ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၁၂/၁ စာ. ၃၀-၃၁
  • တခြားသူတွေကို ပြောပြလို့ရတဲ့ လျှို့ဝှက်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တခြားသူတွေကို ပြောပြလို့ရတဲ့ လျှို့ဝှက်ချက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာတိကာ
    နိုးလော့!—၂၀၁၈
  • တို့တွေ သိချင်တဲ့ လျှို့ဝှက်ချက်
    ကလေးတွေကို သင်ပေးပါ
  • ခရစ်ယာန်များ မပြောဘဲမနေဝံ့သောလျှို့ဝှက်ချက်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ‘မြင့်မြတ်သောလျှို့ဝှက်ချက်၌ ဘုရားသခင့်ဉာဏ်ပညာတော်’
    ယေဟောဝါထံ ချဉ်းကပ်လော့
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၁၂/၁ စာ. ၃၀-၃၁

သားသမီးတွေကို သွန်သင်ပေးပါ

တခြားသူတွေကို ပြောပြလို့ရတဲ့ လျှို့ဝှက်ချက်

ကလေးတို့ရေ၊ လျှို့ဝှက်ချက်တစ်ခုအကြောင်း ကြားချင်ကြသလား။—a ကြားချင်တယ်ဆိုရင် ပြောပြမယ်နော်။ အဲဒါကို “ရှေးကာလပတ်လုံး ဝှက်ထားသည့် မြင့်မြတ်သော လျှို့ဝှက်ချက်” ဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ဆိုထားပါတယ်။ (ရောမ ၁၆:၂၅) အရင်ဆုံး အဲဒီ “မြင့်မြတ်သော လျှို့ဝှက်ချက်” ကို ဘုရားသခင် တစ်ဦးတည်းကပဲ သိထားတာ။ အဲဒီလျှို့ဝှက်ချက်ကို တခြားသူတွေ သိလာအောင် ဘုရားသခင် ဘယ်လို လုပ်ပေးခဲ့သလဲဆိုတာကို ကြည့်ကြရအောင်။

ဒါနဲ့ အရင်ဆုံး “မြင့်မြတ်သော” ဆိုတာ ဘာကိုပြောတာလဲ ကလေးတို့ သိကြသလား။— အဲဒီစကားလုံးက သန့်ရှင်းခြင်း၊ စင်ကြယ်ခြင်း ဒါမှမဟုတ် အလွန်ထူးခြားခြင်းလို့ အဓိပ္ပာယ်ရှိတယ်။ ဒါကြောင့် အဲဒီလျှို့ဝှက်ချက်ကို မြင့်မြတ်တဲ့ လျှို့ဝှက်ချက်လို့ ခေါ်တယ်၊ အကြောင်းရင်းကတော့ သန့်ရှင်းတဲ့ဘုရားသခင်ဆီက လာလို့လေ။ ဒီအထူးလျှို့ဝှက်ချက်ကို ဘယ်သူတွေများ သိချင်ကြမလဲလို့ ကလေးတို့ ထင်သလဲ။— ကောင်းကင်တမန်တွေပေါ့။ “ကောင်းကင်တမန်များသည် ထိုအရာများကို စေ့စေ့ကြည့်ရှုလိုစိတ် ရှိကြ၏” လို့သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ တကယ်လည်း ကောင်းကင်တမန်တွေဟာ အဲဒီသန့်ရှင်းတဲ့ လျှို့ဝှက်ချက်ကို သိချင်ခဲ့ကြတာ။—၁ ပေတရု ၁:၁၂။

ဒီကမ္ဘာမြေကြီးပေါ် ယေရှု ရောက်လာတဲ့အခါ အဲဒီမြင့်မြတ်တဲ့ လျှို့ဝှက်ချက်အကြောင်းကို ပြောပြပြီး စတင်ရှင်းပြခဲ့တယ်။ သူ့ရဲ့တပည့်တွေကို ယေရှု ဒီလိုပြောပြတယ်– “သင်တို့သည် ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သည့် မြင့်မြတ်သော လျှို့ဝှက်ချက်ကို သိရသောအခွင့် ရှိကြ၏။” (မာကု ၄:၁၁) အဲဒီမြင့်မြတ်တဲ့ လျှို့ဝှက်ချက်က ဘာနဲ့ပတ်သက်သလဲဆိုတာ ကလေးတို့ သတိပြုမိကြသလား။— ဘုရားသခင့်နိုင်ငံတော်အကြောင်းနဲ့ ပတ်သက်ပါတယ်၊ ဒီအကြောင်းကို ဆုတောင်းဖို့ ယေရှု သင်ပေးခဲ့တယ်လေ။—မဿဲ ၆:၉၊ ၁၀။

