ယေဟောဝါအား သစ္စာစောင့်သိလျက် နေခြင်း
သစ္စာစောင့်ခြင်းသည် ယနေ့တွင် ရှားပါးသည့်အရည်အသွေးတစ်ခုဖြစ်သော်လည်း ယင်းသည် စစ်မှန်သောဘုရားသခင် ယေဟောဝါ၏ကျေးကျွန်များကို သိသာထင်ရှားစေသည့် အရည်အချင်းတစ်ခုဖြစ်သည်။ သစ္စာစောင့်သူသည် စမ်းသပ်မှုများအကြား တည်ကြည်မြဲမြံပြီး အချိန်ကုန်လွန်သွားလင့်ကစား မယိမ်းယိုင်ပေ။ မင်းကောင်းဟေဇကိကို သုံးသပ်ကြည့်ပါ။ ကျမ်းစာက ဤသို့ဖော်ပြသည်– “ထိုမင်း . . . ကဲ့သို့၊ သူ့နောက်မှာ . . . ယုဒရှင်ဘုရင် တစ်ယောက်မျှမရှိ။ ရှေ့ကာလ၌လည်းမရှိ။” အဘယ်အရာက ဟေဇကိကိုပြိုင်စံရှားဖြစ်စေခဲ့သနည်း။ မှားယွင်းသောဘုရား မောလုတ်ကို ဝတ်ပြုကိုးကွယ်သူများ သူ့ကိုဝန်းရံခဲ့သော်လည်း သူသည် ‘ယေဟောဝါ၌ဆက်၍ဆည်းကပ်နေခဲ့’ သည်။ မှန်ပါသည်၊ ဟေဇကိသည် “[ယေဟောဝါ] နောက်တော်သို့ အစဉ်အမြဲလိုက်သဖြင့် . . . ပညတ်တော်တို့ကိုစောင့်ရှောက်လေ၏။”—၄ ဓမ္မရာဇဝင် ၁၈:၁-၆။
ယေဟောဝါအားသစ္စာစောင့်ခဲ့သူ နောက်တစ်ဦးမှာ တမန်တော်ပေါလုဖြစ်သည်။ ခရစ်ယာန်ဂရိကျမ်းစာစောင်၌တွေ့ရသော သူ၏အမှုဆောင်ခြင်းမှတ်တမ်းက စိုးလ်အကြွင်းမဲ့ဘုရားသခင့်အမှုဆောင်ရာ၌ ပေါလု၏တည်ကြည်မှုကို ထင်ရှားစေသောအထောက်အထားဖြစ်သည်။ ပေါလု၏မြေကြီးအသက်တာကုန်ဆုံးခါနီးတွင် မိမိကိုယ်တိုင်အကြောင်း သူဤသို့ဆိုနိုင်ခဲ့သည်– “ကောင်းစွာသောတိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကိုအဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ။”—၂ တိမောသေ ၄:၇။
ဟေဇကိနှင့်ပေါလုတို့၏ သစ္စာစောင့်ခြင်းပုံသက်သေများသည် ကောင်းလှပါသည်တကား! ကျွန်ုပ်တို့၏ကြီးမြတ်သောဘုရားသခင်၊ ယေဟောဝါအားဆက်၍သစ္စာစောင့်ခြင်းဖြင့် သူတို့၏ယုံကြည်ခြင်းကို အတုယူကြပါစို့။—ဟေဗြဲ ၁၃:၇။