ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်ပါ
ကျွန်ုပ်တို့ရဲ့ “စိတ်နှလုံးကို ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံစေ”
ကျွန်ုပ်တို့ကို ယေဟောဝါဘုရားသခင် တကယ် ဂရုစိုက်ပါသလား။ ဒါမှမဟုတ် လူ့ဆင်းရဲဒုက္ခတွေကို ကိုယ်တော် အရေးမစိုက်ဘဲ နေပါသလား။ ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး ကျမ်းစာဖြေဆိုချက်ကနေ နှစ်သိမ့်မှုရရှိနိုင်ပါတယ်။ ကျွန်ုပ်တို့ကို ဘုရားသခင် တကယ်ဂရုစိုက်နေတဲ့အပြင် ပျော်ပျော်ရွှင်ရွှင်လည်း နေထိုင်စေချင်ပါတယ်။ ကိုယ်တော်ဟာ မိမိရဲ့ကျေးဇူးကို မသိတတ်တဲ့သူတွေအပါအဝင် လူသားအားလုံးကို မိမိရဲ့များပြားလှတဲ့ ကောင်းမြတ်မှုတွေကနေ နေ့စဉ် အကျိုးခံစားစေပါတယ်။ တမန်တော်ပေါလု ဖော်ပြထားတဲ့ စကားတွေကို သုံးသပ်ကြည့်ပါ။—တမန်တော် ၁၄:၁၆၊ ၁၇ ကိုဖတ်ပါ။
ဘုရားသခင်ကို ဝတ်မပြုတဲ့ လုတ္တရမြို့သားတွေကို ပေါလု ဒီလိုပြောခဲ့တယ်– “[ဘုရားသခင်သည်] လွန်ခဲ့သောခေတ်ကာလများ၌ လူမျိုးအပေါင်းတို့ကို ကိုယ့်လမ်းကိုယ် လျှောက်ခွင့်ပေးထားတော်မူ၏။ သို့သော်လည်း သင်တို့အပေါ် ကောင်းမှုပြုလျက် အစားအစာကို အလျှံပယ်ပေး၍ သင်တို့၏စိတ်နှလုံးကို ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံစေရန် မိုးကောင်းကင်မှ မိုးရွာစေ၍ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကို ပေးတော်မူသောအားဖြင့် ကိုယ်တော်ရှိတော်မူကြောင်း သက်သေမခံဘဲ နေတော်မမူ။” ပေါလုရဲ့စကားကို နားထောင်နေသူတွေအတွက် အဲဒါက ဘာကိုဆိုလိုသလဲ။
ပေါလုပြောတာတွေက အမှန်ပဲဆိုတာ လုတ္တရမြို့သားတွေ အလွယ်တကူ နားလည်နိုင်ပါတယ်။ သူတို့ဟာ မြေသြဇာကောင်းပြီး ရေပေါများတဲ့ ဒေသမှာ နေထိုင်ကြပြီး စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့သူတွေ ဖြစ်တယ်။ ဒါပေမဲ့ သူတို့ကို ပေါလု ပြောတဲ့အတိုင်း ဘုရားသခင်ဟာ မိုးရွာစေပြီး အသီးအနှံတွေကို သီးစေတတ်တဲ့ ရာသီဥတုကို ဖြစ်ပေါ်စေတဲ့အရှင်ဖြစ်တယ်။ ဒါကြောင့် သီးနှံအလျှံပယ် သူတို့ရိတ်သိမ်းတဲ့အခါတိုင်း၊ အရသာရှိတဲ့ အစားအသောက်တွေကို သူတို့စားသုံးရတဲ့အခါတိုင်း ဘုရားသခင့်ကောင်းမြတ်မှုကနေ သူတို့ အကျိုးခံစားနေကြရတယ်။
ယေဟောဝါဘုရားသခင်နဲ့ပတ်သက်ပြီး လုတ္တရမြို့သားတွေကို ပြောခဲ့တဲ့ ပေါလုရဲ့စကားတွေကနေ အရေးကြီးသင်ခန်းစာတွေ သင်ယူနိုင်ပါတယ်။
