အလှကုန်များထက်သာ၍ကောင်းသောအရာ
တမန်တော်ပေတရုသည် အမျိုးသမီးများ၏အလှတိုးစေသည့် “အပြင်တန်ဆာဆင်ခြင်း” အကြောင်းဖော်ပြပြီးနောက် ဤသို့အကြံပြုခဲ့သည်– “သင်တို့၏ရုပ်ရည်လှပမှုသည် . . . အတွင်းစိတ်နှလုံးနှင့်ဆိုင်သော တည်ကြည်နူးညံ့သည့် စိတ်ဓာတ်တည်းဟူသော ထာဝစဉ်လှပမှုအပေါ်တွင် တည်စေကြလော့။ ယင်းလှပမှုသည် ထာဝရဘုရား၏ရှေ့တော်မှောက်၌ အလွန်အဖိုးထိုက်ပေသည်။”—၁ ပေတရု ၃:၃၊ ၄၊ သတင်းကောင်း။
စိတ်ဝင်စားစရာမှာ တမန်တော်သည် ဤအပြင်တန်ဆာဆင်ခြင်းအကြောင်းရေးသားခဲ့စဉ်က “အထူးသဖြင့် အသားအရေလှစေခြင်း” ဟုအဓိပ္ပာယ်ရှိသည့် အင်္ဂလိပ်စကားလုံး “ကော့စ်မက်တစ်” ၏အရင်းခံစကားလုံးဖြစ်သော ဂရိစကားလုံး ကော့စ်မော့စ် ကိုအသုံးပြုခဲ့သည်။ ပေတရုသည် ခရစ်ယာန်အမျိုးသမီးများအပေါ် မိတ်ကပ်နှင့် အခြားအလားတူအလှကုန်ပစ္စည်းများကို အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ တားမြစ်ချက်တစ်ခုထုတ်နေခြင်းလော။ ၎င်းနှင့်ပတ်သက်သော အဆိုပြုချက်များ ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် မပါရှိချေ။ ယင်းအစား၊ ဤကိစ္စနှင့်ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခွင့်ရှိရာ စိတ်ကြိုက်လုပ်ဆောင်ရာတွင် အတိုင်းအတာအမျိုးမျိုးရှိကြမည်ဟု မျှော်လင့်နိုင်သည်။
သို့သော် မိတ်ကပ်အလွန်အကျွံခြယ်သမည် သို့မဟုတ် အခြားသူများကို စိတ်ကသိကအောက်ဖြစ်စေသည့်အထိခြယ်သမည်ဆိုပါက မည်သို့ယူမှတ်စေမည်နည်း။ အမြင်ရိုင်းစေခြင်း၊ ဣန္ဒြေမဲ့ခြင်း၊ အပေါစားဆန်ခြင်း၊ ဟိတ်ဟန်ထုတ်ခြင်း သို့မဟုတ် အတ္တလွန်ကဲခြင်းသဘောသက်ရောက်စေမည်မဟုတ်ပေလော။ မှန်ပါသည်၊ ကိုယ်ကျင့်တရားကို အထင်မှားစေနိုင်ပြီး အမျိုးသမီးတစ်ဦး၏ရုပ်သွင်ကိုပင် အပေါစားဆန်စေနိုင်၏။—ယေဇကျေလ ၂၃:၃၆-၄၂ နှိုင်းယှဉ်။
ယင်းကိုအသိအမှတ်ပြုသည့်အနေနှင့် “သခင်ဘုရားအားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသော” အမျိုးသမီးတစ်ဦးသည် အလှကုန်ပစ္စည်းများကို လိမ်းခြယ်ဖို့ ရွေးချယ်မည်ဆိုပါက ရှက်ကြောက်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကြင်နာခြင်းနှင့် ဣန္ဒြေစောင့်ခြင်း၏အမူအကျင့်များ သူ၏မျက်နှာတွင် ပေါ်လွင်ထင်ရှားစေရန် ကြိုးစားမည်။ ဤအရည်အသွေးများသည် သူ၏အလှကျက်သရေနှင့်ဆွဲဆောင်မှုကို တိုးမြှင့်ပေးပါလိမ့်မည်။ အမှန်မှာ၊ သူသည် မိတ်ကပ်ခြယ်သသည်ဖြစ်စေ၊ မခြယ်သသည်ဖြစ်စေ သူ၏ဂုဏ်သိက္ခာနှင့်အတွင်းအလှက သိသာပေါ်လွင်နေပေမည်။ ယင်းက အထက်တွင်ကိုးကားထားသော ပေတရု၏စကားများမှ ဖော်ပြသည့်အတိုင်း အလှကုန်တို့ထက်သာ၍ကောင်းသောအရာရှိသည်ကို သူသိနားလည်ထားကြောင်း ထင်ရှားစေပါလိမ့်မည်။—၁ တိမောသေ ၂:၉၊ ၁၀။