သင့်အသင်းတော်၏ လူထုဟောပြောချက်အစီအစဉ်ကို အပြည့်အဝထောက်ခံ
၁ နှစ်အနည်းငယ်က လူငယ်တစ်ဦးသည် ဒေသခံအသင်းတော်၏ စည်းဝေးများကို ကြေညာထားသော ဝေစာတစ်စောင် တွေ့ရှိခဲ့သည်။ သမ္မာတရားကိုရှာဖွေနေသူဖြစ်သဖြင့် ထိုတနင်္ဂနွေနေ့တွင်ပင်ကျင်းပမည့် လူထုဟောပြောချက်ကို သွားရောက်နားထောင်ရန် စိတ်ဆုံးဖြတ်ကာ ခန်းမသို့ စောစောရောက်သွားပါသည်။ ကြေညာသူတစ်ဦးသည် သူ့အား ခင်မင်ရင်းနှီးစွာကြိုဆို၍ စကားစမြည်ပြောဆိုစဉ် ကျမ်းစာသင်အံမှု ကမ်းလှမ်းခဲ့သည်။ ယင်းကို သူလက်မခံသော်လည်း ကောင်းစွာပြင်ဆင်၍ ဟောပြောသော လူထုဟောပြောချက်အစီအစဉ်ကြောင့် စိတ်ပြောင်းလဲသွားပြီး စည်းဝေးပြီးသည်နှင့် သင်အံမှုကို လက်ခံလိုက်သည်။ ဤလူငယ်သည် အလျင်အမြန်တိုးတက်လာ၍ လအနည်းငယ်တွင်ပင် နှစ်ခြင်းယူလေသည်။ ဤတွေ့ကြုံမှုမှ အကူအညီဖြစ်သော သင်ခန်းစာ အနည်းဆုံးသုံးခု ရရှိနိုင်ပါသည်။
၂ ဦးဆုံး၊ လူထုဟောပြောချက်ကို ကြေညာထားခြင်းဖြစ်သည်။ သင့်အသင်းတော်၏ အစည်းအဝေးအစီအစဉ်များကို ကြေညာပေးသော ပုံနှိပ်ထားသည့်ဝေစာများကို အသုံးပြုပါသလော။ လာမည့်အပတ် လူထုဟောပြောချက်ခေါင်းစဉ်ကို သဘာပတိကြေညာသည့်အခါ ယင်းအကြောင်းကို စိတ်ဝင်စားမည့် သင့်ရပ်ကွက်ရှိသူများကို သတိရပါ။ သူတို့သည် ကျွန်ုပ်တို့စာပေများကို လောလောဆယ်ပင် ဖတ်ရှုနေမနေကိုပါ တွေးကြည့်ပါ။ အချို့သူတို့သည် စာဖတ်ဝါသနာမပါ၊ သို့မဟုတ် ကြီးမားသောအခက်အခဲနှင့် စာဖတ်ကြသူများဖြစ်သည်။ သို့သော် ကျမ်းစာဆိုင်ရာအကြောင်းတစ်ခုကို ဟောပြောချက်ပေးသည့်အခါ ဤသူတို့နားထောင်လိုကြပေမည်။
၃ ဒုတိယကား ထိုလူသစ်သည် ခင်မင်ရင်းနှီးစွာ ကြိုဆိုခံခဲ့ရသည်။ ခန်းမသို့ စောစောစီးစီးရောက်နိုင်ရန် သင်စီစဉ်မည်ဆိုလျှင် သင့်ညီအစ်ကိုညီအစ်မများကိုသာမက စိတ်ဝင်စားသူများကိုပါ ကြိုဆိုနိုင်ပါမည်။ (ဟေဗြဲ ၁၀:၂၄) လူသစ်တစ်ဦးသည် ပထမအကြိမ် စည်းဝေးတက်သည့်အခါ အဘယ်အရာကို တွေ့ ကြုံရမည်အကြောင်း သိမည်မဟုတ်ပါ။ ကျွန်ုပ်တို့အစည်းအဝေးများသည် သီချင်းနှင့်ဆုတောင်းချက်ဖြင့် စတင်ကြောင်း၊ စည်းဝေးကို မည်သို့ကျင်းပလေ့ရှိကြောင်း ပြောပြပါ။ သင့်တော်မည်ဆိုလျှင် သင့်ကျမ်းစာနှင့် သီချင်းစာအုပ်ကို အတူတူအသုံးပြုနိုင်ရန် မိမိနှင့်အတူထိုင်ဖို့ ခေါ်ဖိတ်ပါ။ စည်းဝေးပြီးသည်နှင့် သူသိလိုသောအကြောင်းအရာများ ရှိမည်ဆိုလျှင် သင့်အား မေးမြန်းရန် စကားကမ်းလှမ်းပါ။