ဘုရားသခင်က ကျွန်ုပ်တို့ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားတယ်။ လူမျိုးအသီးသီးက လူတွေကို “ကိုယ့်လမ်းကိုယ်လျှောက်ခွင့်” ဘုရားသခင်ပေးထားတယ်ဆိုတာကို သတိပြုပါ။ အဲဒီအသုံးအနှုန်းဟာ “သူတို့စိတ်ကြိုက် သွားစေတယ်” ဒါမှမဟုတ် “အကောင်းဆုံးလို့ သူတို့ထင်တဲ့အတိုင်း လုပ်စေတယ်” ဆိုတဲ့အဓိပ္ပာယ် ဖြစ်နိုင်တယ်လို့ ကျမ်းစာဘာသာပြန်သူတွေအတွက် အကိုးအကားစာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ ယေဟောဝါဘုရားသခင်ဟာ မိမိကို ဝတ်ပြုကိုးကွယ်ဖို့ ဘယ်သူ့ကိုမှ အတင်းအကျပ်မလုပ်ပါဘူး။ ကျွန်ုပ်တို့ကို ကိုယ့်ဘဝကိုယ် ရွေးချယ်နိုင်စွမ်း ပေးထားပါတယ်။—တရားဟောရာ ၃၀:၁၉။
ဘုရားသခင်က မိမိအကြောင်း ကျွန်ုပ်တို့ကို သိစေလိုတယ်။ ဘုရားသခင်ဟာ မိမိရှိတယ်ဆိုတာကို “သက်သေမခံဘဲ နေတော်မမူ” လို့ပေါလု ရှင်းပြတယ်။ အဲဒီအသုံးအနှုန်းက “ဘုရားသခင်ဟာ ဘယ်လိုဘုရားသခင်မျိုးလဲဆိုတာကို လူတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြတယ်” ဆိုတဲ့အဓိပ္ပာယ် ရှိနိုင်တယ်လို့ စောစောက ဖော်ပြခဲ့တဲ့ အကိုးအကားစာအုပ်မှာပဲ ရှင်းပြထားပါတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းလက်ရာတွေမှာ ကိုယ်တော်ရဲ့ ကောင်းမြတ်ခြင်း၊ ဉာဏ်ပညာ၊ တန်ခိုးတော်နဲ့ ချစ်ခြင်းမေတ္တာအပါအဝင် တခြား ‘မျက်မြင်မရသော ဂုဏ်ရည်တော်များ’ ထင်ရှားပေါ်လွင်နေတယ်။ (ရောမ ၁:၂၀) ယေဟောဝါဘုရားသခင်ဟာ မိမိအကြောင်းကို သမ္မာကျမ်းစာမှာ အများကြီး ဖော်ပြထားပါတယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ဒီအချက်ကိုကြည့်ရင် ဘုရားသခင်က မိမိအကြောင်း ကျွန်ုပ်တို့ကို သိစေချင်တယ်ဆိုတာ ထင်ရှားနေပါတယ်။
ကိုယ်တော်ဟာ မိမိရဲ့ကျေးဇူးကိုမသိတတ်တဲ့သူတွေအပါအဝင် လူသားအားလုံးကို မိမိရဲ့ များပြားလှတဲ့ ကောင်းမြတ်မှုတွေကနေ နေ့စဉ် အကျိုးခံစားစေ
ဘုရားသခင်က ကျွန်ုပ်တို့ကို ပျော်ရွှင်စေလိုတယ်။ ဘုရားသခင်ဟာ ‘အစားအစာကို အလျှံပယ်ပေး၍ ကျွန်ုပ်တို့၏စိတ်နှလုံးကို ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံစေ’ တယ်လို့ ပေါလု ဖော်ပြခဲ့တယ်။ ဘုရားသခင်ကို အသိအမှတ်မပြုတဲ့သူတွေတောင် သူတို့စိတ်ကျေနပ်တဲ့အထိ စားသောက်ပျော်ရွှင်နေကြတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို စစ်မှန်ပြီး တည်မြဲတဲ့ ပျော်ရွှင်မှုကို ခံစားစေလိုပါတယ်။ ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို ကျွန်ုပ်တို့ သင်ယူပြီး အဲဒါတွေကို လက်တွေ့ကျင့်သုံးမယ်ဆိုရင် အဲဒီပျော်ရွှင်မှုမျိုးကို ခံစားရနိုင်ပါတယ်။—ဆာလံ ၁၄၄:၁၅; မဿဲ ၅:၃။
ကျွန်ုပ်တို့အားလုံး နေ့စဉ်နဲ့အမျှ ယေဟောဝါဘုရားသခင်ရဲ့ ကောင်းမြတ်မှုကနေ အကျိုးခံစားနေကြရပါတယ်။ “အစားအစာကို အလျှံပယ်ပေး၍ သင်တို့၏စိတ်နှလုံးကို ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံစေ” တဲ့ ဘုရားသခင်ကို သင် ကျေးဇူးတင်လေးမြတ်ကြောင်း ဘယ်လိုဖော်ပြရမလဲဆိုတာ သင်ယူလေ့လာကြည့်ပါ။
ဇူလိုင်လအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်