စာရှုသူများအမေး
ကမ္ဘာမြေ ဆက်လက်တည်ရှိဦးမည်လော
ကျွန်ုပ်တို့၏ကမ္ဘာမြေသည် ဘေးဆိုးတစ်ခုခုကြောင့် ပျက်စီးသွားမည်မဟုတ်ပါ။ ယင်းသည် အဘယ်ကြောင့် သေချာသနည်း။ အကြောင်းမှာ မြေကြီးကို “ကာလအစဉ်အမြဲ သို့မဟုတ် ထာဝစဉ် မရွေ့မလှုပ်စေခြင်းငှာ တည်တော်မူ” မည်ဟု ဘုရားသခင်ကတိပြုထားသောကြောင့်ဖြစ်သည်။ (ဆာလံ ၁၀၄:၅၊ ကဘ) “လူတစ်ဆက်လွန်သွား၏။ တစ်ဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏” ဟုလည်း ကျမ်းစာကဆိုသည်။—ဒေ. ၁:၄။
ဆာလံ ၁၀၄:၅ ၏ မူရင်းဟေဗြဲကျမ်းစာသားတွင် ကမ္ဘာမြေ၏တည်တံ့မြဲမြံမှုကို စကားလုံးနှစ်လုံးဖြင့် အလေးပေးဖော်ပြထားသည်။ ယင်းတို့မှာ “ကာလအစဉ်အမြဲ” အတွက် အိုလမ် (ʽOh·lamʹ) နှင့် “ထာဝစဉ်” အတွက် အဒ် (ʽadh) တို့ဖြစ်သည်။ အိုလမ်ကို “နှစ်ပေါင်းများစွာ” သို့မဟုတ် “ထာဝစဉ်တည်ရှိသော” ဟုဘာသာပြန်ဆိုနိုင်သည်။ ဟာကာဗေး၏ အဘိဓာန်တစ်အုပ် (Students’ Hebrew and Chaldee Dictionary ) တွင် အဒ်ကို “သက်တမ်း၊ ထာဝစဉ်တည်မြဲခြင်း၊ ထာဝရကာလ၊ အမြဲထာဝရ” ဟုအနက်ဖွင့်ဆိုထားသည်။ ကမ္ဘာမြေအမြဲတည်တံ့မည်မှာ သေချာကြောင်း ထိုဟေဗြဲစကားလုံးနှစ်လုံးက ဖော်ပြသည်။ ထို့ပြင် ကမ္ဘာမြေထာဝစဉ်တည်ရှိမည်ကို ယုံကြည်စိတ်ချနိုင်သော ကျမ်းစာအခြေခံသည့် နောက်ထပ်အကြောင်းရင်းသုံးခုကို ဆန်းစစ်ကြည့်ပါ။
ပထမ၊ ဘုရားသခင်သည် ကမ္ဘာမြေကို လူသားများပျော်မွေ့ စွာနေထိုင်ကြမည့် စိမ်းစိုလှပသော ကမ္ဘာချီပရဒိသုဖြစ်လာရန် ဖန်ဆင်းခဲ့သည်၊ လူသူမနေထိုင်သည့် လွင်တီးခေါင်ဖြစ်လာရန်မဟုတ်ပါ။ ဟေရှာယ ၄၅:၁၈ တွင် ယေဟောဝါသည် ‘မိုးကောင်းကင်ကိုဖန်ဆင်းတော်မူသော ထာဝရဘုရားသခင်၊ မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ဖန်ဆင်းတော်မူသည်’ ဟု ဖော်ပြထားသည်။
ဒုတိယ၊ မိမိအားနာခံရန်ရွေးချယ်သူများကို မြေကြီးပေါ်တွင် ထာဝစဉ်ငြိမ်းချမ်းစွာ နေထိုင်ခွင့်ပြုမည်ဟု ဘုရားသခင်ကတိထားတော်မူသည်။ မိက္ခာ ၄:၄ တွင် ဤသို့ကတိပြုသည်– ‘လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။’ ထိုအချက်ကိုကြည့်ခြင်းဖြင့် ကမ္ဘာမြေသည် ဘုရားသခင့်ရည်ရွယ်တော်မူချက်အတိုင်း လူသားတို့ ထာဝစဉ်နေထိုင်ရာနေရာ ဖြစ်လာရပေမည်၊ သို့မဟုတ်ပါက ကိုယ်တော့်ကတိတော်များသည် အချည်းနှီးဖြစ်လိမ့်မည်။—ဆာလံ ၁၁၉:၉၀; ဟေရှာယ ၅၅:၁၁; ၁ ယောဟန် ၂:၁၇။
တတိယ၊ ဘုရားသခင်သည် ကမ္ဘာမြေကို လူသားတို့အား ပေးအပ်ထား၏။ ‘ကောင်းကင်ကား ထာဝရဘုရားသခင်၏ကောင်းကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အား ပေးတော်မူပြီ’ ဟုဘုရားသခင့်နှုတ်မြွက်တော်ကဆိုသည်။ (ဆာလံ ၁၁၅:၁၆) မေတ္တာရှိသောဖခင်တစ်ဦးသည် သူ၏ကလေးကို လှပသောလက်ဆောင်တစ်ခုပေးပြီးနောက် ထိုလက်ဆောင်ကို ပြန်ယူကာ ဖျက်ဆီးပစ်မည်ဟု သင်ထင်သလော။ လုံးဝပင်။ အလားတူ ယေဟောဝါသည် ကမ္ဘာမြေနှင့် ယင်းတွင်နေထိုင်သည့်လူသားများကို ထိုသို့ပြုမည်မဟုတ်ပါ၊ အကြောင်းမှာ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ” သောကြောင့်တည်း။—၁ ယောဟန် ၄:၈။
ယေရှုခရစ်သည် မိမိခမည်းတော်၏နှုတ်ထွက်စကားနှင့်ပတ်သက်ပြီး ဤသို့အာမခံခဲ့သည်– ‘ကိုယ်တော်၏နှုတ်မြွက်တော်သည် သမ္မာတရားဖြစ်ပါ၏။’ (ယောဟန် ၁၇:၁၇) ထို့ပြင် မုသာမသုံးနိုင်သောဘုရားသခင်သည် ဤသို့ကတိပေးထားတော်မူ၏– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉; တိတု ၁:၁၊ ၂။
[စာမျက်နှာ ၃၁ ပါပုံအသိအမှတ်ပြုစာ]
Globe: Based on Nasa photo