကွယ်တဲ့နေရာမှာ ရုပ်တု သုံးတာဟာ ဘာကြောင့် မှားသလဲ

ကျမ်းစာ တားမြစ်ထားတဲ့ ရုပ်တုရှေ့မှာ ဦးချရှိခိုးခိုင်းတာမျိုး ကလေးတို့ တစ်နေ့နေ့ ကြုံလာနိုင်တယ်။ (ထွက်မြောက်ရာ ၂၀:၄၊ ၅) ကျောင်းမှာ အခမ်းအနားပုံစံမျိုးနဲ့ ဖြစ်ချင်ဖြစ်မယ်။ ခိုင်းတဲ့အတိုင်း မလုပ်ရင် ကျောင်းဆက်တက်ခွင့် လုံးဝ မရှိဘူးလို့ ပြောရင်လည်း ပြောမယ်။ ကလေးတို့ ဘယ်လို လုပ်မလဲ။—

လူတိုင်း မှန်တာကို လုပ်နေတဲ့အခါမှာ ကိုယ့်အနေနဲ့ လိုက်လုပ်ဖို့ လွယ်လွယ်လေးပဲ။ ဒါပေမဲ့ လူတွေက မှားတာ လုပ်ဖို့ ကိုယ့်ကို ဆွယ်တဲ့အခါကျတော့ မှန်တာ လုပ်ဖို့ တော်တော်ခက်မယ်။ လူတွေက သူတို့လုပ်နေတာဟာ သိပ်ကြီးလည်း မဆိုးပါဘူးဆိုပြီး ပြောချင်ပြောမယ်။ ဒါပေမဲ့ အရေးကြီးတဲ့ မေးခွန်းက ဒီကိစ္စမှာ ဘုရားသခင် ဘယ်လို ပြောထားသလဲ ဆိုတာပါပဲ။ ဘုရားသခင်က အသိဆုံးပဲလေ။

ဒါကြောင့် လူတွေ ဘာပဲပြောပြော ဘုရားသခင်က မှားတယ်လို့ဆိုတဲ့ အလုပ်မျိုးကို တို့တစ်တွေ ဘယ်တော့မှ မလုပ်သင့်ဘူး။ ဒီနည်းနဲ့ ဘုရားသခင်ကို အမြဲတမ်း ပျော်ရွှင်အောင် လုပ်သွားမယ်။ မာရ်နတ် ဝမ်းသာအောင် ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။

မကောင်းတာ လုပ်ဖို့ သွေးဆောင်တာကို ဘယ်လို တွန်းလှန်ရမယ်ဆိုတဲ့ ထပ်ဆင့် အကြောင်းအရာကို ဆာလံ ၁:၁၊ ၂။ ပညာအလိမ္မာ ၁:၁၀၊ ၁၁။ မဿဲ ၂၆:၄၁။ ၂ တိမောသေ ၂:၂၂ တို့မှာ တွေ့နိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