ယေဟောဝါသက်သေများသည် တစ်ယူသန်ဂိုဏ်းတစ်ခုလော
ယေရှုခရစ်သည် သောက်ကြူးသူ၊ စားကြူးသူ၊ ဥပုသ်ချိုးဖောက်သူ၊ မတရားသက်သေ၊ ဘုရားကိုပြစ်မှားသူ၊ စာတန်၏တမန်ဟူ၍ စွပ်စွဲခံခဲ့ရသည်။ အဖျက်အမှောင့်သမားဟူ၍လည်း ကိုယ်တော်စွပ်စွဲခံခဲ့ရသည်။—မဿဲ ၉:၃၄; ၁၁:၁၉; ၁၂:၂၄; ၂၆:၆၅; ယောဟန် ၈:၁၃; ၉:၁၆; ၁၉:၁၂။
ယေရှုသေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းနောက်ပိုင်းတွင် ကိုယ်တော့်တပည့်တော်များလည်း အလားတူ ပြင်းထန်သည့်စွပ်စွဲချက်များ၏ ပစ်မှတ်ဖြစ်ခဲ့ရသည်။ ပထမရာစုခရစ်ယာန်အုပ်စုတစ်ခုကို ‘ဤသူများသည် လောကီနိုင်ငံကို မှောက်လှန်သောသူများ’ ဟုအော်ဟစ်ကာ မြို့အာဏာပိုင်များထံ အတင်းဆွဲခေါ်သွားကြသည်။ (တမန်တော် ၁၇:၆) အခြားအချိန်တစ်ချိန်တွင် တမန်တော်ပေါလုနှင့် သူ့အဖော်သိလတို့သည် အာဏာပိုင်များထံသို့ ခေါ်ဆောင်သွားခြင်းခံရပြီး ဖိလိပ္ပိမြို့ကိုကြီးစွာနှောင့်ယှက်သူများအဖြစ် စွဲချက်တင်ခံရကြသည်။—တမန်တော် ၁၆:၂၀။
နောက်ပိုင်းတွင် ပေါလုသည် “ဆိုးသွမ်းသူ၊ မြေတစ်ပြင်လုံးရှိယုဒလူမျိုးတို့ဘောင်တွင် သောင်းကျန်းထကြွစေသူ” နှင့် “ဗိမာန်တော်ကိုရှုတ်ချ” ရန်ကြိုးစားသူဟူ၍ စွပ်စွဲခံရသည်။ (တမန်တော် ၂၄:၅၊ ၆၊ သမ) ရောမရှိဂျူးတို့၏အကြီးအကဲများက “ဤဂိုဏ်းနှင့်စပ်၍ အရပ်ရပ်တွင်ငြင်းဆိုကြကြောင်း ငါတို့သိ” သည်ဟု ဝန်ခံကြခြင်းအားဖြင့် ယေရှုတပည့်တော်များ၏အခြေအနေကို တိကျစွာဖော်ပြခဲ့သည်။—တမန်တော် ၂၈:၂၂၊ သမ။
ယေရှုတည်ထောင်ခဲ့သည့် ဤလူအုပ်စုသစ်သည် အစွန်းရောက်အမြင်နှင့်အလေ့အကျင့်များရှိပြီး ထိုအချိန်က လူအများလက်သင့်ခံထားသည့် လူ့အသိုင်းအဝိုင်း၏ပုံမှန်အမူအကျင့်များနှင့် ဆန့်ကျင်သောအကျင့်အကြံများရှိသည့် ဘာသာရေးအဖွဲ့ ဖြစ်သည်ဟု အချို့လူများကယူမှတ်ခဲ့ကြကြောင်း ထင်ရှားသည်။ ယနေ့ လူများစွာတို့ကလည်း ခရစ်ယာန်များကို အန္တရာယ်ရှိသည့်တစ်ယူသန်ဂိုဏ်းဟု ယူမှတ်ကြမည်မှာ မလွဲပေ။ စွပ်စွဲသူများသည် လူ့အသိုင်းအဝိုင်းတွင် ထင်ရှားကျော်ကြား၍ ရိုသေလေးစားခံရသူများ ဖြစ်လေ့ရှိပြီး ယင်းအချက်က စွပ်စွဲချက်များကို ပို၍အလေးသာစေဟန်ရှိသည်။ ယေရှုနှင့်ကိုယ်တော့်တပည့်တော်များအား စွပ်စွဲချက်များကို လူအများကယုံကြည်ကြသည်။ သို့သော် သင်သိမည်ဖြစ်သည့်အတိုင်း ဤစွပ်စွဲချက်တစ်ခုစီသည် မှားနေပါသည်တကား! ဤအရာများကို လူများပြောဆိုနေသည့်အဖြစ်က သူတို့ကိုမှန်အောင်မပြုလုပ်ပေးခဲ့ပါ။
