ဧပြီလအတွင်း ယေဟောဝါထံသင်တိုး၍ ချီးမွမ်းထောမနာပြုနိုင်မည်လော
၁ အလိုတော်နှင့်အညီ ယေဟောဝါကို ချီးမွမ်းထောမနာပြုရန် ဒါဝိဒ် စိတ်ပြင်းပြသောကြောင့် ဤသို့ကြွေးကြော်ခဲ့သည်– “အကျွန်ုပ်သည် နှုတ်မြွက်၍ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်။ များစွာသောသူတို့အလယ်မှာ ချီးမွမ်းပါမည်။” (ဆာ. ၁၀၉:၃၀) လယ်ကွင်းလုပ်ငန်း၌ တိုး၍ပါဝင်ခြင်းအားဖြင့် ‘ကိုယ်တော်အား ချီးမွမ်းသည်ထက် သာ၍ချီးမွမ်း’ ရန် ဧပြီလသည် အချိန်ကောင်းအခါကောင်းဖြစ်သည်။ (ဆာ. ၇၁:၁၄) အရန်ရှေ့ဆောင်သူများအဝင်ဖြစ်ခြင်းအားဖြင့် ထိုသို့ပြုသူအများတွင် သင်ပါဝင်ရန် စီစဉ်နေပါသလော။
၂ ယခုပင် စီစဉ်– “လုံ့လဝီရိယပြုသောသူ၏ အကြံအစည်သည် ကြွယ်ဝခြင်း” ရှိ၏ဟု သုတ္တံ ၂၁:၅ က ကျွန်ုပ်တို့အားသတိပေးပါသည်။ ယင်းသို့ပြုခြင်းငှာ ယေဟောဝါထံ ဆုတောင်းပြီး သင့်အစီအစဉ်များတွင် ကိုယ်တော်အား ရှေ့ဦးထားရန်ဖြစ်သည်။ (သု. ၃:၅၊ ၆) ထိုနောက် သင်၏လက်ရှိအစီအစဉ်ဇယားကို အသေအချာစစ်ဆေးပြီး အမှုဆောင်လုပ်ငန်းတွင် ပျမ်းမျှအားဖြင့် နေ့စဉ်နှစ်နာရီပါဝင်နိုင်ရန် မည်သို့စီစဉ်မည်ကို သုံးသပ်ကြည့်ပါ။ အခြားလုပ်ငန်းများမှ အချိန်ကို သင် “ရွေးနှုတ်” ခြင်းဖြင့် ဟောပြောခြင်းလုပ်ငန်းကို ပိုမိုဆောင်ရွက်နိုင်ပါလိမ့်မည်။—ဧ. ၅:၁၆။
၃ ဆက်သွယ်မှုပြု၍ ဝိုင်းဝန်းလုပ်ဆောင်– ဓမ္မအမှုကိုဆောင်ရွက်ရာတွင် အချို့သူများသည် ပေါလု၏စိတ်ကို “သက်သာစေ” ကြောင်း တမန်တော်ကိုယ်တိုင်ပြောသည်။ (ကော. ၄:၁၁) ဧပြီလတွင် နာမည်စာရင်းသွင်းလိုသော အခြားသူများနှင့် သင့်အစီအစဉ်ကို ဆွေးနွေးပါ။ သူတို့၏ထောက်ပံ့ကူညီမှုနှင့် ပေါင်းသင်းမှုသည် အပြန်အလှန် ဝိညာဏအကျိုးများ သက်ရောက်စေနိုင်ပါသည်။ လုပ်ငန်းတော်အစီအစဉ်များ၊ သို့မဟုတ် အမှုဆောင်ရန် ရပ်ကွက်နှင့်စပ်လျဉ်း၍ သိလိုသည့်အကြောင်းများရှိမည်ဆိုလျှင် လုပ်ငန်းတော်ကြီးကြပ်မှူးသည် သင့်အား ကူညီပေးနိုင်ပါသည်။
