ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၂/၁ စာ. ၂၉
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်အိမ်ထောင်အဖို့ အုတ်မြစ်ကောင်းချခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • ‘အိမ်ထောင်မင်္ဂလာကို လေးစားရမယ်’
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • မင်္ဂလာဆောင်ပြီး နောက်ပိုင်း
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • ကိုယ့်အိမ်ထောင်ကို ကာကွယ်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၂/၁ စာ. ၂၉

စာရှုသူများထံမှမေးခွန်းလွှာ

မောရှေပညတ်တွင် ဖော်ပြထားသည့် ဆွေမျိုးချင်း အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်သော ကန့်သတ်ချက်များသည် အဘယ်အတိုင်းအတာအထိ ခရစ်ယာန်များနှင့် ယနေ့ သက်ဆိုင်သနည်း။

ဣသရေလလူမျိုးကို ယေဟောဝါပေးသောပညတ်တော်တွင် ထိမ်းမြားမင်္ဂလာအခမ်းအနားနှင့် လုပ်ပုံလုပ်နည်းများအကြောင်း မပါသလောက်ဖြစ်သည်။ သို့သော် အိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်း၍ တားမြစ်ချက်အချို့ကိုဖော်ပြထားသည်။ ဥပမာ၊ ဝတ်ပြုရာ ၁၈:၆-၂၀ [သမ] တွင် “ဆွေမျိုးနီးစပ်သူ” နှင့်ဆက်ဆံခြင်းဆိုင်ရာ တားမြစ်ချက်စာရင်းကို တွေ့ ရှိရ၏။ ထိုကျမ်းပိုဒ်တွင် ဆွေမျိုးရင်းချာချင်း လိင်ဆက်ဆံခြင်းမပြုရဟူ၍ အသေးစိတ်ဖော်ပြထားသည်။ အမှန်ဆိုရလျှင်၊ ခရစ်ယာန်များသည် မောရှေပညတ်အောက်တွင် မရှိတော့ချေ၊ တစ်နည်းအားဖြင့် ၎င်း၏ပညတ်များကို စောင့်ထိန်းစရာမလိုတော့ချေ။ (ဧဖက် ၂:၁၅; ကောလောသဲ ၂:၁၄) သို့သော် ယင်းကြောင့် ခရစ်ယာန်များသည် အိမ်ထောင်ဖက်ရွေးချယ်သောအခါ အဆိုပါပညတ်ကို လုံးဝလျစ်လျူရှုနိုင်သည်ဟု ဆိုလိုနေခြင်းမဟုတ်ပေ။ ဤသို့ဖြစ်ရခြင်းအကြောင်းရင်းများစွာရှိပါသည်။

ဦးဆုံးအနေနှင့်၊ ဆွေမျိုးနီးစပ်သူချင်း အိမ်ထောင်ပြုခြင်းကိုကြပ်မတ်ထားသည့် လောကဥပဒေများရှိပြီး ခရစ်ယာန်များသည် မိမိတို့နေထိုင်သည့် တိုင်းပြည်၏ဥပဒေများကိုလိုက်နာဖို့ တာဝန်ရှိသည်။ (မဿဲ ၂၂:၂၁; ရောမ ၁၃:၁) ထိုသို့သောဥပဒေများသည် တစ်နေရာနှင့်တစ်နေရာ မတူကြချေ။ အဓိကအားဖြင့် မျိုးရိုးဗီဇကိုထောက်ထားပြီး ခေတ်သစ်ဥပဒေအများစုကို ထုတ်ပြန်ထားခြင်းဖြစ်သည်။ ဆွေမျိုးနီးစပ်သူချင်း အိမ်ထောင်ပြုခြင်းဖြင့် သားသမီးများကို မျိုးရိုးဗီဇချို့ယွင်းချက်များနှင့် ရောဂါများ ရနိုင်ဖွယ်ရှိသည့်အချက်ကို လူတိုင်းသိကြ၏။ ဤအကြောင်းကြောင့်နှင့် “အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို . . . ဝန်ခံ” ရခြင်းတို့ကြောင့် အိမ်ထောင်ပြုလိုသော ခရစ်ယာန်များသည် ဒေသန္တရထိမ်းမြားခြင်းဥပဒေများကို လိုက်နာကြရသည်။

