သေလွန်သူများကို ဘုရားသခင်ရှုမြင်ပုံ
ချစ်မြတ်နိုးရသူတစ်ဦး ဆုံးပါးသွားခြင်းသည် အမှန်တကယ် စိတ်သောကရောက်စရာပင်။ ဟာတာတာဖြစ်ရခြင်း၊ အထီးကျန်ခြင်းနှင့် ဆုံးရှုံးရလေခြင်းဟူသော ခံစားချက်တို့ မှာ တိုင်းဆ၍မရနိုင်ပေ။ စည်းစိမ်ဥစ္စာ၊ တန်ခိုးအရှိန်အဝါ၊ ဩဇာအာဏာ မည်မျှပင်ရှိပါစေ ယခု မြေကြီးပေါ်ရှိ မည်သူတစ်ဦးမျှ လူသေကို ပြန်မရှင်စေနိုင်သောကြောင့် ချစ်ရသူတစ်ဦးဆုံးပါး၍ ပူဆွေးသောကရောက်ရခြင်းသည် လူတစ်ဦးကို ဘာမျှမတတ်နိုင် ဖြစ်စေနိုင်သည်။
သို့သော် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကိစ္စရပ်များကို ခြားနားစွာရှုမြင်တော်မူ၏။ ကိုယ်တော်သည် ပထမလူသားကို မြေမှုန့်ဖြင့် ပုံစံပြုဖန်ဆင်းခဲ့ရာ သေလွန်သွားသူတစ်ဦးကို တစ်ဖန် ပြန်ဖန်ဆင်းနိုင်ပါသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသေများကို ရှင်နေသည့်အလား ရှုမြင်နိုင်ပါသည်။ ရှေးခေတ်မှ ကွယ်လွန်ခဲ့သော သစ္စာရှိကျေးကျွန်များနှင့်စပ်လျဉ်း၍ ယေရှုက “ထိုသူအပေါင်းတို့သည် ဘုရားသခင်၌အသက်ရှင်ကြသည်” ဟုမိန့်ဆိုခဲ့သည်၊ တစ်နည်းအားဖြင့် ထိုသူအပေါင်းသည် ဘုရားသခင်၏ရှုထောင့်၌ အသက်ရှင်နေကြသည်။—လုကာ ၂၀:၃၈။
ယေရှုမြေကြီးပေါ်ရှိစဉ်က ကိုယ်တော်သည် သေလွန်သူများကို ပြန်ရှင်စေဖို့ တန်ခိုးရရှိခဲ့သည်။ (ယောဟန် ၅:၂၁) ထို့ကြောင့် တည်ကြည်စွာသေဆုံးသွားသူများကို ခမည်းတော်ရှုမြင်သကဲ့သို့ ကိုယ်တော်ရှုမြင်တော်မူ၏။ ဥပမာ၊ ယေရှု၏မိတ်ဆွေ လာဇရုဆုံးပါးသွားသောအခါ ကိုယ်တော်က “သူ့ကိုနှိုးခြင်းအလိုငှာ ငါသွားမည်” ဟု တပည့်များကိုမိန့်ဆိုခဲ့သည်။ (ယောဟန် ၁၁:၁၁) လူ့အမြင်မှကြည့်လျှင် လာဇရုဆုံးပါးသွားပြီဖြစ်၏၊ သို့သော် ယေဟောဝါနှင့် ယေရှုအတွက်မူ လာဇရုအိပ်ပျော်နေသည်။
ယေရှု၏နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် . . . ထမြောက်” လာကြပါလိမ့်မည်။ (တမန်တော် ၂၄:၁၅) နောက်ဆုံး၌ ရှင်ပြန်ထမြောက်လာမည့်သူတို့သည် မြင့်မြတ်သောပညာကိုရရှိပြီး မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ခွင့် ရကြပါလိမ့်မည်။—ယောဟန် ၅:၂၈၊ ၂၉။
မှန်ပါသည်၊ ချစ်ရသူတစ်ဦးဆုံးပါးခြင်းသည် နှစ်ချီ၍ကြာနိုင်သော စိတ်သောကနှင့် ဝမ်းနည်းပူဆွေးမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ရာတွင် သေလွန်သူများကို ဘုရားသခင်ရှုမြင်သကဲ့သို့ ရှုမြင်ခြင်းသည် ကျွန်ုပ်တို့ကို နှစ်သိမ့်မှုများစွာပေးပြီး မျှော်လင့်ချက်အပြည့်ရှိစေနိုင်သည်။—၂ ကောရိန္သု ၁:၃၊ ၄။