သစ်ပင်ဖျက်ဆီးသူများ
သမ္မာကျမ်းစာခေတ်က သစ်ပင်များကို အဖိုးထိုက်အရာအဖြစ် ယူမှတ်ခဲ့ကြ၏။ ဥပမာ၊ အာဗြဟံသည် သူ၏ချစ်ဇနီးစာရာကို သင်္ဂြိုဟ်ရန် မြေကွက်ဝယ်သောအခါ ပိုင်ဆိုင်ခွင့်ကိုလက်ပြောင်းဖို့အတွက် နှစ်ဦးသဘောတူစာချုပ်ချုပ်ရာ၌ စာရင်းတွင် သစ်ပင်များပါသည်။—ကမ္ဘာဦး ၂၃:၁၅-၁၈။
အလားတူ ယနေ့လည်း သစ်ပင်များသည် အလွန်တန်ဖိုးရှိ၏၊ သစ်တောများထိန်းသိမ်းကာကွယ်ရေးကို နိုင်ငံတကာကအာရုံစိုက်ကြသည်။ ၁၉၉၈ ခုနှစ် ကမ္ဘာ့အခြေအနေစာအုပ်က ဤသို့ဆိုသည်– “မြောက်ဘက်ခြမ်းနိုင်ငံများမှ လူများစွာသည် အပူပိုင်းဒေသရှိသစ်တောများကို ရတက်မအေး ရှုမြင်နေကြစဉ် သူတို့နိုင်ငံများမှ သမပိုင်းဒေသရှိသစ်တောများသည် သစ်တောအမျိုးအစားအားလုံးတွင် အစိတ်စိတ်အမြွှာမြွှာ၊ ဖရိုဖရဲအဖြစ်ဆုံးဖြစ်နေကြောင်းကိုမူ သူတို့သတိမထားမိကြချေ။” ဥရောပမြောက်ဘက်ခြမ်းနိုင်ငံများနှင့် မြောက်အမေရိကရှိ ဤသစ်တောများ၏ကြံ့ခိုင်မှုကို အဘယ်အရာက ခြိမ်းခြောက်နေသနည်း။ လူအများက ဝန်းကျင်ထိန်းသိမ်းရေးကို ထောက်ပြကြသော်လည်း တင်စား၍ပြောရလျှင် သစ်ပင်များကို သစ်ရွက် တစ်ရွက်ချင်းစီ၊ တစ်မျှင်ချင်းစီ သိမ်မွေ့စွာဖျက်ဆီးနေသည့် အခြားအင်အားစုများရှိသည်။ ယင်းတို့ကား အဘယ်နည်း။ လေထုညစ်ညမ်းမှုနှင့် အက်စစ်မိုးဖြစ်သည်။ ဤညစ်ညမ်းမှုများသည် သစ်ပင်များကို တဖြည်းဖြည်းအားပျော့သွားစေပြီး ပိုးမွှားကျ၍ ကပ်ရောဂါရစေသည်။
ဝန်းကျင်ထိန်းသိမ်းရေးဝါဒီများနှင့် ရတက်မအေးဖြစ်နေကြသောနိုင်ငံသားများသည် ကမ္ဘာကြီး၏ဂေဟစနစ်ကိုကာကွယ်ရန် လိုအပ်ကြောင်း ဆယ်စုနှစ်ချီ သတိပေးခဲ့ကြပြီ။ ၁၉၈၀ ပြည့်လွန်နှစ်များတွင် လေထုညစ်ညမ်းမှုနှင့် အက်စစ်မိုး၏ ဝန်းကျင်အပေါ်ထိခိုက်မှုအကြောင်း ဂျာမနီနိုင်ငံရှိ သိပ္ပံပညာရှင်များက သုတေသနပြုပြီးနောက် ဤသို့ကောက်ချက်ချခဲ့ကြသည်– ‘ဘာမျှမလုပ်ဆောင်ကြလျှင် ၂၀၀၀ နှစ်လောက်တွင် လူတို့သည် သစ်တောများကို ရှေးဟောင်းဓာတ်ပုံများနှင့် ရုပ်ရှင်တို့တွင်သာ ရင်သပ်ရှုမောဖွယ်တွေ့ကြရပေလိမ့်မည်။’ ဝမ်းသာစရာကား ကမ္ဘာမြေကြီး၏ပြန်လည်ပြုပြင်နိုင်စွမ်းကြောင့် တင်ကူးပြောထားသော ပျက်စီးယိုယွင်းမှုအများစုကို ယခုထိကြံ့ကြံ့ခံလာနိုင်ခဲ့သည်။
သို့သော် ရေရှည်တွင် ကျွန်ုပ်တို့၏ဂေဟစနစ်ကို အဓိကထိန်းသိမ်းစောင့်ရှောက်မည့်သူမှာ ဘုရားသခင်သာဖြစ်ပေလိမ့်မည်။ ကိုယ်တော်သည် “အထက်ခန်းတော်ထဲကတောင်များကို ရေပေးတော်မူ” ၍ “တိရစ္ဆာန်ဖို့မြက်ပင်ကိုလည်းကောင်း၊ လူသုံးဖို့စပါးပင်ကိုလည်းကောင်း ပေါက်စေတော်မူ” ၏။ “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူ” မည်ဟု ကိုယ်တော်ကတိထားတော်မူပြီ။ (ဆာလံ ၁၀၄:၁၃၊ ၁၄; ဗျာဒိတ် ၁၁:၁၈) ကမ္ဘာသူကမ္ဘာသားများသည် ညစ်ညမ်းမှုကင်းမဲ့သောကမ္ဘာတစ်ခု၌ ထာဝရမွေ့လျော်နိုင်ကြမည့်အခါ မည်မျှပျော်လိုက်ရမည်ဖြစ်ခြင်း!—ဆာလံ ၃၇:၉-၁၁။