“နက်သောရေ” ကို ခပ်ယူခြင်း
“လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့်တူသော်လည်း၊ ဉာဏ်ကောင်းသော [“ပိုင်းခြားသိမြင်ခြင်းရှိသော၊” ကဘ] သူသည် ခပ်ယူလိမ့်မည်” ဟုနယပုံပြင်ကျမ်းကဆိုပါသည်။ (သု. ၂၀:၅) ယနေ့ခေတ်ရှိ တိုင်းပြည်များစွာတွင်ကဲ့သို့မဟုတ်ဘဲ ကျမ်းစာခေတ်၌ ရေရရှိရန်ပို၍ခက်ခဲသည်။ ရှမာရိမိန်းမနှင့် ယေရှုစကားပြောဆိုခဲ့စဉ်က သူမသည် ၇၅ ပေခန့်နက်သည့် ယာကုပ်ရေတွင်းမှ ရေဆွဲငင်ခဲ့ရသည်!—ယောဟန် ၄:၅-၁၅။
နယပုံပြင် ၂၀:၅ ညွှန်ပြသည့်အတိုင်း ရေတွင်းမှရေကိုခပ်ယူရန် ကြိုးစားအားထုတ်မှုလိုအပ်သကဲ့သို့ လူတစ်ဦး၏နှလုံးထဲရှိ နက်သောစဉ်းစားပုံများနှင့် သိုထားသောခံစားချက်များကို နှိုက်ယူရန် ပိုင်းခြားသိမြင်ခြင်းလိုအပ်ပါသည်။ ယင်းသည် အသက်တာနယ်ပယ်၏ အခန်းကဏ္ဍအများစုတွင်မှန်ကန်ပါသည်။ ဥပမာ၊ အသိပညာနှင့်အတွေ့အကြုံကြွယ်ဝမှုကို နှစ်ပေါင်းများစွာဆည်းပူးခဲ့သောသူများကို သင်သိပေမည်။ အကယ်၍သူတို့သည် မတိုက်တွန်းရဘဲ စိတ်လိုကိုယ်လျောက်အကြံပေးရန် ဆန္ဒမရှိပါက သင်သည် ယင်းတို့ကိုခပ်ယူရန် လိုအပ်ပေလိမ့်မည်။ စိတ်ဝင်စားမှုတင်ပြခြင်း၊ မေးခွန်းများမေးခြင်းနှင့် လိမ္မာပါးနပ်စွာစူးစမ်းခြင်းအားဖြင့် ပုံဆောင်သဘောဖြင့် သင့်ဆွဲပုံးကိုနက်သောဉာဏ်ပညာရေတွင်းသို့ချလိုက်ပါ။
နယပုံပြင် ၂၀:၅ ပါသြဝါဒသည် မိသားစုတွင်လည်းသက်ဆိုင်ပါသည်။ ဇနီးသည်တို့က “ကျွန်မယောက်ျားဟာ သူဘယ်လိုခံစားရတယ်ဆိုတာကို ကျွန်မကိုမပြောဘူး!” ဟုပြောကြသည်ကိုကြားရလေ့ရှိသည်။ လင်သားတစ်ဦးက “ကျွန်တော့်မိန်းမ ကျွန်တော့်ကိုစကားမပြောဘူး!” ဟုပြောပေမည်။ ယင်းသို့သောအခြေအနေမျိုး၌ မိမိအိမ်ထောင်ဖက်၏နှလုံးထဲရှိ နက်သော စဉ်းစားပုံများကိုခပ်ယူရန် ပိုင်းခြားသိမြင်ခြင်းလိုအပ်ပါသည်။ (ဒီနေ့အခက်အခဲတွေရှိလား၊ ဘာဖြစ်သလဲ၊ ကိုယ်ဘယ်လိုကူညီနိုင်မလဲ) စသည့် လိမ္မာပါးနပ်သည့်မေးခွန်းများက မကြာခဏဆိုသလို နှလုံးသားချင်းဆက်သွယ်မှုကို စတင်ဖြစ်စေသည်။ ယင်းသို့သောပိုင်းခြားသိမြင်မှုကိုပြသခြင်းက အိမ်ထောင်နှောင်ကြိုးကို ခိုင်မြဲစေမည်ဖြစ်ကာ လင်ယောက်ျားနှင့် ဇနီးသည်နှစ်ဦးစလုံးတို့အတွက် အကျိုးဖြစ်ထွန်းစေသည်။