ကောင်းကင်တမန်တွေဟာ ဘာကို သိချင်နေကြသလဲလို့ ကလေးတို့ ထင်သလဲ

ယေရှု ကမ္ဘာပေါ်ကြွလာပြီး စတင်မရှင်းပြခင်အထိ ဘုရားသခင့်နိုင်ငံတော်ဟာ “ရှေးကာလပတ်လုံး” လျှို့ဝှက်ထားတဲ့အရာ ဘာကြောင့် ဖြစ်ရသလဲဆိုတာ အခု သုံးသပ်ကြည့်ကြရအောင်။ ဘုရားသခင့်ပညတ်ကို အာဒံနဲ့ဧဝ ချိုးဖောက်မိပြီး ဧဒင်ဥယျာဉ်ကနေ နှင်ထုတ်ခံရပြီးတဲ့နောက်မှာတောင် ဘုရားသခင်ဟာ မိမိရည်ရွယ်ချက်ဖြစ်တဲ့ ကမ္ဘာတစ်ခုလုံး သာယာအေးချမ်းတဲ့ဥယျာဉ် ပရဒိသုဖြစ်လာဖို့ အကောင်အထည် ဖော်နေတုန်းပဲဆိုတာ ဘုရားသခင့်ကျေးကျွန်တွေ သိရှိလာကြတယ်။ (ကမ္ဘာဦး ၁:၂၆-၂၈။ ၂:၈၊ ၉။ ဟေရှာယ ၄၅:၁၈) ဘုရားသခင့်နိုင်ငံတော် အောက်မှာရှိတဲ့ ကမ္ဘာမြေကြီးပေါ် လူတွေခံစားရမယ့် ပျော်ရွှင်မှုအကြောင်း ဘုရားသခင့်ကျေးကျွန်တွေ ရေးသားခဲ့ကြတယ်။—ဆာလံ ၃၇:၁၁၊ ၂၉၊ ကဘ။ ဟေရှာယ ၁၁:၆-၉။ ၂၅:၈။ ၃၃:၂၄။ ၆၅:၂၁-၂၄။

ဘုရားသခင့်နိုင်ငံတော်မှာ အုပ်ချုပ်မယ့်သူအကြောင်းကို အခု စဉ်းစားကြည့်လိုက်ပါဦး။ ဘယ်သူ့ကို ဘုရားသခင် အုပ်ချုပ်ခိုင်းမယ်ဆိုတာ ကလေးတို့ သိကြသလား။— ကိုယ်တော့်သားတော်၊ ‘ငြိမ်သက်ခြင်းမင်းသား၊’ ယေရှုခရစ်ကိုပေါ့။ ယေရှုခရစ်ဟာ “အာဏာစက်ကို ထမ်းဆောင်လိမ့်မည်” လို့ကျမ်းစာမှာ ပြောထားတယ်။ (ဟေရှာယ ၉:၆၊ ၇၊ သမ္မာ) တို့တတွေဟာ “ဘုရားသခင်၏ မြင့်မြတ်သော လျှို့ဝှက်ချက်တည်းဟူသော ခရစ်တော်ကို သိကျွမ်း” လာအောင် လေ့လာဆည်းပူးရမယ်။ (ကောလောသဲ ၂:၂) ဘုရားသခင်ဟာ မိမိဖန်ဆင်းထားတဲ့ ပထမဆုံးကောင်းကင်တမန် (ဝိညာဉ်သားဦး) ရဲ့အသက်ကိုယူပြီး မာရိရဲ့သားအိမ်ထဲ ထည့်လိုက်တဲ့အကြောင်း တို့တတွေ သိထားဖို့ လိုအပ်တယ်။ အစွမ်းတန်ခိုးရှိတဲ့ ကောင်းကင်တမန်တစ်ဦးဖြစ်တဲ့ အဲဒီသားတော်ဟာ တို့တတွေ ထာဝရအသက်ရအောင် သူ့ရဲ့အသက်ကိုစွန့်ဖို့ ကမ္ဘာမြေကြီးပေါ် စေလွှတ်ခြင်းခံခဲ့ရတယ်။—မဿဲ ၂၀:၂၈။ ယောဟန် ၃:၁၆။ ၁၇:၃။

