ဘုရားသခင်ကို သင် ယုံကြည်ကိုးစားမလား
သင် အင်မတန် လေးစားရတဲ့ မိတ်ဆွေတစ်ယောက်က သင်နားမလည်နိုင်တဲ့ အရာတစ်ခုကို လုပ်လိုက်တယ် ဆိုပါစို့။ တခြားသူတွေက သင့်မိတ်ဆွေကို ရက်စက်တယ်လို့ ပြောပြီး သူ့လုပ်ရပ်နဲ့ စိတ်ထားကို ဝေဖန်ကြတယ်။ သူတို့ပြောတာကို ချက်ချင်း သင် သဘောတူလိုက်မလား၊ ဒါမှမဟုတ် သင့်မိတ်ဆွေကို ချက်ချင်း မဝေဖန်ဘဲ သူ ရှင်းပြတာကို စိတ်ရှည်ရှည်နဲ့ စောင့်မလား။
သင့်မိတ်ဆွေမှာ အပြစ်ရှိမရှိဆိုတာကို မဆုံးဖြတ်ခင် ခဏရပ်ပြီး (၁) သင်မသိသေးတဲ့ အချက်အလက်တွေများ ရှိသေးသလား၊ (၂) သူ့ရဲ့ ဘယ်အရည်အသွေးတွေကို ငါ နှစ်သက်သလဲ၊ ဘာတွေက သူနဲ့ငါ့ကို ရင်းနှီးစေတာလဲဆိုတာတွေကို သင် စဉ်းစားမှာဖြစ်တယ်။ ထပ်တူပါပဲ၊ ဘုရားသခင်က ရက်စက်တဲ့သူ ဟုတ်မဟုတ်ဆိုတာကို မဆုံးဖြတ်ခင် အဲဒီမေးခွန်းတွေကို စဉ်းစားသင့်ပါတယ်။
ဘုရားသခင်လုပ်ဆောင်ခဲ့တာတွေ၊ ဖြစ်ပျက်ခွင့်ပြုခဲ့တာတွေကို သင် နားလည်ရခက်နိုင်ပါတယ်။ ဘုရားသခင်ဟာ ရက်စက်တယ်လို့ လူအတော်များများက သင့်ကို ပြောပြပြီး သူတို့ရှုမြင်သလို ရှုမြင်ဖို့ ဖိအားပေးကြပါလိမ့်မယ်။ ဒါပေမဲ့ လူအများနည်းတူ သင်မရှုမြင်ခင် ဘုရားသခင်အကြောင်း ပိုသိအောင် လေ့လာဖို့လိုပါတယ်။ သင့်အတွက် ဘုရားသခင် လုပ်ဆောင်ပေးခဲ့တဲ့ ကောင်းတဲ့အရာတွေကိုလည်း စဉ်းစားကြည့်ဖို့ လိုပါတယ်။
သင့်ဘဝ ခက်ခဲကြမ်းတမ်းမယ်ဆိုရင်တော့ ဘုရားသခင်က သင့်အတွက် မိတ်ဆွေမဖြစ်နိုင်ဘူးလို့ စဉ်းစားမိနိုင်တယ်။ တကယ်တော့ ကျွန်ုပ်တို့ရဲ့ဘဝမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေက ဘုရားသခင်ကြောင့် မဟုတ်ပါဘူး။ ကောင်းတဲ့အရာတွေကိုပဲ ကိုယ်တော် ပေးထားပါတယ်။ ကျွန်ုပ်တို့ သိခဲ့ရတဲ့အတိုင်း “ဤလောကကို အစိုးရသောမင်း” ဟာ စာတန်ဖြစ်ပါတယ်။ ယေဟောဝါဘုရားသခင် မဟုတ်ပါဘူး။ (ယောဟန် ၁၂:၃၁) စာတန်ကြောင့် ဒီလောကမှာ ဆင်းရဲဒုက္ခတွေနဲ့ တရားမမျှတမှုတွေ ဖြစ်နေရတာပါ။ ကျွန်ုပ်တို့ရဲ့ မစုံလင်မှုနဲ့ ကြိုတင်မမြင်နိုင်တဲ့ အခြေအနေတွေကြောင့်လည်း ပြဿနာတွေ ဖြစ်နေရတာပါ။
ဘဝမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေက ဘုရားသခင်ကြောင့် မဟုတ်ပါဘူး။ ကောင်းတဲ့အရာတွေကိုပဲ ကိုယ်တော်ပေးထား