၄ မိသားစုတွင်းရှိသူများ၏ ဝိုင်းဝန်းကူညီမှုကလည်း အိမ်တွင်းမှ အချို့သူတို့အား အရန်ရှေ့ဆောင်နိုင်ရန် အကူအညီဖြစ်သည်။ အိမ်အလုပ်များကို ယာယီပြန်ဝေခွဲပေးစရာ လိုကောင်းလိုပေမည်။ ယင်းတာဝန်များကို လုပ်ကိုင်ရန်အချိန်ဇယားကိုပင် ပြောင်းလဲရန် လိုပေမည်။ သင့်ရည်ရွယ်ချက် ဖြစ်မြောက်အောင်မြင်ဖို့ရန် ဤကိစ္စများကို မိသားစုလိုက်ထိုင်ဆွေးနွေးခြင်းသည် များစွာအကူအညီဖြစ်ပါမည်။ ဆက်သွယ်မှုကောင်းခြင်းနှင့် ဝိုင်းဝန်းကူညီမှုသည် အောင်မြင်ခြင်း၏ သော့ချက်ပင်တည်း။
၅ အပြုသဘောပါ အမြင်မျိုးရှိပါ– အခွင့်မသာသည့်အတွက် အရန်ရှေ့ဆောင်ရန်အစီအစဉ်ကို အဆောတလျင် မဖျက်သိမ်းလိုက်ပါနှင့်။ ကျောင်းနေသူ လူငယ်များ၊ အငြိမ်းစားယူသူများ၊ သားသမီးရှိ အိမ်ရှင်မများ၊ အချိန်ပြည့် အလုပ်လုပ်ကိုင်ကြသော အိမ်ထောင်ဦးစီးများစွာတို့သည် စွန့်စွန့်စားစား—ဝမ်းသာအားရစွာ—ပြုလုပ်စီစဉ်၍ ဧပြီလတွင် အရန်ရှေ့ဆောင်နိုင်ခဲ့ကြပြီ။ “ထောမနာပြုခြင်းအကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန်လျောက်ပတ်ပေ၏” ဟုဆာလံဆရာနည်းတူ သဘောထားကြပြီး ဓမ္မအမှုတွင် နာရီ ၆၀ ပါဝင်နိုင်ရန် ပို၍ကြိုးစားအားထုတ်ခြင်းသည် ပင်ပန်းသည်ဟု သူတို့မယူဆကြပါ။ (ဆာ. ၃၃:၁) အသင်သည် နာမည်စာရင်း မသွင်းနိုင်ပါက အသင်းတော်ကြေညာသူတစ်ဦးအနေနှင့်ပင် သင့်လုပ်ငန်းတော်ကို တိုး၍ဆောင်ရွက်ခြင်းဖြင့် ရွှင်လန်းဝမ်းမြောက်ခြင်းကို ခံစားကြည့်ပါလေ။
၆ များစွာသောသူတို့အတွက် ဧပြီလတွင် အရန်ရှေ့ဆောင်ခြင်းသည် မှန်မှန်ရှေ့ဆောင်ခြင်းသို့ တက်လှမ်းရန် ခုတုံးဖြစ်ခဲ့ပြီ။ သူတို့လုပ်ငန်းကို တိုးများလာစေခဲ့ခြင်းဖြင့် အလွယ်တကူနှင့် မှန်မှန်ရှေ့ဆောင်နိုင်ကြောင်း သူတို့ တွေ့ရှိကြပြီ။
၇ မှန်ပါသည်၊ ရာသီဥတုအရလည်း ဧပြီလတွင် သီအိုကရက်တစ်လုပ်ငန်း၌ တိုး၍ပါဝင်နိုင်ခွင့်ရှိစေသည်။ နေ့တာရှည်လာသည့်အတွက် နံနက်စောစောနှင့် ညနေစောစောပိုင်းတွင် သက်သေခံပိုထွက်နိုင်ခွင့်ရစေမည်။ ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါအား ကျွန်ုပ်အတတ်နိုင်ဆုံး ချီးမွမ်းထောမနာပြုလိုကြပါသည်။ ဧပြီလတွင် အရန်ရှေ့ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့အပေါ် ကိုယ်တော်ပြတော်မူသော မခံစားထိုက်သည့်ကရုဏာတော်များကို ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြနိုင်သည့် နည်းလမ်းကောင်းပင်ဖြစ်သည်။