သင် သိပါသလား
ပထမရာစု တရားဇရပ်- ဂါလိလဲအိုင် အရှေ့မြောက်ဘက် ခြောက်မိုင်လောက်က ဂမ်လာမြို့မှာ တွေ့ရှိခဲ့တဲ့ ပထမရာစု တရားဇရပ်ရဲ့ အင်္ဂါရပ်တချို့ကို ဒီပုံမှာ ဖော်ပြထားတယ်။ အဲဒါက ရှေးခေတ် တရားဇရပ်ရဲ့ ပုံစံကို အကြမ်းဖျင်း နားလည်စေတယ်
တရားဇရပ် ဘယ်လို စတင်ပေါ်ပေါက်လာသလဲ
“တရားဇရပ်” ဆိုတဲ့ စကားလုံးဟာ “အစုအဝေး၊” “အတူစုဝေးခြင်း” လို့ အဓိပ္ပာယ်ရှိတဲ့ ဂရိစကားလုံးကနေ ဆင်းသက်လာတယ်။ ရှေးကတည်းက ဂျူးတွေဟာ ဝတ်ပြုဖို့၊ လမ်းညွှန်ချက်တွေ ရဖို့ တရားဇရပ်တွေမှာ စုဝေးတဲ့အတွက် အဲဒီနာမည်ဟာ သင့်တော်တယ်။ ဟီဘရူးကျမ်းစောင်တွေမှာ တရားဇရပ်တွေအကြောင်း သတ်သတ်မှတ်မှတ် မပါပေမဲ့ အေဒီ ပထမရာစုလောက်မှာ တရားဇရပ်တွေ ရှိနေပြီဖြစ်ကြောင်း ခရစ်ယာန် ဂရိကျမ်းစောင်တွေက ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။
ဗာဗုလုန်မှာ ဂျူးတွေ သုံ့ပန်းဘဝ ရောက်နေချိန်အတွင်း တရားဇရပ်တွေ စတည်ရှိလာတယ်လို့ ကျမ်းပညာရှင် အများစု ယူဆကြတယ်။ “ဂျူးသုံ့ပန်းတွေဟာ တိုင်းတစ်ပါးမှာ ဗိမာန်တော် မရှိတဲ့အတွက် စိတ်ဓာတ်ကျနေချိန် နှစ်သိမ့်မှုရဖို့ ဥပုသ်နေ့တွေမှာ အတူစုဝေးပြီး ကျမ်းစာ ဖတ်လေ့ရှိတယ်” လို့ စွယ်စုံကျမ်းတစ်အုပ်မှာ ပြောတယ်။ သုံ့ပန်းဘဝကနေ လွတ်မြောက်လာပြီးနောက် အခြေချနေထိုင်ရာ အရပ်တိုင်းမှာ အတူစုဝေးပြီး ဆုတောင်းဖို့၊ ကျမ်းစာ ဖတ်ဖို့ တရားဇရပ်တွေ ဆောက်ခဲ့ကြတယ်။
အေဒီ ပထမရာစုရောက်တော့ မြေထဲပင်လယ် ဝန်းကျင်၊ အရှေ့အလယ်ပိုင်းနဲ့ အစ္စရေးပြည်မှာ တရားဇရပ်တွေဟာ ဂျူးဘာသာရေး၊ လူမှုရေးရဲ့ ဗဟို ဖြစ်လာတယ်။ “[တရားဇရပ်တွေဟာ] လေ့လာမှု လုပ်ဖို့၊ ပွဲတော်စာ စားဖို့၊ တရားရေးကိစ္စတွေ ကြားနာဖို့၊ ရန်ပုံငွေ စုဖို့၊ နိုင်ငံရေးနဲ့ လူမှုရေး အစည်းအဝေးတွေ လုပ်ဖို့၊ အဓိကကတော့ ဘာသာရေးပွဲတွေ ကျင်းပဖို့ နေရာဖြစ်လာတယ်” လို့ ဂျေရုဆလင် ဟီဘရူး တက္ကသိုလ် ပါမောက္ခ လီလာဗန် ပြောတယ်။ ဒါကြောင့် တရားဇရပ်တွေကို ယေရှု မကြာခဏ သွားတာ အံ့ဩစရာ မဟုတ်ပါဘူး။ (မာ. ၁:၂၁။ ၆:၂။ လု. ၄:၁၆) အဲဒီမှာ လူတွေကို ယေရှု သွန်သင် အားပေးခဲ့တယ်။ ခရစ်ယာန် အသင်းတော် တည်ထောင်ပြီးနောက် တမန်တော် ပေါလုလည်း တရားဇရပ်တွေမှာ ဟောပြောခဲ့တယ်။ ဘာသာရေး စိတ်ဝင်စားသူတွေ တရားဇရပ်ကို လာလေ့ရှိတဲ့အတွက် ပေါလုဟာ မြို့တစ်မြို့ကို ရောက်ပြီဆိုတာနဲ့ တရားဇရပ်ကို အရင်ဆုံးသွားပြီး ဟောပြောတယ်။—တ. ၁၇:၁၊ ၂။ ၁၈:၄။