၄ တတိယမှာ ဟောပြောချက်ကို ကောင်းစွာပြင်ဆင်ထားခြင်းဖြစ်သည်။ လူထုဟောပြောချက်ပေးသူများအဖြစ် အခွင့်ထူးကိုရရှိသော အသင်းတော်အား ကိုယ်စားပြုခွင့်ရသူတို့သည် ပရိသတ်အား မေတ္တာစိတ်ရှိခြင်း၊ ကောင်းသောအကျင့်ကိုကျင့်ခြင်းငှာ တိုက်တွန်းပေးနိုင်ရန် ဟောပြောသည့်အကြောင်းကို အချိန်နာရီပိုင်းများစွာအကုန်ခံ၍ ပြင်ဆင်လေ့ကျင့်ကြပါသည်။ ယနေ့ ကျွန်ုပ်တို့အားလုံး ဖိစီးမှုအမျိုးမျိုး ကြုံတွေ့နေကြရပြီး ခံနိုင်ရည်ရှိရန် ကျွန်ုပ်တို့လိုအပ်သည့်အရာကို ဘုရားသခင့်နှုတ်ကပါဌ်တော်မှ စိတ်ပေါ့ပါးလန်းဆန်းစေသော သမ္မာတရားသည် ဖြည့်စွက်ပေးနိုင်ပါသည်။ သို့သော် လူထုဟောပြောချက်သည် သိသင့်သိအပ်ရာများကို ကောင်းစွာဖော်ပြသည့်တိုင် ပြောလေသမျှကို ဂရုစိုက်နားမထောင်ပါက ကိုယ်တိုင်အတွက် အကျိုးရှိလိမ့်မည်မဟုတ်ပါ။ ဟောပြောချက်ပေးစဉ် အာရုံစိုက်နားထောင်ရန် တစ်ခါတစ်ရံ အခက်အခဲကြုံတွေ့တတ်ပါသလော။ စည်းဝေးပွဲကြီးများတွင် ပြုလေ့ရှိသည်နည်းတူ မှတ်စုများယူမည်ဆိုလျှင် အထောက်အကူဖြစ်ပေမည်။ ကျမ်းချက်တစ်ခုစီကို ဖတ်ရှု၍ ရှင်းပြသည့်အခါ သင့်ကျမ်းစာတွင် လိုက်ဖတ်ကြည့်ပါ။
၅ အသင်းမသည် ကျမ်းစာဆိုင်ရာအကြောင်းမျိုးစုံနှင့်စပ်လျဉ်း၍ လူထုဟောပြောချက်များ ရေးဆွဲစီစဉ်ထားပါသည်။ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူခန့်အပ်ထားသည့် ညီအစ်ကိုတစ်ဦးနှင့် တွဲဖက်လုပ်ဆောင်ကာ အကြီးအကဲအဖွဲ့သည် အသင်းတော်၏ လူထုဟောပြောချက်အစီအစဉ်ကို ညှိနှိုင်းစီစဉ်ပေးလေ့ရှိသည်။ လက်ရှိဒေသလိုအပ်ရာများနှင့်သက်ဆိုင်သည့် အသင်းမ၏ အကြမ်းဖျင်းဖော်ပြပေးသော အကြောင်းအရာများကို ရွေးချယ်တင်ပြလေ့ရှိသည်။ ဤအရေးကြီးသော သိသင့်သိအပ်သည့်အကြောင်းအရာတစ်ခုကိုမျှ လက်မလွတ်စေပါနှင့်။ သင့်အသင်းတော်၏ ပတ်စဉ်လူထုဟောပြောချက်အစီအစဉ်ကို အပြည့်အဝထောက်ခံပါ။