ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၁၁/၁ စာ. ၂၅-၂၆
  • “ဘာသာတရားဆိုင်ရာစာနာထောက်ထားရေးနေ့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဘာသာတရားဆိုင်ရာစာနာထောက်ထားရေးနေ့”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသက်သေတွေဟာ ခရစ်ယာန်စစ်တွေလား
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ယေဟောဝါသက်သေများ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ခရစ်ယာန်များနှင့် ယနေ့ လူ့အဖွဲ့အစည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ ကမ္ဘာအနှံ့လှုပ်ရှားတက်ကြွနေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၁၁/၁ စာ. ၂၅-၂၆

“ဘာသာတရားဆိုင်ရာစာနာထောက်ထားရေးနေ့”

ယေဟောဝါသက်သေများနှင့် တစ်ကြိမ်ဆွေးနွေးခဲ့ပြီးနောက် ပိုလန်နိုင်ငံရှိကျောင်းတစ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးသည် စိတ်ဝင်စားလာရာ သူ၏ကျောင်းတွင် “ဘာသာတရားဆိုင်ရာစာနာထောက်ထားရေးနေ့” ဟူ၍ ရက်တစ်ရက်ကို သတ်မှတ်ခဲ့သည်။ ကျောင်းသူကျောင်းသားများထဲမှ စေတနာ့ဝန်ထမ်းများ—ကက်သလစ်ဘာသာဝင်များ၊ . . . ဘာသာဝင်များနှင့် ယေဟောဝါသက်သေများ—သည် မိမိတို့၏ယုံကြည်ချက်များနှင့် ဓလေ့ထုံးစံများကို အခြားကျောင်းသားများသိစေရန် အကျဉ်းချုပ်တင်ပြပြောဆိုပါဟု အကြံပြုခဲ့သည်။ ဆယ်ကျော်သက်အရွယ် ယေဟောဝါသက်သေသုံးဦးသည် ချက်ချင်းပင် စေတနာ့ဝန်ထမ်းခဲ့၏။

ထိုနေ့သို့ရောက်သောအခါ ပထမဦးဆုံးတင်ဆက်ရသူမှာ ၁၅ နှစ်အရွယ် မာလ်ဝီနာဖြစ်သည်။ သူပြောပြရာများအနက် အချို့မှာ ဤသို့ဖြစ်သည်– “သင်တို့ရဲ့အိမ်တွေကို ကျွန်မတို့လာလည်ပတ်တာကြောင့် ဒီကျောင်းကို ကျွန်မတို့မတက်ခင်ကတည်းက သင်တို့အများဟာ ကျွန်မတို့ကို သိနှင့်နေကြမှာပါ။ ဘာကြောင့် ဒီလိုလည်ပတ်နေကြတာလဲလို့ သင်တို့သိချင်ကြမှာပဲ။ တကယ်တော့ ခရစ်ယာန်ဘာသာကိုတည်ထောင်ခဲ့တဲ့ ယေရှုခရစ်ရဲ့ပုံသက်သေကို ကျွန်မတို့ လိုက်လျှောက်နေကြတာပါ။ လူတွေကို တွေ့နိုင်တဲ့နေရာတိုင်းမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကိုယ်တော်ဟောပြောခဲ့တယ်။ တမန်တော်တွေနဲ့ အစောပိုင်းက အခြားခရစ်ယာန်တွေလည်း ဒီလိုပဲဟောခဲ့ကြတယ်။ နေရာအတော်များများမှာ ယေဟောဝါသက်သေတွေဟာ ယုံကြည်ခြင်းအတွက် အခက်အခဲတွေ ကြုံနေကြရတယ်၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ကျောင်းမှာ သင်တို့အားလုံးရဲ့ကူညီပံ့ပိုးမှုကြောင့် ကျွန်မတို့ ငြိမ်ငြိမ်သက်သက်ရှိတာကို ကျွန်မဝမ်းသာတယ်။ အဲဒီအတွက် သင်တို့ကို ကျွန်မတို့ကျေးဇူးတင်ပါတယ်!”