ဒါပေမဲ့ ဒီလျှို့ဝှက်ချက်အကြောင်းကို ဘုရားသခင့်နိုင်ငံတော်ရဲ့ အုပ်စိုးရှင်အဖြစ် ယေရှုကို ဘုရားသခင် ရွေးချယ်လိုက်တာထက်မက တို့တတွေ သိထားဖို့ လိုအပ်တယ်။ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းကတော့ အမျိုးသား အမျိုးသမီးတချို့ဟာ ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ ယေရှုနဲ့အတူ ကောင်းကင်မှာ ရှိကြမယ်၊ သူတို့ဟာ ယေရှုနဲ့အတူ အုပ်ချုပ်ကြမယ် ဆိုတာပဲ။—ဧဖက် ၁:၈-၁၂။

ယေရှုနဲ့အတူ ကောင်းကင်မှာ အုပ်ချုပ်ကြမယ့်သူ တချို့ရဲ့ နာမည်တွေကို လေ့လာကြည့်ရအောင်။ ယေရှုဟာ သစ္စာတည်ကြည်တဲ့ တမန်တော်တွေနေဖို့ နေရာသွားပြင်ဆင်မယ်လို့ သူတို့ကို ပြောပြခဲ့တယ်။ (ယောဟန် ၁၄:၂၊ ၃) အောက်မှာဖော်ပြထားတဲ့ ကျမ်းချက်တွေကို ဖတ်ကြည့်ရင် ဘုရားသခင့်နိုင်ငံတော်မှာ ယေရှုနဲ့အတူ အုပ်ချုပ်မယ့် အမျိုးသား အမျိုးသမီးတချို့ရဲ့ နာမည်တွေကို ကလေးတို့ တွေ့ရပါလိမ့်မယ်။—မဿဲ ၁၀:၂-၄။ မာကု ၁၅:၃၉-၄၁။ ယောဟန် ၁၉:၂၅။

ဘုရားသခင့် ကောင်းကင်နိုင်ငံတော်မှာ ယေရှုနဲ့အတူ လူဘယ်နှစ်ယောက် အုပ်ချုပ်ကြမလဲဆိုပြီး အချိန်အတော်ကြာတဲ့အထိ မသိခဲ့ရပါဘူး။ ဒါပေမဲ့ အခုတော့ ဘယ်နှစ်ယောက်လဲဆိုတာ တို့တတွေ သိရပါပြီ။ ကလေးတို့ကော သိကြသလား။— ကျမ်းစာမှာတော့ ၁၄၄,၀၀၀ လို့ပြောထားတယ်။ ဒါလည်းပဲ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်ထဲမှာ ပါတယ်။—ဗျာ. ၁၄:၁၊ ၄။

တို့တတွေ ကြားဖူးသမျှထဲမှာ “ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သည့် မြင့်မြတ်သော လျှို့ဝှက်ချက်” က အံ့ဩစရာအကောင်းဆုံး လျှို့ဝှက်ချက်ဆိုတာ ကလေးတို့ သဘောတူကြပါသလား။— သဘောတူတယ်ဆိုရင် လူများနိုင်သမျှများများကို ဒီလျှို့ဝှက်ချက်အကြောင်း ရှင်းပြနိုင်အောင် အစွမ်းကုန် ကြိုးစားသင်ယူကြရအောင်။

a သင်သည် သင့်ကလေးနှင့်အတူ ဖတ်နေမည်ဆိုလျှင် မျဉ်းရှည်သည် ခေတ္တရပ်တန့်ရန်နှင့် မေးခွန်းမေးရန် အားပေးသည့် အမှတ်အသား ဖြစ်သည်။

မေးခွန်းများ-

  • တို့တတွေ ပြောခဲ့ကြတဲ့ လျှို့ဝှက်ချက်ကို ဘယ်လို ခေါ်သလဲ၊ ဘာကြောင့် အဲလိုခေါ်ရတာလဲ။

  • အဲဒီလျှို့ဝှက်ချက်က ဘာလဲ၊ အဲဒါကို ဘယ်သူက အရင်ဆုံးစပြီး လူတွေကို သင်ပေးခဲ့တာလဲ။

  • ဒီလျှို့ဝှက်ချက်နဲ့ပတ်သက်ပြီး ကလေးတို့ တခြားဘာတွေ သင်ယူသိရှိခဲ့ပြီလဲ။

  • မိတ်ဆွေတစ်ယောက်ကို ဒီမြင့်မြတ်တဲ့ လျှို့ဝှက်ချက်အကြောင်း ကလေးတို့ ဘယ်လိုရှင်းပြနိုင်မလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