စာရှုသူများအမေး
မွေးကင်းစကလေးတွေကို နှစ်ခြင်းပေးသင့်သလား
▪ “လင်ဘို (ကောင်းကင်နဲ့ငရဲစပ်ကြားမှာရှိတဲ့ အပယ်ဘုံ) ကို ကျွန်မမောင်လေး ဂျွန် ရောက်သွားမှာစိုးတယ်” လို့ ဗစ်တိုးရီးယားက ပြောပြတယ်။ သူ ဘာကြောင့် အဲလိုစိုးရိမ်တာလဲ။ သူက ဒီလိုရှင်းပြပါတယ်– “ဂျွန်က နှစ်ခြင်းမခံခင်မှာ ဆုံးသွားတာ။ ဒါကြောင့် လင်ဘိုမှာ ထာဝရ စောင့်ဆိုင်းနေရတော့မှာလို့ ကက်သလစ်ဘုန်းတော်ကြီးက ပြောတယ်။” အဲဒီယူဆချက်က ထိတ်လန့်စရာကောင်းပေမဲ့ အဲဒါက ကျမ်းစာသွန်သင်ချက် ဟုတ်ပါသလား။ နှစ်ခြင်းမခံဘဲ သေဆုံးသွားကြတဲ့ ကလေးသူငယ်တွေဟာ လင်ဘိုမှာ ထာဝရ စောင့်ဆိုင်းရမယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါသလား။
ခရစ်ယာန်တွေဟာ နှစ်ခြင်းခံသင့်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ယေရှုလည်း မိမိရဲ့နောက်လိုက်တွေကို ဒီလိုညွှန်ကြားခဲ့တယ်– “လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော စွမ်းအားတော်၏နာမ၌ နှစ်ခြင်းပေးကြလော့။ သင်တို့အား ငါမိန့်မှာသမျှကို စောင့်ရှောက်စေရန် သွန်သင်ပေးကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) နှစ်ခြင်းခံတဲ့သူတွေဟာ ယေရှုရဲ့တပည့် ဖြစ်ရမယ်ဆိုတာကို သတိပြုပါ။ ဆိုလိုတာက သူတို့ဟာ ယေရှုအကြောင်း သင်ယူလေ့လာထားပြီး ယေရှုနောက်လိုက်ဖို့ ရွေးချယ်ခဲ့ကြတဲ့သူတွေ ဖြစ်တယ်။ မွေးကင်းစကလေးတွေက အဲဒီလို မလုပ်နိုင်ကြပါဘူး။
ဒါတောင် ယေရှုရဲ့မိန့်မှာချက်က ကလေးသူငယ်တွေနဲ့လည်း သက်ဆိုင်တယ်ဆိုပြီး ဇွတ်ပြောနေတဲ့သူတွေ ရှိပါသေးတယ်။ “မွေးကင်းစကလေးတွေအပါအဝင် လူတိုင်း နှစ်ခြင်းခံရမယ်” လို့ လူသာရင်ခရစ်ယာန်ဓမ္မဆရာ ရစ်ခါ့ ပီ. ဘူခါက အခိုင်အမာပြောဆိုခဲ့တယ်။ “သူတို့ နှစ်ခြင်းမခံဘူးဆိုရင် ခွင့်လွှတ်ခံရမှာမဟုတ်ဘဲ အပြစ်စီရင်ခံရမှာ” လို့လည်း သူဆက်ပြောခဲ့တယ်။ တကယ်တော့ အဲလိုပြောဆိုတာတွေက ယေရှုရဲ့သွန်သင်ချက်တွေနဲ့ အနည်းဆုံး နည်းသုံးနည်းနဲ့ ဆန့်ကျင်နေပါတယ်။