မာလ်ဝီနာ၏တင်ဆက်မှုနိဂုံး၌ ဤသို့ပြောခဲ့၏– “သင်တို့အိမ်ကို ကျွန်မတို့လည်ပတ်ရတဲ့အကြောင်း နောက်တစ်ခုရှိသေးတယ်။ သင်တို့ကို ကျွန်မတို့ချစ်ခင်ကြလို့ဖြစ်တယ်။ ကမ္ဘာကိုတုန်လှုပ်စေမယ့်အဖြစ်အပျက်တွေကို လူတွေ မကြာခင် ကြုံတွေ့ကြရတော့မယ်လို့ သမ္မာကျမ်းစာက ပြောထားတယ်။ ဒါကြောင့် နောက်တစ်ခါ သင်တို့တံခါးကို ကျွန်မတို့လာခေါက်ရင် ကျေးဇူးပြုပြီး အချိန်ပေးနားထောင်ပေးပါ။ မြေကြီးပရဒိသုမှာ ထာဝစဉ် ဘယ်လိုနေထိုင်နိုင်မယ်ဆိုတာကို ပြောပြချင်လို့ပါ။”

ဆက်လက်ပြောမည့်သူလည်း အသက် ၁၅ အရွယ်ရှိ မာတေယူချ်ဖြစ်၏။ ယေဟောဝါသက်သေများသည် သတင်းကောင်းပျံ့နှံ့ရန် နှစ်များတစ်လျှောက် နည်းအမျိုးမျိုးကို အသုံးပြုခဲ့ကြကြောင်း ပရိသတ်ကို မာတေယူချ်ပြောပြခဲ့သည်။ ဥပမာ၊ အသံတိတ်ရုပ်ရှင်ခေတ်ဖြစ်သည့် ၁၉၁၄ ခုနှစ်တွင် သက်သေခံများသည် ကိုက်ညှိထားသောအသံသွင်းပြီး ရုပ်ရှင်နှင့် ရုပ်သေတို့ကိုတွဲ၍ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကိုပြသခဲ့ကြသည်။

မာတေယူချ်သည် ဘုရားသခင့်နိုင်ငံတော်သတင်းကိုပျံ့နှံ့စေရာ၌ ရေဒီယို၏အပိုင်းကဏ္ဍကို ဆွေးနွေးပြီး ယေဟောဝါသက်သေများတီထွင်ထားသည့် အလွန်ထူးခြားသော ကွန်ပျူတာထိန်း ဘာသာစုံအီလက်ထရောနစ်ဓာတ်ပုံစာစီစနစ် (MEPS) ကိုဖော်ပြခဲ့၏။ ထို့ပြင် သွေးမဲ့ကုသနည်းစနစ်များအကြောင်း ဆရာဝန်များကို ယေဟောဝါသက်သေများ အသိပေးကူညီပေးခဲ့ပုံကိုလည်း သူပြောပြသည်။ “အခုဆိုရင် ထင်ပေါ်ကျော်ကြားတဲ့ ပိုလန်သမားတော်ကြီးတွေက ကျွန်တော်တို့ရဲ့ရပ်တည်မှုကို လိုလိုလားလားချီးမွမ်းလာကြပြီး သွေးမဲ့ခွဲစိတ်မှုပြုလုပ်လာကြတဲ့ သက်သေခံမဟုတ်တဲ့ လူနာအရေအတွက် နှစ်စဉ် တိုးများလာပြီလို့ သူတို့အလေးအနက်ပြောဆိုနေပြီ” ဟုသူပြောပြသည်။

မာတေယူချ်သည် ဘုရားသခင့်နိုင်ငံတော်ခန်းမများဆောက်လုပ်ခြင်းအကြောင်း ပြောပြ၍ ဤသို့နိဂုံးချုပ်ခဲ့သည်– “ကျွန်တော်တို့ခန်းမကို လည်ပတ်ချင်သလား။ အခမဲ့တက်ရောက်ခွင့်ရှိပြီး အလှူငွေကောက်ခံခြင်းလည်းမရှိဘူး။” မာတေယူချ်သည် ဆာစ်နိုဗာရက်မြို့မှ စည်းဝေးကြီးကျင်းပရာနေရာနှင့်ပတ်သက်၍ ဤသို့ပြောခဲ့၏– “စည်းဝေးကြီးတွေ ကျင်းပနိုင်ဖို့ ဆောက်လုပ်ထားတဲ့ အဲဒီအဆောက်အအုံကြီးကို သင်တို့တွေ့ဖို့ကောင်းတယ်။ ကျွန်တော်တို့ အတူသွားကြရအောင်။ ကျွန်တော်တို့မှာ အကြံပြုချက်တစ်ခုရှိတယ်၊ အဲဒီအကြောင်းကို ကျွန်တော်တို့ရဲ့သူငယ်ချင်း ကာတာရ်ဇီနာ ပြောပြလိမ့်မယ်။”