ဒါဆိုရင် ဘုရားသခင်ကြောင့် ဘယ်အရာတွေ ဖြစ်ပေါ်လာတာလဲ။ ယေဟောဝါဘုရားသခင်က “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်း” တဲ့အရှင် ဖြစ်တယ်၊ ကိုယ်တော် ဖန်ဆင်းထားတဲ့အရာတွေထဲမှာ “အံ့သြဖွယ်” နည်းနဲ့ ပြုလုပ်ထားတဲ့ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်လည်း ပါဝင်တယ်၊ ကိုယ်တော်ဟာ ကျွန်ုပ်တို့ရဲ့ “အသက်သခင်” ဖြစ်တယ်ဆိုတဲ့ သမ္မာကျမ်းစာအဆိုတွေကို သုံးသပ်ကြည့်ပါ။ (ဆာလံ ၁၂၄:၈; ၁၃၉:၁၄၊ သမ္မာ; ဒံယေလ ၅:၂၃) အဲဒီအချက်တွေက ဘာကို ဆိုလိုပါသလဲ။
ဆိုလိုတာက ကျွန်ုပ်တို့ အသက်ရှင် လှုပ်ရှားနေရတာဟာ ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ကြောင့် ဖြစ်ပါတယ်။ (တမန်တော် ၁၇:၂၈) ဒါ့အပြင် သာယာလှပတဲ့ ကမ္ဘာမြေကြီး၊ မေတ္တာနဲ့ခင်မင်မှုကြောင့် ရရှိတဲ့ ပျော်ရွှင်မှု၊ အာရုံငါးပါး ခံစားမှုနဲ့ အသက်ဆုကျေးဇူးစတဲ့ အရာတွေအားလုံးဟာ ဘုရားသခင်ဆီကရတဲ့ လက်ဆောင်တွေပဲ ဖြစ်ပါတယ်။ (ယာကုပ် ၁:၁၇) အဲဒီအရာတွေကြောင့် ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ လေးစားမှုနဲ့ ယုံကြည်ကိုးစားမှု ရထိုက်တဲ့ မိတ်ဆွေတစ်ဦးဖြစ်တယ်လို့ သင် သဘောတူတယ် မဟုတ်ဘူးလား။
ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်ကိုးစားဖို့ သင် အခက်တွေ့ကောင်း တွေ့နိုင်ပါတယ်။ အဲဒီလိုဖြစ်ရတာက ဘုရားသခင်ကို သင် ကောင်းကောင်း မသိကျွမ်းသေးလို့ ဖြစ်နိုင်တယ်။ ဘုရားသခင်ဟာ ရက်စက်တဲ့သူဖြစ်တယ်လို့ ယူဆရတဲ့ အကြောင်းရင်းအားလုံးကို ဒီဆောင်းပါးတိုတွေမှာ မဖော်ပြပေးနိုင်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်အကြောင်း ပိုသိအောင် ကြိုးစားသင့်ပါတယ်။ သင် ကြိုးစားမယ်ဆိုရင် ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရား သိရှိလာမယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။a ဘုရားသခင်ဟာ ရက်စက်တဲ့သူဆိုရင် “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏” ဆိုတဲ့ ကျမ်းစာဖော်ပြချက်နဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်သွားပါလိမ့်မယ်။—၁ ယောဟန် ၄:၈။
a ဥပမာ၊ ဆိုးသွမ်းမှုတွေကို ဘုရားသခင် ခွင့်ပြုထားရတဲ့ အကြောင်းရင်းကို ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၁၁ မှာ လေ့လာကြည့်ပါ။