ပထမ၊ မွေးကင်းစကလေးတွေ နှစ်ခြင်းခံသင့်တယ်လို့ ယေရှု မသွန်သင်ခဲ့ဘူး။ ဒီအချက်က ဘာကြောင့် အရေးကြီးရတာလဲ။ ယေရှုဟာ တပည့်တွေကို ဘုရားသခင့်တောင်းဆိုချက်တွေ အားတက်သရော သွန်သင်ပေးခဲ့တယ်။ တစ်ခါတလေ အရေးကြီးတဲ့အချက်တွေကို ထပ်ခါတလဲလဲ ပြောပြခဲ့တယ်။ ဘာကြောင့်လဲ။ တပည့်တွေကို ကောင်းကောင်း သဘောပေါက်စေချင်လို့ပါပဲ။ (မဿဲ ၂၄:၄၂; ၂၅:၁၃; မာကု ၉:၃၄-၃၇; ၁၀:၃၅-၄၅) ဒါပေမဲ့ မွေးကင်းစကလေးတွေ နှစ်ခြင်းခံသင့်တယ်ဆိုပြီး တစ်ကြိမ်တစ်ခါမှ မသွန်သင်ပေးခဲ့ပါဘူး။ အဲဒီအချက်ကို သွန်သင်ပေးဖို့ ယေရှု မေ့သွားခဲ့တာများလား။ မဖြစ်နိုင်ဘူး။ မွေးကင်းစကလေးတွေ နှစ်ခြင်းခံရမယ်ဆိုရင် ယေရှု ပြောကိုပြောခဲ့မှာ သေချာတယ်။
ဒုတိယ၊ လူသေပြီးတဲ့နောက် ဝေဒနာခံစားရတယ်ဆိုတာကိုလည်း ယေရှု တစ်ခါမှ မသွန်သင်ခဲ့ပါဘူး။ “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ” ဆိုတဲ့ကျမ်းစကားကို ယေရှု ယုံကြည်တယ်။ (ဒေ. ၉:၅) သေလွန်သူတွေဟာ ငရဲလေး၊ လင်ဘို၊ မီးငရဲ ဒါမှမဟုတ် တခြားတစ်နေရာရာမှာ ဆင်းရဲဝေဒနာခံစားရခြင်း မရှိဘူးဆိုတာကို ယေရှု သိထားတယ်။ အဲဒီအစား သေလွန်သူတွေဟာ အိပ်ပျော်နေတဲ့သူလိုပဲ ဘာကိုမှ မသိတော့ဘူးလို့ သွန်သင်ပေးခဲ့တယ်။—ယောဟန် ၁၁:၁-၁၄။
တတိယ၊ “သင်္ချိုင်းများမှာ ရှိသောသူအပေါင်း” အသက်ပြန်ရှင်လာကြမယ်လို့လည်း ယေရှု သွန်သင်ခဲ့ပါသေးတယ်။ (ယောဟန် ၅:၂၈၊ ၂၉) အဲဒီလူတွေထဲမှာ နှစ်ခြင်းမခံခဲ့တဲ့သူ သန်းပေါင်းများစွာ ပါဝင်ကြမှာသေချာတယ်။ သူတို့ အသက်ပြန်ရှင်လာတဲ့အခါ ဘုရားသခင်တောင်းဆိုတော်မူရာတွေကို သင်ယူပြီး သာယာလှပတဲ့ ဒီကမ္ဘာမြေကြီးပေါ် ထာဝစဉ် နေထိုင်ခွင့်ရကြမှာ ဖြစ်ပါတယ်။a—ဆာလံ ၃၇:၂၉။
ဒါကြောင့် မွေးကင်းစကလေးတွေ နှစ်ခြင်းခံသင့်တယ်ဆိုပြီး သမ္မာကျမ်းစာမှာ မသွန်သင်ထားဘူးဆိုတာ ရှင်းနေပါတယ်။
[အောက်ခြေမှတ်ချက်]
a သာယာလှပတဲ့ မြေကြီးပရဒိသုအကြောင်းနဲ့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အကြောင်း ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ အခန်း ၃ နဲ့ ၇ မှာ ဖတ်ကြည့်နိုင်ပါတယ်။