ယခုခေတ်တွင်ကော မည်သို့နည်း။ အစွန်းရောက်အမြင်နှင့်အလေ့အကျင့်များရှိပြီး လူအများလက်သင့်ခံထားသည့် လူ့အသိုင်းအဝိုင်း၏ပုံမှန်အမူအကျင့်များနှင့် ဆန့်ကျင်သောအကျင့်အကြံများရှိသည့် ဘာသာရေးအဖွဲ့ ဖြစ်သည်ဟု ယေဟောဝါသက်သေများအား ရည်ညွှန်းပြောဆိုပါက မှန်ကန်ပါမည်လော။ ယေဟောဝါသက်သေများသည် တစ်ယူသန်ဂိုဏ်းတစ်ခုလော။
အထောက်အထား၏ဖော်ပြချက်များ
ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့ရှိ အစိုးရအရာရှိတစ်ဦးက ရှင်းပြသည်– “ယေဟောဝါသက်သေတွေဟာ အမှောင်ထဲမှာထိုင်၊ ကလေးတွေကိုသတ်ပြီး ကိုယ့်ကိုယ်ကိုသတ်သေတဲ့ မြေအောက်လှုပ်ရှားမှုအဖွဲ့လိုမျိုး ဖြစ်တယ်လို့ ကျွန်တော်တို့ကိုအကြောင်းကြားတယ်။” သို့တစေ မကြာသေးမီက ရုရှားလူထုသည် သက်သေခံများ၏အကျင့်အကြံနှင့်အရည်အသွေးအမှန်တို့ဖြင့် ကောင်းစွာအကျွမ်းတဝင်ဖြစ်လာခဲ့သည်။ အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးနှင့် ပတ်သက်၍ ယေဟောဝါသက်သေများနှင့်အတူ အလုပ်လုပ်ရပြီးနောက်တွင် အထက်ပါအရာရှိက ဤသို့ရှုမြင်မှတ်သားခဲ့မိသည်– “ခုတော့ ကျွန်တော်သိတဲ့လူတွေတော်တော်များများထက်တောင် ပိုပြီးကောင်းကြတယ်၊ ပုံမှန်ရှိပြီး ပြုံးရွှင်နေတဲ့လူတွေကို ကျွန်တော်တွေ့လိုက်ရတယ်။ သူတို့ဟာ ငြိမ်သက်အေးဆေးတဲ့သူတွေဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတယ်။” သူဆက်ပြောသေးသည်– “သူတို့နဲ့ပတ်သက်လို့ လူတွေက ဘာကြောင့်အဲဒီလိုမုသားတွေကို ပြောရတာလဲဆိုတာ ကျွန်တော်နားကိုမလည်နိုင်ဘူး။”
ယေဟောဝါသက်သေများသည် ဘာသာရေးဆိုင်ရာကြီးကျယ်ခမ်းနားသည့် အစည်းအဝေးများကို မကျင်းပကြပါ။ သူတို့၏ဝတ်ပြုရေးသည် လျှို့ဝှက်မှုဖြင့်လည်း ဖုံးကွယ်မနေပါ။ သက်သေခံမဟုတ်သည့် စာရေးဆရာမဖြစ်သူ ဂျူလီယာမစ်ချယ်လ်ကောဘတ် ဤသို့မှတ်ချက်ချသည်– “သူတို့သည် တစ်ပတ်လျှင်တစ်ခါထက်မက သူတို့၏ဘုရားနိုင်ငံတော်ခန်းမ (သူတို့စည်းဝေးရာနေရာကို ချာ့ချ်ဟုမခေါ်ကြ) များတွင် တွေ့ဆုံကြသည့်အခါ သူတို့၏အချိန်အများစုကို ကျမ်းစာလေ့လာခြင်းနှင့် ဆွေးနွေးခြင်းများတွင် အသုံးပြုကြသည်။” သူတို့စည်းဝေးသည့်နေရာများကို ရှင်းလင်းပီပြင်စွာ မှတ်သားဖော်ပြထားကြသည်။ အစည်းအဝေးများကို လွတ်လပ်စွာဖွင့်လှစ်ထားပြီး လူထုလူတန်းစားအားလုံး ခေါ်ဖိတ်ခံရကြသည်။ အကြောင်းမကြားထားသောဧည့်သည်များသည် အတိုင်းထက်အလွန်ကြိုဆိုခြင်းကို ခံရကြသည်။
“သက်သေခံများသည် ရိုးသားသည်၊ ယဉ်ကျေးပျူငှာသည်၊ လုံ့လဝီရိယရှိသည်ဟူသော နာမည်ကောင်းကို ရယူထားကြသည်” ဟု အမေရိကရှိဘာသာတရား ဟူသောစာအုပ်တွင် ကောဘတ်က ဆက်လက်ဖော်ပြထားသည်။ သက်သေခံမဟုတ်သူများစွာတို့က ယေဟောဝါသက်သေများသည် အရူးထခြင်း သို့မဟုတ် အမြင်ရိုင်းခြင်းတို့နှင့် ကင်းကြသည်ဟုဝန်ခံကြသည်။ သူတို့၏ပြုမူကျင့်ကြံပုံသည် လူ့အသိုင်းအဝိုင်း၏ပုံမှန်အမူအကျင့်များနှင့် မဆန့်ကျင်ပါ။ ဗြိတိန်စွယ်စုံကျမ်းသစ် က သက်သေခံများသည် “တစ်ကိုယ်ရေပြုမူကျင့်ကြံပုံနှင့်ပတ်သက်၍ မြင့်မားသည့်စာရိတ္တကျင့်ထုံးကို စွဲမြဲကြပ်မတ်ကြသည်” ဟု တိကျမှန်ကန်စွာဖော်ပြထားသည်။
အမေရိကန်နိုင်ငံရှိ သတင်းနှင့်ရုပ်သံလွှင့်အထူးစီမံကိန်းဌာနမန်နေဂျာက ယေဟောဝါသက်သေများနှင့်ပတ်သက်၍ မလိုတမာသတင်းလွှင့်ခြင်းကို ပြန်လည်ချေပသည့်အနေနှင့် တီဗွီတွင် မိနစ် ၆၀ ကြာ တင်ပြသွားသည်။ သူဤသို့ပြောခဲ့သည်– “လူအများစုက ခင်ဗျားတို့ရဲ့ယုံကြည်ခြင်းလမ်းစဉ်အတိုင်း အသက်ရှင်ကြရင် ဒီနိုင်ငံဟာ လက်ရှိပုံစံအတိုင်းဖြစ်နေမှာမဟုတ်ဘူး။ ကျွန်တော်ဟာ ဖန်ဆင်းရှင်ကိုချစ်ခြင်းနဲ့ အခိုင်အမာယုံကြည်ခြင်းတို့အပေါ်မှာ အခြေပြုထားတဲ့ ခင်ဗျားတို့ရဲ့အဖွဲ့အစည်းအကြောင်းကို သိထားတဲ့သတင်းထောက်တစ်ဦးပါ။ ခင်ဗျားတို့ကိုသိစေချင်တာက သတင်းထောက်အားလုံး ခင်ဗျားတို့ကိုဆန့်ကျင်တဲ့သူတွေမဟုတ်ပါဘူး။”
လူသိများသောဘာသာတရား
ယေဟောဝါသက်သေများသည် သေးငယ်၍ အစွန်းရောက်သည့်ဘာသာရေးအုပ်စုဟု ပြောခြင်းသည် တော်မှန်ပါသလော။ အချို့ဘာသာများနှင့်ယှဉ်လိုက်လျှင် ယေဟောဝါသက်သေများသည် အရေအတွက်အားဖြင့်နည်းသည်မှာ တစ်စိတ်တစ်ဒေသမှန်ပါသည်။ သို့သော် ယေရှုပြောခဲ့သည့်စကားကို ပြန်သတိရပါ– “အသက်ရှင်ခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍ တွေ့ဝင်သောသူတို့သည် နည်းကြ၏။”—မဿဲ ၇:၁၃၊ ၁၄။