ထို့နောက် ၁၅ နှစ်အရွယ် ကာတာရ်ဇီနာက စိတ်အားထက်သန်စွာ ဤသို့ပြောသည်– “ယေဟောဝါသက်သေတွေရဲ့ ခရိုင်စည်းဝေးကြီးတက်ရောက်ဖို့ ဆာစ်နိုဗာရက်ကိုလာကြပါလို့ သင်တို့ကို ကျွန်မတို့ဖိတ်ခေါ်ပါတယ်။ လူငယ်တွေနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ဆက်ပါလိမ့်မယ်။” ထို့ပြင် ခရစ်ယာန်များအတွက် အရေးအကြီးဆုံးပွဲတော်ဖြစ်သည့် ယေရှုခရစ်သေခြင်း အောက်မေ့ရာပွဲကိုလည်း ကာတာရ်ဇီနာပြောပြခဲ့၏။ သူ၏ပရိသတ်အား သူက “ပြီးခဲ့တဲ့နှစ်က ဒီပွဲတော်ကို ကမ္ဘာတစ်ဝန်းမှာ ၁၄ သန်းကျော် တက်ရောက်ခဲ့ကြတယ်။ နောက်တစ်ခါကျရင် ကျွန်မတို့နဲ့အတူလိုက်တက်ကြည့်ကြပါလား” ဟုအားပေးခဲ့သည်။

မာလ်ဝီနာ၊ မာတေယူချ်နှင့် ကာတာရ်ဇီနာတို့သည် သူတို့၏တင်ဆက်မှုများပြီးနောက်တွင် ဆရာဆရာမများအား ယေဟောဝါသက်သေများ၏ ယုံကြည်ချက်များနှင့် လှုပ်ရှားဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြထားသည့် ဗီဒီယိုခွေနှစ်ခွေနှင့်အတူ ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ စာအုပ်ကိုပါ လက်ဆောင်ပေးခဲ့ကြသည်။a ဆရာဆရာမများသည် ၎င်းတို့ကို ကျေးဇူးတင်စွာလက်ခံယူထားကြပြီး သမိုင်းသင်တန်းများတွင် အသုံးပြုမည်ဟု ကတိပြုခဲ့ကြ၏။

အစီအစဉ်အဆုံး၌ ၁၂ နှစ်အရွယ် မာတ်နာသည် တက်ရောက်သူအားလုံးအား “ကျေးဇူးတင်ပါ၏ ယေဟောဝါ” သီချင်းကို တီးပြခဲ့သည်။ ဤသက်သေခံလူငယ်များသည် “ဘုရားသခင်ကိုအမှီပြု၍ . . . ရဲရင့်စွာဟောပြောကြ” ပြီးကောင်းစွာသက်သေခံခဲ့ကြသည်။ (၁ သက်သာလောနိတ် ၂:၂) အရပ်ရပ်ရှိ သက်သေခံလူငယ်များအတွက် အလွန်ကောင်းသော ပုံသက်သေတစ်ရပ်ပါတကား!

[အောက်ခြေမှတ်ချက်]

a ယေဟောဝါသက်သေများ ထုတ်ဝေသည်။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ကျောင်းတွင်မတင်ဆက်မီ ရက်အနည်းငယ်အလို၌ ပြင်ဆင်နေသော မာလ်ဝီနာ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

တင်ဆက်မှုအတွက် ကျမ်းချက်များရွေးချယ်နေသော ကာတာရ်ဇီနာ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