ထို့ပြင် မိမိနေထိုင်သော ရပ်ကွက်တွင် လက်ခံနိုင်ဖွယ်နှင့် လက်မခံနိုင်ဖွယ်ဟူ၍ရှိ၏။ ယဉ်ကျေးမှုအားလုံးလိုလိုတွင် သွေးနီးစပ်သူဆွေမျိုးရင်းချာချင်း အိမ်ထောင်ပြုခြင်းကို တားမြစ်ထားသော ဥပဒေများနှင့် ဓလေ့ထုံးစံများရှိကြသည်၊ ဤသို့အိမ်ထောင်ပြုခြင်းသည် သွေးနီးလွန်းသူချင်း ကာမဆက်ဆံခြင်းဖြစ်သောကြောင့် တားမြစ်ခြင်းဖြစ်၏။ သတ်သတ်မှတ်မှတ်တားမြစ်ထားသော ပေါင်းသင်းဆက်ဆံမှုသည် ယဉ်ကျေးမှုအသီးသီးတွင် အလွန်ကွာခြားကြမည်ဖြစ်သော်လည်း “အများအားဖြင့် လူနှစ်ဦး၏မျိုးရိုးဗီဇ နီးစပ်လေ သူတို့နှစ်ဦး လိင်ဆက်ဆံခြင်းကို တားမြစ်ခြင်းသည် ပိုကြပ်မတ်လေဖြစ်သည်” ဟုဗြိတဲန်နီကာစွယ်စုံကျမ်းကဆို၏။ သို့ ဖြင့် ခရစ်ယာန်များသည် ခရစ်ယာန်အသင်းတော်နှင့် ဘုရားသခင်၏နာမတော်ကို မထိခိုက်စေဖို့ သွေးနီးလွန်းသူချင်း အိမ်ထောင်ပြုခြင်းနှင့်မပတ်သက်လျှင်ပင် ရပ်ကွက်ဓလေ့ထုံးစံများကို လုံးဝဥပေက္ခာပြုလိုကြမည်မဟုတ်ချေ။—၂ ကောရိန္သု ၆:၃။

ကျွန်ုပ်တို့၏ဘုရားသခင်ပေးသိစိတ်ကိုလည်း လျစ်လျူရှုကြမည်မဟုတ်ပေ။ လူခပ်သိမ်းသည် အမှားအမှန်၊ အကောင်းအဆိုး ခွဲခြားသိမြင်နိုင်စွမ်းဖြင့် မွေးဖွားလာကြ၏။ (ရောမ ၂:၁၅) အကျင့်ပျက်ပြားမှုများကြောင့် သိစိတ် ထုံထိုင်းခြင်းမရှိခဲ့သော် အဘယ်အရာက နှစ်သက်ဖွယ်ကောင်းသည်၊ အဘယ်အရာက ရွံရှာဖွယ်ကောင်းသည်ကို ယင်းက ပြောပြလေ့ရှိသည်။ ယေဟောဝါသည် ဣသရေလလူမျိုးအား ဆွေမျိုးနီးစပ်သူချင်းအိမ်ထောင်ပြုခြင်းနှင့်ဆိုင်သည့် ပညတ်ပေးစဉ်က ဤအချက်ကို အရိပ်အမြွက်ပြောခဲ့သည်။ “သင်တို့နေဖူးသော အဲဂုတ္တုပြည်၏အကျင့်ကိုလည်းကောင်း၊ သင်တို့ကို ငါပို့ဆောင်လတ္တံ့သော ခါနာန်ပြည်၏အကျင့်ကိုလည်းကောင်း သင်တို့သည် မကျင့်၊ သူတို့တရားလမ်းသို့မလိုက်ရကြ” ဟုကျွန်ုပ်တို့ဖတ်ရ၏။ (ဝတ်ပြုရာ ၁၈:၃) ခရစ်ယာန်များသည် မိမိတို့၏ ကျမ်းစာအခြေပြုသိစိတ်ကို တန်ဖိုးထားကြရာ လူမျိုးအသီးသီးတို့၏ အမှားအမှန်ကို တလွဲတချော်မှတ်ယူကြသည့်သဘောကြောင့် ၎င်းကို ပျက်ပြားစေခွင့်မပြုပါ။—ဧဖက် ၄:၁၇-၁၉။

သို့ ဖြစ်လျှင် ကျွန်ုပ်တို့သည် မည်သို့ကောက်ချက်ချနိုင်သနည်း။ ခရစ်ယာန်တို့သည် မောရှေ၏ပညတ်အောက်တွင် မရှိကြသော်လည်း ဖခင်နှင့်သမီး၊ မိခင်နှင့်သား၊ အစ်ကိုနှင့်ညီမစသော ဆွေမျိုးနီးစပ်သူချင်း အိမ်ထောင်ပြုခြင်းသည် ခရစ်ယာန်အသိုင်းအဝိုင်းတွင် လုံးဝလက်ခံနိုင်ဖွယ်မရှိသည်ကို သူတို့၏သိစိတ်က အတိအလင်းဆိုသည်။a ဆွေမျိုးအသိုင်းအဝိုင်း ကျယ်ပြန့်လာသောအခါ တရားဝင်အိမ်ထောင်ပြုခြင်းဆိုင်ရာ ဥပဒေများနှင့် လူမှုရေးအရရော၊ ယဉ်ကျေးမှုအရပါ လက်ခံနိုင်ဖွယ်စံနှုန်းများရှိသည်ကို ခရစ်ယာန်များ အသိအမှတ်ပြုကြသည်။ “သင်တို့ ရှိသမျှတွင် အိမ်ထောင်ပြုခြင်းအမှုကို ဂုဏ်တင်” ကြလော့ဟူသည့် ကျမ်းအမိန့်ကိုလိုက်နာနိုင်ရန် ယင်းတို့ကို သေချာစွာဆင်ခြင်သုံးသပ်ရမည်။—ဟေဗြဲ ၁၃:၄၊ ကဘ။

[အောက်ခြေမှတ်ချက်]

a ယင်းနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးချက်အတွက် ၁၉၇၉၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၅-၈ မှ “သွေးရင်းထိမ်းမြားမှု—ခရစ်ယာန်များ မည်သို့သဘောထားအပ်သနည်း” ဆောင်းပါးကိုရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