မည်သို့ဆိုစေ သက်သေခံများသည် သေးငယ်၍အစွန်းရောက်သည့်တစ်ယူသန်ဂိုဏ်းတစ်ခု လုံးဝမဟုတ်ပါ။ ၁၉၉၃ ခုနှစ်နွေဦးရာသီက သက်သေခံများကျင်းပသည့် ခရစ်တော်သေခြင်းကိုသတိရအောက်မေ့ရာပွဲသို့ လူပေါင်း ၁၁ သန်းကျော်တက်ရောက်ခဲ့သည်။ သို့သော် သူတို့၏အရေအတွက်ထက် သာ၍အရေးကြီးသည်ကား သူတို့အား ကမ္ဘာချီချီးမွမ်းခံရစေသည့် အကျင့်စာရိတ္တနှင့် ပုံသက်သေကောင်းသည့်အမူအကျင့်များဖြစ်ကြသည်။ ယင်းက သူတို့အား လူသိများသော၊ ရိုးသားဖြူစင်သော ဘာသာတရားအဖြစ် များစွာသောတိုင်းနိုင်ငံများက တရားဝင်အသိအမှတ်ပြုရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်မှာ သေချာသည်။
ထင်ရှားသည်ကား မကြာသေးမီက လူ့အခွင့်အရေးဆိုင်ရာဥရောပကော်မရှင်၏ စီရင်ထုံးဖွဲ့မှုဖြစ်သည်။ သက်သေခံများသည် အတွေးအခေါ်၊ ဩတ္တပ္ပစိတ်၊ ဘာသာရေးတို့တွင် လွတ်လပ်ခွင့်ခံစားရသင့်ပြီး မိမိတို့၏ယုံကြည်ခြင်းကိုပြောဆိုခွင့်၊ သူတစ်ပါးအားသင်ကြားခွင့်ရှိကြသည်ဟု ယင်းကကြေညာသည်။ ယေဟောဝါသက်သေများသည် လှည့်ဖြားပြီး လူမှုကျင့်ဝတ်နှင့်မညီညွတ်သောနည်းများသုံးကာ အသင်းသားတိုးအောင်လုပ်သည် သို့မဟုတ် မိမိတို့နောက်လိုက်များ၏စိတ်ကို ထိန်းချုပ်နိုင်ရန် စဉ်းလဲစွာကြိုးကိုင်နိုင်သည့်နည်းစနစ်များကို အသုံးပြုသည်ဟု ကျော်ကြားလျှင် အထက်ပါအတိုင်းကြေညာခံရရန်ဝေးစွ။
ကမ္ဘာတစ်ခွင်ရှိလူ ထုနှင့်ဒေးတို့သည် ယေဟောဝါသက်သေများနှင့် အကျွမ်းတဝင်ဖြစ်ကြသည်။ သက်သေခံများနှင့်ကျမ်းစာသင်နေသူ သို့မဟုတ် တစ်ချိန်ချိန်တွင်ကျမ်းစာသင်ခဲ့ဖူးသော သက်သေခံမဟုတ်သူသန်းပေါင်းများစွာတို့အား ကျွန်ုပ်တို့မေးလိုသည်မှာ သင်တို့အား အဓမ္မအယူသွင်းရန် အားထုတ်မှုတစ်စုံတစ်ရာရှိပါသလော။ သက်သေခံများသည် သင်တို့၏စိတ်ကိုထိန်းချုပ်သည့်နည်းစနစ်ကို ကျင့်သုံးပါသလော။ “မဟုတ်ပါ” ဟု သင်တို့ရိုးသားစွာဖြေဆိုကြမည်မှာ မုချဖြစ်သည်။ ထိုနည်းစနစ်များကိုအသုံးပြုခဲ့ပါမူ ယေဟောဝါသက်သေများဘက်မှ မည်သည့်အကောင်းပြောဆိုမှုမဆိုအား ဆန့်ကျင်မည့်သူ ယင်းသို့အပြုခံရသူများ၏အရေအတွက်သည် အလွန့်အလွန်များပြားနေမည်မှာ ထင်ရှားပါသည်။
