သင်ချစ်မြတ်နိုးရသူတို့နှင့် စကားလက်ဆုံပြောဆိုသလော
“ချစ်မြတ်နိုးရသူတို့နှင့် ကျွန်ုပ်တို့အပြန်အလှန်ဆက်ဆံနိုင်စွမ်းသည် ထူးထူးခြားခြား လျော့နည်းနေလေပြီ” ဟု ပိုလန်အပတ်စဉ်ထုတ် ပိုလီတစ်ကာမဂ္ဂဇင်းက ဖော်ပြသည်။ အမေရိကန်ပြည်ထောင်စုတွင် အိမ်ထောင်သည်များသည် တစ်ဦးနှင့်တစ်ဦး အကျိုးရှိရှိ စကားလက်ဆုံပြောချိန် တစ်ရက်လျှင် ခြောက်မိနစ်သာရှိသည်ဟု ခန့်မှန်းရသည်။ ခွဲနေခြင်းနှင့် ကွာရှင်းခြင်းအားလုံးတွင် ထက်ဝက်မှာ ဤအခြေအနေကြောင့်ဖြစ်သည်ဟု ကျွမ်းကျင်သူတချို့က သုံးသပ်ကြ၏။
မိဘနှင့်သားသမီးများ စကားလက်ဆုံပြောဆိုခြင်းကော အသို့နည်း။ များသောအားဖြင့် “မိဘနှင့်သားသမီးများ စကားလက်ဆုံပြောဆိုကြခြင်းမဟုတ်တော့ဘဲ ကျောင်းမှာဘယ်လိုလဲ၊ မင်းသူငယ်ချင်းတွေကော ဘယ်လိုနေလဲဟူ၍ စစ်ကြောမေးမြန်းခြင်းကများသည်” ဟု အထက်ပါမဂ္ဂဇင်းကဆိုသည်။ “ဤအခြေအနေမျိုးတွင် ကျွန်ုပ်တို့၏သားသမီးများသည် လူအများနှင့် အဘယ်သို့ဆက်ဆံတတ်တော့မှာနည်း” ဟူ၍ ၎င်းမဂ္ဂဇင်းက မေးသည်။
ဆက်ဆံရေးကောင်းသော အရည်အချင်းသည် အလိုအလျောက်ဖြစ်လာသည်မဟုတ်ရကား စကားလက်ဆုံပြောဆိုနိုင်စွမ်းကို ကျွန်ုပ်တို့ မည်သို့တိုးတက်စေနိုင်မည်နည်း။ ခရစ်တော်၏တပည့် ယာကုပ်က ဤအရေးကြီးသော အကြံဉာဏ်ကို ပေးထားပါသည်– “ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ။” (ယာကုပ် ၁:၁၉) မှန်ပါသည်၊ တည်ဆောက်မှုဖြစ်စေသော စကားလက်ဆုံပြောဆိုမှုရှိရန် ကျွန်ုပ်တို့သည် ဂရုတစိုက်နားထောင်ပေးဖို့လိုပြီး စကားဖြတ်ပြောဖို့ စိတ်စောခြင်း သို့မဟုတ် အလျင်စလို ကောက်ချက်ချခြင်းမျိုးမပြုရပါ။ ပြစ်တင်ဝေဖန်ပြောဆိုခြင်းက စကားလက်ဆုံပြောဆိုမှုကို အလွယ်တကူ ဟန့်တားနိုင်သဖြင့် ယင်းကို ရှောင်ကြဉ်ပါ။ ထို့အပြင် ယေရှုသည် မိမိစကားနားထောင်နေသူ၏နှလုံးထဲ အဘယ်အရာရှိသည်ကို နှိုက်ထုတ်ရန်နှင့် မိမိတို့အချင်းချင်းကြားရှိ နှောင်ကြိုးကို ခိုင်မြဲစေရန် စစ်ကြောမေးမြန်းခြင်းမပြုဘဲ ပညာသားပါသော မေးခွန်းများကို ကိုယ်တော်အသုံးပြုခဲ့သည်။—သု. ၂၀:၅; မဿဲ ၁၆:၁၃-၁၇; ၁၇:၂၄-၂၇။
သမ္မာကျမ်းစာတွင် တွေ့ ရှိရသည့် အလွန်ကောင်းသောမူများကို လက်တွေ့ကျင့်သုံး၍ သင်ချစ်မြတ်နိုးရသူများနှင့် အသင်ကိုယ်တိုင်အစပြုပြီး စကားလက်ဆုံပြောဆိုပါလေ။ ယင်းသို့ပြုခြင်းက တစ်သက်လုံးတန်ဖိုးထားရမည့် နွေးထွေးသောဆက်ဆံရေးကို ဖြစ်ပေါ်စေနိုင်သည်။