“လူတို့အားအကူအညီပေးခြင်းတွင် ထိရောက်စွာပါဝင်သူများ”
တစ်ယူသန်ဂိုဏ်းအဖွဲ့ဝင်များသည် မိတ်ဆွေများ၊ မိသားစုများနှင့်ပါမက လူ့လောကအသိုင်းအဝိုင်းနှင့်ပင် သီးခြားနေကြသည်။ ယေဟောဝါသက်သေများ ထိုသို့ ပြုကြသလော။ ချက်သမ္မတနိုင်ငံမှ သတင်းစာဆရာတစ်ဦးက “ကျွန်ုပ်သည် ယေဟောဝါသက်သေတစ်ဦးမဟုတ်ပါ။ သူတို့ [ယေဟောဝါသက်သေများ] တွင် ကြီးမားအံ့သြဖွယ်စာရိတ္တစွမ်းအားရှိသည်မှာ ထင်ရှားသည်။ . . . သူတို့သည် အုပ်ချုပ်ရေးအာဏာစက်များကို အသိအမှတ်ပြုကြသည်။ သို့ရာတွင် ဘုရားသခင့်နိုင်ငံတော်ကသာလျှင် လူ့ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်မည်ဟု သူတို့ယုံကြည်ထားကြသည်။ သို့သော် သတိထားကြည့်ပါ—သူတို့သည် တစ်ယူသန်သူများမဟုတ်ကြ။ သူတို့သည် လူတို့အားအကူအညီပေးခြင်းတွင် ထိရောက်စွာပါဝင်သူများဖြစ်ကြသည်” ဟု ရေးသားခဲ့သည်။
သူတို့သည် လူ့အသိုင်းအဝိုင်းထဲတွင်နေလျက်နှင့် ဆွေမျိုးများ၊ အခြားသူများနှင့် သီးခြားနေကြသူများမဟုတ်ပါ။ မိမိတို့တွင် မိသားစုကိုချစ်ခင်ပြီး ကြည့်ရှုစောင့်ရှောက်ရမည့်ကျမ်းပေးတာဝန်ရှိကြောင်း သူတို့အသိအမှတ်ပြုကြသည်။ သူတို့သည် လူမျိုးအားလုံး၊ ဘာသာအားလုံးမှလူများနှင့် အတူအလုပ်လုပ်ကြသည်။ ဘေးအန္တရာယ်များကျရောက်သည့်အခါ ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြားသောရက်ရောသည့်အထောက်အကူများကို အလျင်အမြန်ပေးကြသည်။
ထိုထက်အရေးကြီးသည်ကား သူတို့သည် ပြိုင်နှိုင်း၍မရသည့်ပညာပေးအစီအစဉ်တွင် ပါဝင်နေကြခြင်းဖြစ်သည်။ မိမိတို့ဝန်းကျင်လူ့အသိုင်းအဝိုင်းရှိ လူတစ်ဦးစီထံလည်ပတ်ရန် စနစ်တကျစီစဉ်ဖွဲ့စည်းထားသည့် ဘာသာတရားမည်မျှရှိသနည်း။ နိုင်ငံပေါင်း ၂၀၀ ကျော်တွင် ဘာသာစကားပေါင်း ၂၀၀ ကျော် ဖြင့် ယေဟောဝါသက်သေများ ယင်းကိုပြုလုပ်နေကြပါသည်တကား! ရှင်းနေသည်ကား ယေဟောဝါသက်သေများသည် “လူတို့အားအကူအညီပေးခြင်းတွင် ထိရောက်စွာပါဝင်သူများ” ဖြစ်ကြသည်။
သမ္မာကျမ်းစာကိုတစ်သဝေမတိမ်းလိုက်လျှောက်ခြင်း
ယေဟောဝါသက်သေများ၏သွန်သင်ချက်များသည် ချာ့ချ်များတွင်ပေးသောသွန်သင်ချက်များနှင့် ခြားနားကြောင်းကိုမူ ဝန်ခံရပေမည်။ ယေဟောဝါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်ပြီး ယေရှုမှာ ကိုယ်တော့်သားတော်ဖြစ်ကြောင်း၊ သုံးပါးပေါင်းဘုရား၏အစိတ်အပိုင်းမဟုတ်ကြောင်း ယေဟောဝါသက်သေများယုံကြည်ကြသည်။ သူတို့၏ယုံကြည်ခြင်းသည် ဒုက္ခရောက်နေသည့်လူသားမျိုးနွယ်ကို ဘုရားသခင်၏နိုင်ငံတော်သာလျှင် ချမ်းသာရာရစေနိုင်မည်ဟူသည့်ယုံကြည်ချက်နှင့် ခိုင်မြဲစွာဆက်စပ်နေသည်။ ဤယိုယွင်းသည့်အစီအစဉ်စနစ်၏ နီးကပ်နေသည့်ပျက်စီးခြင်းအကြောင်း လူများကိုသူတို့သတိပေးကြသည်။ နာခံသူလူသားများအတွက် မြေကြီးပရဒိသုဆိုင်ရာ ဘုရားသခင့်ကတိတော်ကို သူတို့ဟောပြောကြသည်။ သူတို့သည် လက်ဝါးကပ်တိုင်ကို ကြည်ညိုလေးမြတ်ခြင်းမပြုကြပါ။ ခရစ္စမတ်မကျင်းပကြပါ။ စိုးလ်သည် သေနိုင်ပြီး ငရဲမီးမရှိကြောင်း သူတို့ယုံကြည်ကြသည်။ သူတို့သည် အသွေးကိုလည်းမစား၊ သွေးသွင်းခြင်းကိုလည်း လက်မခံကြပါ။ သူတို့သည် နိုင်ငံရေးနှင့်ပတ်သက်ခြင်း၊ စစ်မှုရေးရာများတွင်ပါဝင်ခြင်းကို လုံးလုံးရှောင်ကြဉ်ကြသည်။ ယေဟောဝါသက်သေများ၏သွန်သင်ချက်များသည် အဘယ်ကြောင့် ဤမျှထူးခြားရသနည်းဟု သင့်ကိုယ်ကိုသင်မေးဖူးသလော။
မက်ဆာချူးဆက်သတင်းစာ ဒေးလီးဟဲမစ်စဖီးယားဂေဇက် က ယေဟောဝါသက်သေတို့၏ “တိကျခိုင်မာသည့် ကျမ်းစာအဓိပ္ပာယ်ဖွင့်ဆိုချက်က အခြားသူများတော်သင့်လျောက်ပတ်သည်ဟု ယူမှတ်သောအရာအမြောက်အမြားတို့အား တားမြစ်သည်။ . . . ယင်းတို့အားလုံးသည် ပထမရာစုခရစ်ယာန်များ၏ပုံသက်သေနှင့် သမ္မာကျမ်းစာ၏အဆိုအမိန့်ကို လိုက်လျှောက်ရန်ကြိုးစားခြင်းဖြစ်သည်” ဟုဖော်ပြထားသည်။ ဘာသာတရားဆိုင်ရာစွယ်စုံကျမ်း က “သူတို့၏ယုံကြည်ချက်အားလုံးသည် သမ္မာကျမ်းစာပေါ်တွင် အခြေပြုသည်။ သူတို့၏ယုံကြည်ခြင်းဆိုင်ရာအဆိုပြုချက်အားလုံးနီးပါးကို ‘ကျမ်းချက်ဖြင့်ကိုးကား’ ပြီး ထုံးတမ်းစဉ်လာကို လုံးလုံးနေရာယူသည့် သမ္မာကျမ်းစာ၏အခွင့်အာဏာကို ခြွင်းချက်မရှိလက်ခံကြသည်။ အမေရိကရှိဘာသာတရား အမည်ရှိစာအုပ်ကလည်း ဤသို့ဖော်ပြထားသည်– “ထိုအုပ်စုသည် ကျမ်းစာလေ့လာမှုကို အာရုံစူးစိုက်ခြင်းမှ မည်သည့်အခါမျှမတိမ်းယိမ်းသွားဘဲ ယင်း၏သွန်သင်ချက်များကို စေ့စပ်သေချာသည့်အစီအစဉ်ဖြင့် ကိုးကားထားသောကျမ်းချက်များနှင့် ပံ့ပိုးထားသည်။”
သူတို့၏ခေါင်းဆောင်မည်သူနည်း
သမ္မာကျမ်းစာသွန်သင်ချက်များကို တိတိကျကျလိုက်လျှောက်လွန်းရကား ယနေ့တစ်ယူသန်ဂိုဏ်းများတွင် အထူးပေါ်လွင်ထင်ရှားသည့် လူသားခေါင်းဆောင်များအား ကြည်ညိုလေးမြတ်ခြင်းနှင့် ကိုးကွယ်ခြင်းတို့ကို ယေဟောဝါသက်သေများတွင် မတွေ့ရပါ။ ဓမ္မဆရာ-ဒါယကာခွဲခြားခြင်းကို သူတို့လက်မခံကြပါ။ ဘာသာတရားဆိုင်ရာစွယ်စုံကျမ်း က ယေဟောဝါသက်သေများနှင့်ပတ်သက်၍ ဤသို့ဆီလျော်စွာဖော်ပြထားသည်– “ဓမ္မဆရာအတန်းအစားနှင့် ထူးခြားသည့်ဘွဲ့ရာထူးများကို တားမြစ်ထားသည်။”
ယေရှုခရစ်ကို သူတို့၏ခေါင်းဆောင်နှင့် ခရစ်ယာန်အသင်းတော်၏ဦးစီးအဖြစ် ကိုယ်တော့်နောက်လိုက်ကြသည်။ ယေရှုပြောခဲ့သည်မှာ ဤသို့– “သင်တို့မူကား ရဗ္ဗိအခေါ်မခံကြနှင့်။ ဆရာတစ်ပါးတည်းရှိလျက် သင်တို့ရှိသမျှသည် ညီအစ်ကိုချင်းဖြစ်ကြ၏။ မြေကြီးပေါ်ရှိမည်သူ့ကိုမျှ အဘဟူ၍မခေါ်ကြနှင့်။ သင်တို့၌ ကောင်းကင်ဘုံစံအဘ တစ်ပါးတည်းရှိ၏။ ဆရာတော် [ခေါင်းဆောင်၊ ကဘ] ဟူ၍လည်း အခေါ်မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဆရာတော် [ခေါင်းဆောင်၊ ကဘ] တစ်ပါးတည်းရှိ၏။”—မဿဲ ၂၃:၈-၁၂၊ သမ။
ယေရှုသည် စားကြူးသောက်ကြူးသူလုံးဝမဟုတ်သကဲ့သို့ ယေဟောဝါသက်သေများလည်း တစ်ယူသန်ဂိုဏ်းလုံးဝမဟုတ်ပါ။ ယေရှုနှင့်ကိုယ်တော့်တပည့်တော်များနှင့်ပတ်သက်သည့် မဟုတ်မမှန်သတင်းဖြင့်လွှမ်းမိုးခံရသူတိုင်း ကိုယ်တော်အားကဲ့ရဲ့ရှုတ်ချရန် သွေးဆောင်မခံရကြပါ။ အချို့တို့သည် တလွဲသတင်းပေးခံရခြင်းသာ ဖြစ်နိုင်သည်။ ယေဟောဝါသက်သေများနှင့် သူတို့၏ယုံကြည်ချက်များအကြောင်း သင်မေးခွန်းမေးလိုလျှင် သူတို့နှင့်ကောင်းစွာသိရှိအောင်လုပ်ပါလေ။ သမ္မာတရားရှာဖွေသူအားလုံးတို့အတွက် သူတို့၏ဘုရားနိုင်ငံတော်ခန်းမတံခါးကို ကျယ်ဝန်းစွာဖွင့်ထားပေးသည်။
သင်လည်း သမ္မာကျမ်းစာ၏ တိကျမှန်ကန်သောအသိပညာကို ဂရုတစိုက်ရှာဖွေလေ့လာခြင်းမှ အကျိုးရယူနိုင်ပြီး ယေရှု၏အောက်ပါစကားနှင့်အညီ ဘုရားသခင်အားမည်သို့ဝတ်ပြုရမည်ကို သင်ယူနိုင်ပါသည်– “စစ်မှန်စွာ[ကဘ] ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာ [သမ္မာ၊ ကဘ] တရားနှင့်လည်းကောင်း ကိုးကွယ်ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။”—ယောဟန် ၄:၂၃။